မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းလူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၅/၂၀၁၉)

၁။        ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ သေဒဏ်ချမှတ်ခံခဲ့ရသောမြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် နောက်ဆုံးအယူခံရှုံးနိမ့်ခဲ့ကြောင်းသိရှိရပါသည်။

၂။       အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က၎င်းတို့ ၂ ဦး၏ အသက်ရှင်သန်ပိုင်ခွင့် ခံစားရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် လူ့အခွင့်အရေးရှုထောင့်မှ ကူညီဆောင်ရွက်ပေးပါရန် ညှိနှိုင်းမေတ္တာရပ်ခံခဲ့သည့် စာကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

သို့

ဥက္ကဋ္ဌ

ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

ဥက္ကဋ္ဌကြီးခင်ဗျား၊

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ သေဒဏ်ချမှတ်ခံခဲ့ရသောမြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် နောက်ဆုံးအယူခံရှုံးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သား ၂ ဦးကို မျှတစွာတရားစီရင်ခွင့် ရရှိရေး၊ ညှဉ်းပန်း နှိပ်စက်မှုမပြုရေး၊ တရားစီရင်ရာတွင် ကြန့်ကြာမှုမရှိစေရေး၊ မိသားစုနှင့် တွေ့ဆုံခွင့်ပြုရေး၊ ဥပဒေ၏ ကာကွယ် စောင့်ရှောက်မှုကိုခွဲခြားဆက်ဆံမှုမရှိစေဘဲခံစားခွင့် ရရှိရေး၊ ၎င်းတို့၏ အသက်ရှင်သန် ပိုင်ခွင့် ရရှိခံစားနိုင်ရေးတို့အတွက် ကူညီဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် က ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ် မေတ္တာရပ်ခံခဲ့ရာ ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကအတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်‌ပေးခဲ့သည့်အတွက် မိမိတို့ ကော်မရှင်အနေဖြင့် များစွာကျေးဇူးတင်မိပါသည်။

ယခုအခါ အဆိုပါ ရွှေ့ပြောင်းလုပ်သား ၂ ဦး၏ နောက်ဆုံးအယူခံရှုံးနိမ့်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ ၂ ဦး၏ အသက်ရှင်သန်ပိုင်ခွင့် ခံစားရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးရှုထောင့်မှ ကူညီဆောင်ရွက်ပေးပါရန် ညှိနှိုင်းမေတ္တာရပ်ခံအပ် ပါသည်။

 

(ဝင်းမြ)

ဥက္ကဋ္ဌ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ   ၉  ရက်