မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်း အလုပ်သမားများကိစ္စနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ မေတ္တာရပ်ခံစာပေးပို့ခြင်း

ထိုင်းနိုင်ငံ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၀ ရက်​နေ့ကထုတ်ပြန်ခဲ့သည့် အလုပ်ရှင်၊ အလုပ်သမားဥပဒေသစ်ကို အ​ကောင်အထည်​ဖေါ်ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများထိခိုက်နစ်နာမှုများဖြစ်ပေါ် လျက်ရှိသဖြင့် ၎င်းတို့၏ လူ့အခွင့်အရေး အကာအကွယ်ပေးရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ လိုအပ်သကဲ့သို့ ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာတစ်စောင်ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ကပေးပို့ခဲ့သည်။

အဆိုပါစာတွင် ထိုင်းနိုင်ငံ၌ အလုပ်ရှင်၊ အလုပ်သမားဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီးယင်းဥပဒေအကောင် အထည်ဖေါ်ရာတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များကမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟုကြားသိရကြောင်း၊ ထိုင်းနိုင်ငံ၏ အသစ်ပြဋ္ဌာန်းသောဥပဒေနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ မှတ်ချက် မပြုလိုသော်လည်းဥပဒေသစ်ကိုအကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့မိသားစုများ၏ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးအတွက် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က လိုအပ်သကဲ့သို့ ကူညီဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံပါကြောင်းစသည်ဖြင့် ဖေါ်ပြပါရှိသည်။