မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၇/ ကာကွယ်/ ၂၀၁၉)

၁။      ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဆူးတွင်း ကျေးရွာအုပ်စု၊ မြစ်ကလေး ကျေးရွာနေ ဦးကျော်အေးအား၊ ဝါးခယ်မမြို့ရဲခန်း အချုပ်တွင် ချုပ်နှောင်ထားရှိစဉ် သေဆုံးရမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည်နှင့် ခေတ္တညွှန်ကြားရေးမှုးချုပ် ဦးဘုန်းကြွယ် (ကော်မရှင်အတွင်းရေးမှူး) တို့ ဦးဆောင် သည့် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၁-၄-၂၀၁၉ မှ ၁၃-၄-၂၀၁၉ ရက်နေ့အထိ အခင်း ဖြစ်ပွားရာ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်သို့ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အမှုနှင့် စပ်လျဉ်းသူများနှင့် တာဝန်ရှိသူ ၁၆ ဦးကို တွေ့ဆုံမေးမြန်းရှိခဲ့ပါသည်။

၂။      တွေ့ဆုံစစ်မေးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အောက်ဖော်ပြပါအချက်များ ပါဝင်သော အကြံပြုချက်များကို သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

(က) သေဆုံးသူနှင့် ပတ်သက်၍ ပြည်သူများနှင့်ထိတွေ့ ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့သည် ရဲအချုပ်ခန်းတွင် တရားခံသေဆုံးရခြင်း၊ ပြည်သူများနှင့် မိသားစုဝင်များ အထင် အမြင် လွဲမှားယုံကြည်မှုကို မပျက်ပြားစေရန် ကြိုတင်ကာကွယ်တားဆီးမှု လုံလောက် စွာ မပြုလုပ်နိုင်ခြင်းတို့ကြောင့် တာဝန်ရှိသဖြင့် အရေးယူဆောင်ရွက်သင့်ပါသည်။

(ခ) ဖြစ်စဉ်နှင့်ပတ်သက်ရျ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရေးယူဆောင်ရွက်ထားရှိမှုကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ ရှင်းလင်း အသိပေးပြောကြားခြင်း ဆောင်ရွက် သင့်ပါသည်။

(ဂ)     လူ့အခွင့်အရေးအရ သေဆုံးသူ မိသားစုဝင်များကို သေဆုံးရခြင်းအကြောင်းအရင်း မှန်အား နားလည် သဘောပေါက်အောင် ရှင်းလင်းပြောကြားခြင်း၊ ကိုယ်ချင်းစာနာ သောစိတ်ဖြင့် လိုအပ်သည့် လူမှုရေး အကူအညီများ ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူနှင့် ထိတွေ့ဆက်ဆံရာဋ္ဌ် မလိုလားအပ်သည့် ဖြစ်စဉ်များကို ကြိုတင်ကာကွယ် ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

(ဃ)    ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူမှ နားလည်သဘော ပေါက်မှု ရရှိစေရေးအတွက် ရဲနှင့် ပြည်သူဆက်ဆံရေးသင်ခန်းစာတစ်ရပ် ဖော်ထုတ် ပြီး နောင်တွင် အလားတူ ကိစ္စရပ်မျိုး မပေါ်ပေါက်စေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ရဲစခန်းများသို့ရှင်းလင်းချပြ ဆွေးနွေး ဆောင်ရွက်သင့် ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်