ကချင်ပြည်နယ်၊ ဖားကန့်တွင် မြေစာပုံပြိုကျမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

၁။      ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်မျက်ရတနာနယ်မြေအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် မြေစာပုံပြို ကျမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ လူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အတွက်  လူ့အခွင့်အရေးကော်မရှင် အနေဖြင့် လွန်စွာမှပင် ဝမ်းနည်းရသကဲ့သို့ ဖြစ်စဉ်အပေါ် အံ့သြတုန်လှုပ်ရပါသည်။ လူ့အသက် ဆုံးရှုံးရခြင်းသည် အသက်ရှင်သန်ခွင့်ဟူသည့် လူ့အခွင့်အရေးဆုံးရှုံး ရခြင်း ဖြစ်ပါသည်။

၂။       ကြားသိရသည့် သတင်းများအရ အဆိုပါ ဝမ်းနည်းဖွယ်အဖြစ်အပျက်တွင် လူပေါင်း ၁၆၀ ကျော် အသက်ဆုံးရှုံးခဲ့သည်ဟုသိရှိရပါသည်။ ယင်းကဲ့သို့ လူ့အသက် ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် မြေစာပုံပြိုကျမှုဖြစ်စဉ်များသည် ယခုမှ စတင်ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ ယခင်ကလည်း ပြိုကျမှုဖြစ်စဉ်များရှိခဲ့ပြီး အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့ပါသည်။  ယခု ဖြစ်စဉ်သည် အဆိုးရွားဆုံးဖြစ်သည်ဟုဆိုရပေမည်။

၃။      ကျောက်မျက် ရတနာနယ်မြေအတွင်း မြေစာပုံများကို အမှီပြု၍ ဝမ်းစာရှာဖွေ လုပ်ကိုင်နေကြသူများအနေဖြင့် ယင်းတို့၏ ဘဝရှင်သန်ရေးအတွက် အသက်ကို အရင်း ပြုကာ အန္တရာယ်များကြားမှ လှုပ်ရှားရုန်းကန်နေကြရသည်ကို ယခုဖြစ်စဉ်အရ ကောင်းစွာ သိရှိနားလည်နိုင်ပါသည်။ အဆိုပါနယ်မြေတွင် ကျောက်မျက် တူးဖော်ရေး လုပ်ပိုင်ခွင့် ရရှိထားသူ ကုမ္ပဏီများအနေဖြင့်  ဆယ်စုနှစ်ချီ၍ လုပ်ပိုင်ခွင့်များ ရရှိကာ တူးဖော်လုပ်ကိုင် နေကြပြီး ဝင်ငွေဒေါ်လာသန်းပေါင်းများစွာ ရရှိနေကြသော်လည်း လူ့အခွင့်အရေးကို အလေးထားပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် ကြိုတင်ပြင်ဆင် ထားမှုများ အားနည်းသည်ကို တွေ့ရှိရပါသည်။

၄။      ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UN Guiding Principles on Business and Human Rights, UNGPs) တွင် စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရာ၌ လူ့အခွင့်အရေးကို အလေးထားရန် အစိုးရနှင့် စီးပွားရေး လုပ်ကိုင်သူများတွင် တာဝန်ရှိသည်ဟု တိုက်တွန်းထားပါသည်။

၅။      သို့ပါ၍ စီးပွားရေးလုပ်ငန်းများအနေဖြင့် အထိမ်းအကွပ် လျော့ရဲစွာ လုပ်ကိုင် ဆောင်ရွက်နေခြင်းများကို ထိန်းသိမ်းရန်၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သော ပြင်ဆင် လုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်ရန်၊ ယခုဖြစ်စဉ်တွင် အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်နစ်နာသူများကိုလည်း သင့်လျော် သော ပြန်လည်ကုစားပေးမှုကို စာနာထောက်ထား စဉ်းစားပေးရန် အချိန်သင့်ပြီဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရှုမြင်ပါသည်။

၆။      မြေစာပုံပြိုကျမှုတွင် အသက်ဆုံးရှုံးသွားကြသူများအတွက် ပူဆွေးသောက ရောက်နေကြသော မိသားစုများနည်းတူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် များစွာ ကြေကွဲဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ   ၃  ရက်