မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိအကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများ၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အားကြည့်ရှုစစ်ဆေးတွေ့ရှိချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ သတင်းထုတ်ပြန်ချက် ( ၆ /၂၀၁၇)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌပါဝင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ၂၄-၃-၂၀၁၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်၊ ရဲစခန်း အချုပ် ခန်းများ၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      မြစ်ကြီးနားအကျဉ်းထောင်အားအောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အကျဉ်းသားဦးရေများပြားကြပ်တည်းနေဆဲဖြစ်သဖြင့် ထောင်ပြောင်းရွှေ့ခြင်း၊ အိပ် ဆောင်များတိုးချဲ့ဆောက်လုပ်ခြင်း၊ မူးယစ်ဆေးဝါး ဥပဒေ ကျူးလွန်သူများအနက် ပမာဏအနည်းငယ်မျှသာ တွေ့ရှိရသူများအား အသိပညာပေးပြီး လျှော့ရက်များ ပေးကာ ထောင်အင်အားလျော့စေခြင်း စသည်ဖြင့်စီမံဆောင်ရွက်ရန်၊

(ခ)     မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အသက် ၇၀ ကျော် သက်ကြီး အကျဉ်း သား/သူ ၂၂ ဦးအား အထက်အဆင့်ဆင့်သို့ တင်ပြ၍ ပြန်လည်လွှတ်နိုင်မည့်     နည်း လမ်းရှာဖွေ ဆောင်ရွက်ရန်၊

(ဂ)     အကျဉ်းသားများအား ပညာရေးစာသင်ခန်းများဖွင့်လှစ်ပို့ချနိုင်ရေးအတွက် အကျဉ်း ထောင်အတွင်း အဆောက်အဦးနေရာ တစ်ခု စီစဉ်ရန်၊

(ဃ)    စားဖိုကြီးတွင် အစားအသောက်နှင့် အိုးခွက်ပန်းကန်ထားရှိရာနေရာများတွင် ယင် ကောင်များ တွေ့ရှိရသဖြင့် ယင်လုံဇကာများ တပ်ဆင်ရန်၊

(င)     မိခင် အကျဉ်းသူများနှင့်အတူရှိသော ကလေးငယ်များအတွက် ဖြည့်စွက်နို့မှုန့်များ ထုတ်ပေးရန်

(စ)     အဆောင်တိုင်းတွင် မီးသတ်ဆေးဘူးများ ထားရှိရန်၊

(ဆ)    အကျဉ်းသူများနှင့်အတူရှိနေသော ကလေးငယ်များမှာ လူကြီးများထံမှ ရောဂါကူးစက်နိုင်သဖြင့် ပြင်ပမှ ကလေးအထူးကုများအား လစဉ်ပင့်ဖိတ်၍ စစ်ဆေး ကုသနိုင်ရေး ဆောင်ရွက်ရန်၊

(ဇ)     မူးယစ်ဆေးဝါးအမှုဆိုင်ရာ အကျဉ်းသားများအတွက် ပညာပေးသင်တန်းများ ပို့ချ ပြီး ပြန်လည် ဆန်းစစ်ခြင်းဖြင့် လျော့ရက်ပေးသည့်စနစ်ကို စမ်းသပ်ကျင့်သုံးရန်၊

၃။      မြစ်ကြီးနားမြို့နယ်မြေရဲစခန်း အချုပ်ခန်းရှိအိမ်သာများသန့်ရှင်းရေးဆောင်ရွက်ရန်၊ ဆေးရုံ အချုပ်ခန်းအချုပ်သားလူနာအခန်းမှာ အနံ့အသက်မကောင်းသဖြင့် သန့်ရှင်းရေး ဆောင်ရွက် ပေးရန်၊ အချုပ်သူလူနာများအား အညောင်းပြေ လမ်းလျှောက်နိုင်ရန်  အချုပ်သားများနှင့် သီးခြား ခွဲ၍ ဆောင်ရွက်ပေးရန်၊ လေဖြတ်နေသော အချုပ်သားလူနာအား မိသားစုမှလူနာစောင့်နိုင်ရေး ဆောင်ရွက်ပေးရန် စသည့်အချက်များအား အကြံပြုခဲ့ပါသည်။

                                                               မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ ဧပြီလ ၅ ရက်