ဇူလိုင်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်မည့်အပေါ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်(၅ /၂၀၂၀)

၁။      မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် ပထမဆုံးလူနာကို စတင်တွေ့ရှိခဲ့ချိန်မှ စ၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် ကိုရိုနာဗိုင်းရပ် ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုအပေါ် ပြည်သူလူထု၏ ယုံကြည်မှုအပြည့်အဝရှိခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့် လက်တွေ့ကျသည့် အမိန့်နှင့် ညွှန်ကြားချက်များကြောင့် ပြည်သူလူထုအနေဖြင့် အဆိုပါ အမိန့်၊ ညွှန်ကြားချက်များကို တိတိကျကျ လေးစားလိုက်နာမှု ရှိခဲ့ပါသည်။ သို့ဖြစ်၍ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် အကန့်အသတ်များစွာ ရှိသော်လည်း ကူးစက်မြန် ကပ်ရောဂါပျံ့နှံ့မှု ကို ထိန်းချုပ်ရာတွင် ယခုအချိန်အထိ ကျေနပ်အားရဖွယ်ရာ အောင်မြင်ဖြစ်ထွန်းမှုများစွာကို  ရရှိစေခဲ့ပါသည်။ ဤသို့သော အောင်မြင်ဖြစ်ထွန်းမှုများက ပြည်သူလူထု ပြည့်ပြည့်ဝဝ ပူးပေါင်းပါဝင်ခြင်းအားဖြင့် အားကောင်းခိုင်မာလာသော ထူးခြားပြောင်မြောက်လှသည့် ခေါင်းဆောင်မှုဆိုင်ရာ အောင်မြင်မှု ဖြစ်စဉ်တစ်ရပ်ကို ဖေါ်ပြနေပေသည်။

၂။       ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၆ တွင် “လူတိုင်းတွင် ပညာသင်ယူ ခွင့်ရှိသည်” ဟု ဖော်ပြထားပါသည်။ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးငယ် ၁.၅ ဘီလီယံကျော်၏ ပညာသင်ယူခွင့် ဆုံးရှုံးလျက်ရှိကြောင်း  လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း ကျောင်းများ ကာလတာရှည်ပိတ်ထားသည့်အပေါ် ကော်မရှင်အနေဖြင့် များစွာ စိုးရိမ်ပူပန်မိ ပါသည်။ မျှော်မှန်းထားသည်ထက် ပိုမိုကြာရှည်စွာ ကျောင်းများကို ပိတ်ထားမည်ဆိုပါက ပညာသင်ယူခွင့် အခွင့်အရေးကိုသာမက ကလေးငယ်များ၏ စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကိုပါ ထိခိုက်လာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ကလေးငယ်များကို နေအိမ် တွင်း၌ ကာလတာရှည်စွာ ကန့်သတ်ထားရှိခြင်းဖြင့် ကလေးငယ်များအပေါ် အကြမ်းဖက် မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကဲ့သို့သော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပါသည်။

၃။      အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောက်ထပ်သီတင်းနှစ်ပတ်အကြာတွင် အခြေခံပညာ အလယ်တန်း နှင့် မူလတန်းကျောင်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မေလ ၂၇ ရက်နေ့က ကြားသိရသည့်အတွက် ကော်မရှင်အနေဖြင့် ကျေနပ်အားရမိပါသည်။ အဆိုပါ အစီအမံ များကို တိုင်းပြည်၏ ရောဂါ တိုက်ဖျက်ရေး၌ အဆိုးဆုံးကြုံတွေ့နေရသည့် အခြေအနေတွင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းအစီအမံများအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းကို အထူးသဖြင့် ကျောင်းသား မိဘများက ကျိုးကြောင်း တကျ ထုတ်ဖေါ်ပြောဆိုမှုများရှိနေပြီး ဆရာ၊ ဆရာမများကပင် စိုးရိမ်ပူပန်မှုများ ရှိကြောင်း ပြောဆိုခဲ့ကြပါသည်။ ယင်းသို့သော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများမှာ မျိုးစုံ ဖြစ်နေပါသည်။ အကြောင်းရင်းတစ်ရပ်မှာ အရွယ်ရောက်ပြီးသူများနှင့် နှိုင်းစာပါက ကလေးများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စာသင်ကျောင်းများတွင် တစ်ချိန်လုံး ပြုမူ နေထိုင်ရန်ဆိုသည်မှာ ကလေးများ၏သဘာဝအရ မျှော်လင့်၍ ရနိုင်မည် မဟုတ်ပေ။ အခြား အကြောင်းရင်း တစ်ရပ်မှာ စာသင်ခန်း အကျယ်အဝန်းများသည် နေရာ အကန့်အသတ်နှင့် သာ ရှိနေသည်ဖြစ်ရာ ကလေးငယ်များအကြား ခပ်ခွာခွာနေထိုင်ရေးအတွက် စီစဉ်ရာတွင် နောက်ထပ် အခက်အခဲတစ်ရပ်ရှိနေခြင်းဖြစ်သည်။ ထို့ပြင် စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူ အရေအတွက် များပြား လှသောကြောင့်  ရောဂါကူးစက်မှုတစ်ခု ဖြစ်ပွားချိန်တွင် ရောဂါပျံ့နှံ့မှုကို တားဆီးရန်အတွက် ကိုင်တွယ်ရခက်ခဲစေမည့် အချက်ဖြစ် သည်။ ပို၍ နိုင်နိုင်နင်းနင်းရှိသော ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အခက်အခဲများရှိကြောင်း ကြားသိနေရခြင်းမှာလည်း အရေးပါသည့်အကြောင်းရင်း တစ်ချက် ဖြစ်သည်။ ၎င်းအပြင် ကျောင်းနေကလေးငယ်များတွင် တစ်ဦးနှင့်တစ်ဦး တုပ်ကွေးရောဂါ ကူးစက်မှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည်။

၄။      ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်းမှသာ ကျောင်းများကို ပြန်လည် ဖွင့်လှစ်ရန် မိဘများက ဆန္ဒရှိ ကြပါသည်။ သို့ရာတွင် အဆိုပါအခြေအနေသို့ ရောက်ရှိရေးမှာ မျှော်မှန်းရခက်ခဲ နေဦးမည်ဖြစ်ပြီး မည်သို့မျှ ကြိုတင်မှန်းဆ၍ မရနိုင်သည့် အခြေအနေ တစ်ခုသို့ရောက်မှ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ကို ဆုပ်ကိုင်ထားခြင်းက ကျောင်းသားကျောင်းသူများကို ရေရှည် အကျိုးဖြစ်စေမည် မဟုတ်ပေ။ သို့ဖြစ်၍ စည်းမျဉ်း စည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အစီအစဉ်များကိုစေ့စပ်သေချာစွာအသေးစိတ် စဉ်းစား သုံးသပ်ကာ  ချမှတ်ဖော်ဆောင်ပြီးနောက် စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်ရန်သာ ဆောင်ရွက်ရတော့မည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် ရှေ့ဆက် ဆောင်ရွက်ရန် စီစဉ်ထား သည်များကို အသိပေးခြင်းဖြင့် မိဘများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ၏ စိုးရိမ်ပူပန်မှုများကို လျော့နည်းစေနိုင်မည် ဖြစ်ပါသည်။ ကျောင်း ကြို/ပို့ယာဉ် ကိုယ်ပိုင် မရှိသော ကလေးငယ်များ၊ မသန်စွမ်း ကလေးငယ်များ၊ တိုင်းရင်းသား လူမျိုးစု နယ်မြေများ နှင့် သွားရေးလာရေး ခက်ခဲသောဒေသများရှိ နုနယ်သော ကျောင်းသား ကလေးငယ်များ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်အတွက် ယင်းကဲ့သို့စီစဉ် ဆောင်ရွက်မှုများက ကျယ်ကျယ် ပြန့်ပြန့်နှင့် လုံလောက်မှုရှိလိမ့်မည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါ သည်။

၅။      နှာခေါင်းစည်း မျက်နှာဖုံးတပ်ခြင်း၊ သတ်မှတ်အကွာအဝေးတွင် ထိုင်စေခြင်း၊ လက်ဆေးခြင်းနှင့် ကိုယ်ပူချိန်တိုင်းတာခြင်းတို့ကို ဆရာ၊ ဆရာမများနှင့် ကျောင်းတာဝန်ရှိ သူများက သေချာစွာ ဆောင်ရွက်လိမ့်မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်စိတ်ချ သော် လည်း ရောဂါကူးစက်ခံရမှုကို အစောဆုံးသိရှိရေးမှာလည်း အရေးကြီးသည်ဟု မှတ်ယူပါ သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေ ဖြင့် အောက်ပါအတိုင်း အကြံပြုတိုက်တွန်းအပ်ပါသည်-

“ပြန်လည်ဖွင့်လှစ်မည့် ကျောင်းတိုင်းတွင် သင့်တော်သည့် ရာထူးအဆင့်ရှိသည့် ကျန်း မာရေးဝန်ထမ်းများကို လက်တွေ့ လိုအပ်သည့်အရေအတွက်အထိ တရားဝင် တာဝန်ပေး ခန့်အပ်ရေးကို ချမှတ်ရန် ရည်ရွယ်ထားသည့် စည်းမျဉ်းစည်းကမ်းများတွင် ထည့်သွင်း ပြဋ္ဌာန်း ပေးရန်။ အဆိုပါဝန်ထမ်းများအတွက် အောက်ဖော်ပြပါ အဓိက တာဝန်ဝတ္တရားများ ထည့်သွင်း ပြဋ္ဌာန်းပေးရန်-

(က)   စာသင်ခန်းများအတွင်းရှိ ကျောင်းသားကျောင်းသူများ၏ အခြေအနေကို ကျောင်း တာဝန်ရှိသူများနှင့်အတူ စောင့်ကြည့်လေ့လာရန်၊

(ခ)     ကျောင်းသားကျောင်းသူများတွင် COVID-19 ရောဂါလက္ခဏာများ စစ်ဆေး တွေ့ရှိပါက အဆိုပါ သံသယ လူနာကလေးကို အခြားကလေးများနှင့် သီးခြား ခွဲထားကာ မိဘများထံအကြောင်းကြားရန် ချက်ချင်းဆောင်ရွက်ပြီး ယင်း ကလေးငယ်ကို အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြည့်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင် ရွက်ရန်၊

(ဂ)    ရောဂါကူးစက်ခံရသည့် ကလေးငယ်၊ သက်ဆိုင်သည့် မိသားစုနှင့် အခြား ကလေးငယ်များအတွက် နှစ်သိမ့်ဆွေးနွေးပညာပေးမှုများပြုလုပ်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရန်၊

(ဃ)   အခြားလိုအပ်ချက်များကို ထပ်မံ ဆောင်ရွက်နိုင်ရေးအတွက် စာသင်ခန်း အတွင်းရှိ အခြားကလေးများနှင့် သံသယရှိသည့် ကလေးငယ်တို့ကြား ထိတွေ့ မှုကို ခြေရာခံ နိုင်ရေး ဆောင်ရွက်ရန်၊

(င)     ရောဂါထပ်ဆင့်ပြန့်ပွားမှု မရှိစေရေးအတွက် ကျောင်းတာဝန်ရှိသူများ၏ အကူ အညီကိုရယူလျက် သံသယလူနာကလေးငယ်၏ မိသားစုနှင့် ညှိနှိုင်း ဆောင်ရွက်ရန်။”

၆။      လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်နှင့်အားမမျှသည့် လူ့စွမ်းအားအရင်းအမြစ် အခြေအနေကို ကော်မရှင်အနေဖြင့် သတိပြုမိသော်လည်း   COVID-19 လက္ခဏာများကို ဆောလျင်စွာ စစ်ဆေးသိရှိပြီး လိုအပ်သည်များကို လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် သင့်တော်သည့် ရာထူးအဆင့်ရှိသော ကျန်းမာရေးဝန်ထမ်းများကို ကျောင်းများတွင် တရားဝင်ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ကျောင်းပြန်ဖွင့်ချိန်တွင် ကျင့်သုံး ဆောင်ရွက်မည့် စည်းမျဉ်းများထဲ၌ ထည့်သွင်းချမှတ်သွားမည်ဟု ကော်မရှင်အနေ ဖြင့် မျှော်လင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ    ၂၉     ရက်