မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရန်ကုန်တိုင်းဒေသကြီးရှိအကျဉ်းထောင်၊ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းတို့အားကြည့်ရှုစစ်ဆေးတွေ့ရှိချက်နှင့် စပ်လျဉ်း၍ကော်မရှင်၏ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၅/၂၀၁၇)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန် ဗဟိုအကျဉ်းထောင်၊ အင်းစိန်မြို့မရဲစခန်းအချုပ်ခန်းနှင့်အင်းစိန်မြို့နယ် တရားရုံးအချုပ်ခန်းတို့ အား၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      စစ်ဆေးတွေ့ရှိချက်အရ အင်းစိန်မြို့မရဲစခန်းအချုပ်ခန်း၌ မအချုပ်ခန်းအိမ်သာအား သန့်ရှင်းရေးဆောင်ရွက်ရန်၊ အင်းစိန်မြို့နယ်တရားရုံးအချုပ်ခန်းများ၌ ကွပ်ပျစ်များခင်းသင့်ပြီး မအချုပ်ခန်းအား အလင်းရောင် ကောင်းမွန်စွာရရှိရေးဆောင်ရွက်ရန်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ လူဦးရေကြပ်တည်းမှုအား ဖြေလျော့ နိုင်ရေးအကျဉ်းထောင် အတွင်းမြေနေရာလွတ်များတွင်  အိပ်ဆောင်များ ထပ်မံတိုးချဲ့ ဆောက်လုပ်ရန်၊ ရုံးထုတ်ရာတွင် နောက်မှုအကျဉ်းသားများအား ခြေကျင်းခတ် ခြင်းအစား အခြားနည်းဖြင့်လုံခြုံရေး ဆောင်ရွက်ရန်၊ မဖြစ်မနေသံခြေကျင်းခတ်ရမည်ဆိုပါကလည်း ယခုကဲ့သို့ သံကွင်းကိုတူဖြင့် ထုနှက်တပ်ဆင်ခြင်းအစား အခြားနည်း လမ်းဖြင့် ဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံအရဝန်ထမ်းလိုအပ်ချက်အား ဖြည့်ဆည်းပေးရန်၊ မန္တလေးအကျဉ်းထောင်မှ ပြောင်း ရွှေ့ရောက်ရှိလာသော အကျဉ်းသားတစ်ဦးက ၎င်း၏ မိခင်ဖြစ်သူသည် မန္တလေးအကျဉ်းထောင်၌ အကျဉ်းကျခံနေရသဖြင့် ၎င်း၏ မိခင်ရှိရာ မန္တလေး ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးပါ ရန်တင်ပြချက် အပေါ် ထည့်သွင်းစဉ်းစား၍ လိုအပ်သလိုဆောင်ရွက်ပေးရန်၊ ဘူလ်ဂေးရီးယား နိုင်ငံသားအကျဉ်းသား၏ တင်ပြချက်အရ မိခင်နိုင်ငံသို့ လွှဲပြောင်း အကျဉ်းကျခံနိုင်ရေး လိုအပ် သလိုဆောင်ရွက်ပေးရန် စသည့်အချက်များအား အကြံပြုခဲ့ပါသည်။

                                                               မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ ဧပြီလ ၅ ရက်