မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၅/၂၀၁၈)

၁။      မြန်မာနိုင်ငံသူ နိုင်ငံသားများ နှစ်သစ်တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။

၂။      ကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးစသည့် ပင်မတာဝန်ကြီးနှစ်ရပ်ကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန်အတွက် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဌာန၊ ဥပဒေရေးရာ ဌာနနှင့် နိုင်ငံတကာဆက်ဆံရေးဌာနဟူ၍ လုပ်ငန်းတာဝန်များ သတ်မှတ်ဆောင်ရွက်လျက် ရှိပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကော်မရှင်သည် ကမ္ဘာပေါ်ရှိ အခြားသောအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများကျင့်သုံးကြသကဲ့သို့ပင်၊ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသည့် ဆုံးဖြတ်ချက် ချမှတ်အရေးယူခြင်းကို ဆောင်ရွက်ပိုင်ခွင့်မရှိသော်လည်း လွတ်လပ်သော နိုင်ငံတော် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည့်အားလျော်စွာ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်တို့သို့ အစီရင်ခံစာ တင်သွင်းခြင်းနှင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ နှင့် ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများသို့ ပေးပို့ ခြင်းစသည်တို့ကို ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

၃။      ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင်များအားတွေ့ဆုံစဉ်  တရားဥပဒေမဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုများကို နိုင်ငံသူ နိုင်ငံသားများနှင့် နောင်မျိုးဆက်များ မခံစားရစေရေးအတွက် လူ့အခွင့်အရေးကော်မရှင် အနေဖြင့် ပိုမိုအရှိန်မြှင့်တင်၍ တည်ဆဲဥပဒေများနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်စေလိုပါကြောင်းဖြင့် လမ်းညွှန်ခဲ့ပါ သည်။

၄။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်နှင့်အညီ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများကို ကာကွယ်စောင့်ရှောက်ရန် ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအနေဖြင့်လည်း ကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များအပေါ် အလေးထား ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ် ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်