မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၂၈/ကာကွယ်/၂၀၁၇)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်သည့်  ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကော်မရှင် ရုံးဝန်ထမ်း ၃ ဦးနှင့်အတူ မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးဗဟိုအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများ၊ ရဲစခန်းအချုပ်ခန်းများ၊ ဆေးရုံအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များအပေါ် လိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ အကြံပြုခဲ့ပါသည်။

၂။      မန္တလေးဗဟိုအကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအတွက် ဝတ်ပြုဆုတောင်းရန် သီးခြားအဆောင်များ ဆောက်လုပ် ပေးသင့်ပါသည်။

(ခ)     မသန်စွမ်းသူများ အသုံးပြုရန် ဘိုထိုင်အိမ်သာသီးခြားပြုလုပ်ပေးခြင်း၊ အိမ်သာများ တွင် လက်ကိုင်တန်းများတပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

(ဂ)     ဆေးခန်းလိုက် အကျဉ်းသား/အချုပ်သားများအား ဆေးခန်းမှတ်တမ်း စာအုပ်များ ထုတ်ပေးသင့်ပြီး ပြောင်းရွှေ့သည့်အချိန်တွင် အကျဉ်းသားနှင့် တပါတည်း ထည့်ပေး သင့်ပါသည်။

(ဃ)    ကျန်းမာရေး မကောင်းသည့် အကျဉ်းသား ၂ဦးအား ဆေးရုံတက် ကုသနိုင်ရေး ဆောင်ရွက် ပေးသင့်ပါသည်။

(င)     မိုးယိုနေအိပ်ဆောင် ၄ အပေါ်ထပ်အား ပြုပြင်ဆောက်လုပ်ပေးသင့်ပါသည်။

(စ)     ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလေးထား ဂရုပြု ဆောင်ရွက်ပေးသင့်ပါသည်။

၃။      ထုံးဘို (၁) ကုန်ထုတ်စခန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    စာကြည့်တိုက်တွင် ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများ ထပ်မံဖြည့်ဆည်းပေးသင့် ပါသည်။

(ခ)     လုပ်အားရှင်များ ရေလုံလောက်စွာ ချိုးခွင့်ရရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     အလုပ်ပိတ်ရက်များတွင် စခန်းအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုပေးသင့်ပါသည်။

(ဃ)    အသက်မွေးဝမ်းကြောင်း ပညာသင်ကြားနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(င)     အကျဉ်းသား အချင်းချင်း ခွဲခြားဆက်ဆံမှု မရှိစေရေး တာဝန်ခံအရာရှိမှ ကြပ်မတ် ဆောင်ရွက်သင့်ပါသည်။

၄။      ထုံးဘို (၂) ကုန်ထုတ်စခန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    စာကြည့်တိုက်တွင် ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများ ထပ်မံ ဖြည့်ဆည်းပေး သင့်ပါသည်။

(ခ)     ဧည့်တွေ့လာရောက်သူများအား ထုံးဘို (၁) ကဲ့သို့ အဆင်ပြေစွာ တွေ့ခွင့်ရရှိရေး တာဝန်ခံ အရာရှိမှ စီစဉ် ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     ရေလုံလောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေကန်များတိုးချဲ့တည်ဆောက် ပေးသင့် ပါသည်။

(ဃ)    ဘာသာရေး တရားပြဆရာများ ဝင်ရောက်တရားပြခြင်းကို အကျဉ်းသားများဆန္ဒနှင့် လုံခြုံရေးကိစ္စ ဟန်ချက်ညီစဉ်းစား၍ ဆောင်ရွက်ပေးသင့်ပါသည်။

၅။      ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ယားနာ၊ ပွေးများပေါက်နေသော အကျဉ်းသူများအား သီးခြား ရေကန်တစ်ကန်တွင် Detol ထည့်၍သော်လည်းကောင်း၊ တမာပြုတ်ရည် ထည့်၍သော်လည်းကောင်း နေ့စဉ် ရေချိုးခွင့်ပြုပါသည်။

(ခ)     စာကြည့်တိုက်တွင် စိတ်ကို ပြုပြင်ပြောင်းလဲစေမည့် စာအုပ်များ (ဥပမာ- ချစ်နိုင် (စိတ်ပညာ)၊ လယ်တွင်းသားစောချစ်၊ ဖေမြင့်တို့ ရေးသားသော စာအုပ်များ) အား ဖြည့်ဆည်းပေးသင့်ပါသည်။

(ဂ)     သက်ကြီးအကျဉ်းသူများကို သီးခြား ရေချိုးခွင့်ပြုသင့်ပါသည်။

(ဃ)    မိလ္လာများသည် အိပ်ဆောင်များအတွင်းသာ ရှိသဖြင့် စခန်းအတွင်း နေ့မိလ္လာများ ထပ်မံ ဆောက်လုပ်သင့်ပါသည်။

(င)     ဆေးခန်းတွင် ဆေးဝါးလုံလောက်စွာ ရရှိရေး အထက်သို့ တင်ပြဆောင်ရွက်သင့်ပါ သည်။

(စ)     ပုံစံအင်္ကျီ များအား လုံလောက်စွာ ထုတ်ပေးသင့်ပါသည်။

(ဆ)    နေ့စဉ် အလုပ်သွားရာတွင် ၂ လမ်းသွား လမ်းမကြီးအားဖြတ်၍ သွားစဉ် ယာဉ် အန္တရာယ်နှင့် ခရီးသွားများက လူ့ဂုဏ်သိက္ခာထိခိုက်စေသည့် အပြုအမူများ မပြုလုပ် စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သင့်ပါသည်။

(ဇ)     ထမင်း၊ ဟင်းများ ကောင်းမွန်စွာ စားသောက်နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဈ)     အသက်ကြီး အကျဉ်းသူများအား ကျောက်လုပ်ငန်း၌ တာဝန်မပေးဘဲ သက်သာသော တာဝန်ပေးခြင်း၊ မူလအကျဉ်းထောင်သို့ပြန်ပို့ခြင်းများ ဆောင်ရွက်ပေးသင့်ပါသည်။

၆။      ၂၄ မိုင်ကုန်ထုတ်စခန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အိပ်ဆောင်များတွင် မျက်နှာကျက်နှင့် ပန်ကာများ တပ်ဆင်နိုင်ရေး ဆောင်ရွက် ပေး သင့်ပါသည်။

(ခ)     နေ့စဉ်ထုတ် သတင်းစာများနှင့် ဂျာနယ်များကို အကျဉ်းသားများ ဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     မိုးယိုနေသော အိပ်ဆောင် (၂) နှင့် (၃) အား ပြုပြင်သင့်ပါသည်။

(ဃ)    အိပ်ဆောင် ၂ တွင် ကြပ်တည်းပြီး အိမ်သာ မလုံလောက်သဖြင့် တိုးချဲ့ဆောက်လုပ် သင့်ပါသည်။

(င)     ထမင်းစားဆောင်တွင် လူဦးရေ ကြပ်တည်းစွာ စားသောက်နေရသဖြင့် တိုးချဲ့ ဆောက်လုပ်သင့်ပါသည်။

(စ) နေ့လည်စာ ပဲဟင်းတွင် ကုလားပဲအစား ပဲစဉ်းငုံကျွေးကြောင်း သိရှိရသဖြင့် အကျဉ်း သားများ ဆန္ဒအရ ကုလားပဲဟင်းကျွေးမွေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဆ)    လေဖြန်းနေသည့် အကျဉ်းသားအား ဆေးရုံတင်ပို့ ကုသနိုင်ရေး ဆောင်ရွက် ပေးသင့် ပါသည်။

(ဇ)     လုပ်ငန်းခွင်တွင် သောက်ရေ သန့်ရှင်းစွာ သောက်နိုင်ရေး ဆောင်ရွက်သင့်ပါ သည်။

(ည)    ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလေးထား ဂရုပြု ဆောင်ရွက်ပေးသင့်ပါသည်။

၇။      ရဲစခန်း အချုပ်ခန်းများနှင့် ပတ်သက်၍ သန့်ရှင်းရေး ကောင်းမွန်ခြင်းနှင့် အခြား လူ့အခွင့် အရေး ချိုးဖောက်မှုများ မတွေ့ရှိရပါ။

၈။      ဆေးရုံကြီးအချုပ်ခန်းနှင့် ပတ်သက်၍ မန္တလေးဆေးရုံကြီး အချုပ်ခန်းတွင် အလင်းရောင် အားနည်းခြင်း၊ လေဝင်လေထွက်မကောင်းခြင်းနှင့် ရေချိုးရန်၊ မိလ္လာအသုံးပြုရန် ရေအလာ အလွန်နည်းခြင်းတို့အား ပြုပြင် ဆောက်လုပ် နိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အကြောင်းကြားခဲ့ပါသည်။

၉။      တရားရုံးအချုပ်ခန်းများနှင့် ပတ်သက်၍-

  • ချမ်းအေးသာစံ မြို့နယ်တရားရုံး အချုပ်ခန်းတွင်း အိမ်သာများ သန့်ရှင်းမှု မရှိခြင်း၊ ကွပ်ပျစ်များမရှိခြင်း၊ ခရိုင်တရားရုံးအချုပ်ခန်းတွင် အိမ်သာများ သန့်ရှင်းမှု မရှိခြင်း၊
  • မဟာအောင်မြေမြို့နယ် တရားရုံး အချုပ်ခန်းတွင် အိမ်သာများ တွဲလျက် မရှိဘဲ သန့်ရှင်းမှု မရှိခြင်း၊ ကွပ်ပျစ်များ မရှိခြင်း ၊
  • ချမ်းမြသာစည် မြို့နယ်တရားရုံးအချုပ်ခန်းသည် မြေနိမ့်ပိုင်းဖြစ်သဖြင့့်် အချုပ်သား များ ထိုင်သည့်နေရာထိ ရေဝပ် ခြင်း၊ ကွပ်ပျစ်မရှိခြင်း၊ သန့်ရှင်းမှု အားနည်းခြင်း၊
  • အမရပူရမြို့နယ်တရားရုံး အချုပ်ခန်း ဝင်ပေါက် သည် ၃ ပေခွဲအမြင့်သာ ရှိသဖြင့် ၅ ပေခွဲပြင်ဆင်ရန်လိုအပ်ခြင်း၊ မိုးမလုံခြင်း၊ ကျား/မအခန်းမှာ မြင်ကွင်းမှာ ကာရံထားမှု မရှိခြင်း၊ အိမ်သာမရှိခြင်း၊
  • ပြည်ကြီးတံခွန်မြို့နယ်တရားရုံး အချုပ်ခန်း ဝင်ပေါက်သည် ၃ ပေခွဲအမြင့်သာရှိ သဖြင့် ၅ ပေခွဲပြင်ဆင်ရန်လိုအပ်ခြင်း၊ ကွပ်ပျစ်မရှိခြင်း၊
  • အောင်မြေသာစံ မြို့နယ်တရားရုံးအချုပ်ခန်းတွင် အိမ်သာများ တွဲလျက် အချုပ်ခန်း ဝင်ပေါက်သည် ၃ ပေခွဲအမြင့်သာ ရှိသဖြင့် ၅ ပေခွဲ အမြင့်ပြင်ဆင်ရန် လိုအပ်ခြင်း၊ အလင်းရောင်အားနည်းခြင်း၊ လေဝင်လေထွက်အားနည်းခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များ နေရာနှင့် အချုပ်ခန်းမှာ တရားရုံးအဆောက်အဦ တွင် အုတ်နံရံအား အဖီချ၍ ယာယီ ပုံစံ တည်ဆောက် ထားသည့် အဆောက်အဦတွင် နေထိုင်ရခြင်း ၊
  • အချုပ်ခန်းအားလုံးသည် အချုပ်သား ဝင်ဆံ့နိုင်မှု အလွန် ကျဉ်းကြပ်ခြင်းတို့အား ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြုပြင်တည်ဆောက်နိုင်ရေး ပေးပို့အကြံပြု ခဲ့ပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ   ၂၂  ရက်