မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မြင်းခြံအကျဉ်းထောင်တွင် ကွင်းဆင်းစုံစမ်း စစ်ဆေးတွေ့ရှိချက်နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် ( ၁၄ / ၂၀၁၆)

၁။      မြင်းခြံအကျဉ်းထောင်တွင်းကိစ္စရပ်များအားစုံစမ်းစစ်ဆေးရန်အတွက် ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်နှင့် ဦးစိုးဘုန်းမြင့်တို့ပါဝင်သော ကွင်းဆင်းစုံစမ်းစစ်ဆေး ရေးအဖွဲ့သည်မြင်းခြံအကျဉ်းထောင်သို့ ၁၄-၁၀-၂၀၁၆ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါသည်။

စစ်ဆေးတွေ့ရှိချက်

၂။      ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့သော အကျဉ်းထောင်ဆန္ဒပြမှု ဖြစ်စဉ်သည် သာမန်အားဖြင့် အကျဉ်းသားများခိုက်ရန်ဖြစ်ပွားသည်မှစ၍ ဖြစ်ပွားသည်ဟု ဆိုသော်လည်း အောက်ပါအခြားအချက်အလက်များကြောင့် ထောင်ပိုင်အပေါ် မကျေနပ်မှုများဖြစ်ပေါ်ခြင်းမှ အခြေခံခဲ့သည်ဟု ဆက်စပ်တွေ့ရှိရ ပါသည်။

၃။      စားသောက်ရေးအခက်အခဲများ

(က)    အကျဉ်းသားများ စားသောက်ရေးအဆင်ပြေစေရန်၊ စိတ်ဓာတ်ပြုပြင်ရန်နှင့် ကျန်းမာရေး ကောင်းမွန်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခင်ကစားသုံးသီးနှံ စိုက်ပျိုးခင်းများကို ရာသီအလိုက် စိုက်ပျိုးရန် စီမံဆောင်ရွက်ပေးခြင်း၊ ခြံထွက်သီးနှံ များအားခူးဆွတ်၍ ရိက္ခာပဲဟင်းနှင့် ရောနှောချက်ပြုတ်ခြင်း၊ ၎င်းတို့ အစီအစဉ်ဖြင့် အသီးအရွက်ကြော်များ၊ အသီးအနှံဟင်းများ ချက်ပြုတ်စားသုံးခြင်းများ ဆောင်ရွက် ခွင့် ရရှိခဲ့ကြသော်လည်း လက်ရှိထောင်ပိုင်လက်ထက်တွင် အဆိုပါ သီးနှံစိုက်ခင်းများ အားလုံးဖျက်ဆီးပစ်ခြင်း၊

(ခ)     ထို့ပြင် အသီးသီးသောအရွယ်ရှိ သရက်ပင်များမှ အသီးများကိုခူးဆွတ်၍ သရက်သီး သုပ်များ ကျွေးမွေးခြင်းကိုယခင်ထောင်ပိုင်များ လက်ထက်ကပြုလုပ်ပေးခဲ့သော် လည်း လက်ရှိ ထောင်ပိုင်လက်ထက်တွင် ၎င်းသရက်ပင်များအား ခုတ်လှဲပစ်လိုက်ခြင်း၊

(ဂ)     မီးဖိုကြီးဘေးတွင် ဖိုငယ်လေးများချက်ပြုတ်ခွင့် ပေးခဲ့ခြင်းကြောင့် အကျဉ်းသား များအနေဖြင့် နှစ်သက်ရာ ဟင်းလျာများကိုချက်ပြုတ်ကြော်လှော် စားသုံးခွင့် ရရှိခဲ့ရာမှ လက်ရှိထောင်ပိုင် လက်ထက်တွင် မီးဖိုတစ်ဖိုသွင်းလျင် ငွေတစ်သောင်းခွဲ ပေးရခြင်း၊ အဆောင်မှူးကိုကော်ဖီမစ် နှစ်ထုပ်ပေးရခြင်းအပြင် မီးဖိုတွင် ထင်းဖိုး အတွက် ကော်ဖီမစ် တစ်ထုပ်ပေးရခြင်း၊

(ဃ)    ယခင်ထောင်ပိုင်လက်ထက်ကနှင့် နှိုင်းစာလျင် လက်ရှိထောင်ပိုင်လက်ထက်တွင် အသား/ငါးဟင်းများအရွယ်အစား သေးသွားခြင်း၊ အရည်အသွေးညံ့ဖျင်းသွား ခြင်း၊ ယခင်ကကြက်ဥ၊ ကြက်သား၊ ငါးအလှည့်ကျကျွေးခဲ့ရာမှ ယခုအခါ ငါးတစ်မျိုး တည်းကိုသာအများအားဖြင့် ကျွေးမွေးခြင်း၊

(င)     ARTဆေးသောက်နေရသောHIVပိုးရှိသူများ၊ TB ​ဆေးသောက်နေရသော အဆုတ်ရောဂါ ဝေဒနာသည်များသည် သောက်ရသည့် ဆေး၏ဒဏ်ကို ခံနိုင်ရည် ရှိစေရေး အတွက် လိုအပ်သည့်အာဟာရပြည့်ဝစွာ ကျွေးမွေးမှုမရှိခြင်း။

၄။      ကျန်းမာရေးအခက်အခဲများ

(က)    ယခင်ကကျန်းမာရေး မကောင်းသောအကျဉ်းသားများသည် အကျဉ်းထောင် ဆေးရုံသို့ သွားရောက်ပြသဆေးကုသမှုခံယူခွင့် ရှိခဲ့သော်လည်း လက်ရှိ ထောင်ပိုင် လက်ထက်တွင် မိန်းဂျေး (Main Jail) အနီးရှိသစ်ပင်အောက်တွင် တန်းစီဆောင့် ကြောင့်ထိုင်၍ ဆေးမှူးအလာကို စောင့်ဆိုင်းနေရသဖြင့် စိတ်ကျဉ်းကြပ်၍ အနေထိုင် ခက်ခဲခြင်း၊ ဆောင့်ကြောင့် ကြာရှည်ထိုင်ရန် ခက်ခဲခြင်း၊

(ခ)     ထိုကဲ့သို့ စောင့်ဆိုင်းသော်လည်း ဆရာဝန်လာရောက်မှုမှာမရှိသလောက် ရှားပါးသည့် အပြင် အကျဉ်းထောင်ဆေးမှူးလာရောက်သည့်အခါတွင်လည်း ယူဆောင်လာသည့် ဆေးကိုသာ ပေးပြီး၊ဆေးပါမလာသည့်ရောဂါများအတွက်ဆေးဝါးမရရှိခြင်း၊

(ဂ)     အရေးပေါ် ကျန်းမာရေးမကောင်း၍ တာဝန်ကျဝန်ထမ်းထံသတင်းပို့ရာတွင် ၎င်းဝန်ထမ်းမှ ထောင်ပိုင်ထံသို့ လမ်းလျှောက်စကားပြောစက်ဖြင့် သတင်းပို့ သော်လည်း သွားခွင့်မရခြင်း၊

(ဃ)    ထိုကဲ့သို့ ဆေးဝါးကုသမှုဆိုင်ရာ အတားအဆီးအခက်အခဲများကြောင့် လက်ရှိ ထောင်ပိုင် လက်ထက်တွင် မလိုအပ်ဘဲသေဆုံးမှုများရှိနေခြင်း၊

(င)     ထောင်ဝင်စာလာတွေ့သည့် မိသားစုများမှပေးခဲ့သော တစ်ကိုယ်ရေသုံးဆေးဝါးများကို ကိုင်ဆောင်သုံးစွဲခွင့် မပြုဘဲစစ်ဆေးရန်ဟုပြော၍ သိမ်းဆည်းထားပြီးသုံးစွဲခွင့် မရခြင်း၊ ဆေးဝယ်ယူရန် မှာကြားပါက မတန်တဆဈေးဖြင့် ဝယ်ယူသုံးစွဲရခြင်း။

၅။      ငွေကြေးကောက်ခံမှုများပြားခြင်း

(က)    အကျဉ်းထောင် ပြင်ပရှိမြင်းခြံဓာတ်တော်တိုက်ပြုပြင်ရန်၊ ဝါဆိုသင်္ကန်းကပ်ရန် စသည့် အလှူအတန်းများရှိပါက အကျဉ်းသားများထံမှ အတင်းအကြပ် ငွေကြေး ကောက်ခံခြင်း၊

(ခ)     အကျဉ်းထောင် အဆောင်တွင် မီးသီး၊ မီးချောင်းများကျွမ်း၍ ဝယ်ယူရန်၊ ရေ မော်တာဝယ်ယူရန်နှင့်အပိုပစ္စည်းများဝယ်ယူရန်၊ မီးစက်အတွက် ဒီဇယ်ဝယ်ယူရန် စသည်တို့ အတွက် ငွေကြေးများပေးနေရခြင်း၊

(ဂ)     ထောင်ဝင်စာလာတွေ့သည့်ဧည့်သည်များနားနေဆောင် အသစ်ဆောက်လုပ်ရာတွင် ကုန်ကျစရိတ်များကိုအကျဉ်းသားများထံမှ ကောက်ခံခြင်း၊

(ဃ)    အဆောင် ၁ တာဝန်ကျအဆောင်မှူးအတွက် ရုံးခန်းဆောက်လုပ်ရာတွင် ကုန်ကျ စရိတ် ကိုအကျဉ်းသားများထံမှကောက်ခံခြင်း၊ထို့ပြင် ထောင်ဝင်စာ လာတွေ့သော ဆွေမျိုးများမှ ပေးသည့်ငွေကိုဈေးဘား(PPC ခေါ် အကျဉ်းသားလို အပ်ချက်ကိုစုစည်း ၍ သွားရောက်ဝယ်ပေးသောဝန်ဆောင်မှုတာဝန်ခံ) ထံတွင် အပ်နှံထားရာ၊ ယင်း စုဆောင်းငွေများထဲမှ အထက်ပါရုံးခန်းသစ်ဆောက်လုပ်ရန်အတွက် ယူသုံးခြင်း။

၆။      ကိုယ်ပိုင် ပစ္စည်းများအားခင်းကျင်းပြသရခြင်း

(က)    အကျဉ်းသားများ၏ အိပ်ယာနေရာတွင် ကိုယ်ပိုင်ပစ္စည်းများဖြစ်သည့် စောင် ၃ ထည်၊ ပုံစံအင်္ကျီ ၂ စုံ၊ အရပ်ဝတ် ၁ စုံ၊ ရေခွက် ၁ ခွက်၊ ပန်းကန် ၁ ချပ်တို့ကို ခင်းကျင်း ပြသစေပြီးပိုလျံသော ကိုယ်ပိုင်ပစ္စည်းများကို ပြန်လည်သိမ်းဆည်း မည်ဟုပြောဆို ခြင်း၊

(ခ)     ယင်းကဲ့သို့ ပြသရာတွင် နမူနာပြသင်ကြားခြင်းမရှိဘဲ စစ်ဆေးတိုင်းစိတ်တိုင်းမကျ ဟုဆိုကာ ကြမ်းတမ်းရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းပြောဆိုပြီး အကြိမ်ကြိမ် ပြန်လည် ပြင်ဆင်ခိုင်းခြင်း၊

(ဂ)     ကိုယ်ပိုင်ပစ္စည်းများ ခင်းကျင်းပြသမှု (ကစ်ခင်းခြင်း) စစ်ဆေးသည့် အချိန် တစ်လျောက် လုံးထောင်ပုံစံ ၃၂ (ကိုယ်ရေးအကျဉ်း) စာရွက်ကိုလက်နှစ်ဖက်ဖြင့် စုံကိုင်၍ ကြာမြင့်စွာမတ်တပ်ရပ်နေရသဖြင့် စိတ်ကျဉ်းကြပ်၍ ဖိစီးမှုများခံစားရ ခြင်း။

၇။      အထွေထွေမကျေနပ်ချက်များ

(က)    အဆောင် ၁ မှ အကျဉ်းသားတစ်ဦးထံတွင် တယ်လီဖုန်းဆင်မ်းကတ် တွေ့ရှိရ၍ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးမှ ပါးနားရိုက်၍ မိန်းဂျေးရှေ့တွင် ဒူးထောက် အပြစ် ပေးခြင်း၊

(ခ)     ကိုယ်ပိုင်ပစ္စည်းများကို ခင်းကျင်းပြသခြင်း (ကစ်ခင်းခြင်း) နှင့်ပတ်သက်၍ အကျဉ်း သားတစ်ဦးအား ထောင်ပိုင်ကိုယ်တိုင် ပါးရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ နားရင်း ရိုက်ခြင်းများပြုလုပ်ခြင်း၊

(ဂ)     အခက်အခဲရှိ၍ တင်ပြသူများကိုဖြေရှင်းမပေးသည့်အပြင် အဆောင်ပြောင်းရွှေ့ခြင်း၊ အလုပ်ပြောင်းရွှေ့ခိုင်းစေခြင်း၊

(ဃ)    ရပ်ဝေးမှ ထောင်ဝင်စာလာတွေ့သူ အချို့မှာအကျဉ်းသားများ နှင့်မတွေ့ရဘဲပြန်သွား ရခြင်း၊

(င)     ၆ ပေပတ်လည် အိပ်ခုံတွင် အကျဉ်းသား ၄ ဦးအိပ်စက်ရခြင်းနှင့် အခန်းတစ်ခန်း တွင် အကျဉ်းသား ၄၀ ခန့်သာဆံ့သော်လည်း၈၀ ခန့်နေထိုင်ရခြင်းတို့ကြောင့် ကျဉ်းကြပ်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်ခြင်း၊

(စ)     ထောင်ပြောင်းရောက်ရှိလာသူများကို ထောင်ပိုင်ကိုယ်တိုင် ခေါ်တွေ့ပြီးအလုပ် နေရာချထားခြင်းဖြင့် ငွေကြေးရယူပြီးသက်သာသည့်နေရာတာဝန်ပေးခြင်း၊

(ဆ)    အကျဉ်းသားများ၏ မိသားစုထံသို့ငွေပို့ပေးရေးဆက်သွယ်ပေးရန် အကျဉ်းထောင် ဝန်ထမ်းတချို့အားအကူအညီတောင်းရာတွင် ရရှိငွေကို အကျဉ်းသားသို့ မပေးဘဲ အဆိုပါ ဝန်ထမ်းမှ ကိုယ်ကျိုးသုံးစွဲခြင်း၊

(ဇ)     အကျဉ်းထောင်ဝန်ထမ်းအချို့သည် အကျဉ်းသားများ၏ ပစ္စည်းရှာဖွေရာတွင် သာမန်ထက် ပို၍ ကြမ်းတမ်းစွာ ပြုမူလုပ်ဆောင်ခြင်း၊

(ဈ)     အကျဉ်းထောင် ဝန်ထမ်းအချို့သည် ၎င်းတို့နှင့်အဆင်ပြေသော အကျဉ်းသားများ ဆေးလိပ်သောက်သည်ကို တွေ့ရှိပါက အပြစ်မပေးဘဲအခြား အကျဉ်းသားများ ဆေးလိပ် သောက်သည်ကိုတွေ့ရှိပါကစည်းကမ်းမရှိဟုဆိုကာဖားခုန်ခုန်ခိုင်းခြင်း၊

(ည)    ယခင် ထောင်ပိုင်လက်ထက်ကနံနက် ၈ နာရီမှသာ အကျဉ်းသားများသို့ ဝင်ရောက် စစ်ဆေးခဲ့ရာမှ ယခုထောင်ပိုင် လက်ထက်တွင် နံနက် ၆ နာရီဝန်ထမ်းများအား စစ်ဆေးပြီးလျင် ပြီးချင်းအကျဉ်းသားများသို့ ဝင်ရောက်စစ်ဆေးခြင်းကြောင့် အကျဉ်း သားများအတွက် မျက်နှာသစ်ချိန်၊ နံနက်စာစားချိန်များ လုံလောက်မှုမရှိခြင်း။

ကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များ

၈။      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ဖြစ်စဉ်နှင့်ပတ်သက်၍ အဓိက တာဝန်ရှိသောထောင်ပိုင် အပါအဝင် အကျဉ်းထောင် ဝန်ထမ်းများအနက် တာဝန်ရှိ သူများအား ဖော်ထုတ်အရေးယူနိုင်ရေး အတွက် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပြီးထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပါသည်။

(ခ)     ထောင်တွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအကျဉ်းသားများ သက်သာချောင်ချိရေး နှင့် ကျန်းမာရေးအတွက် ဦးတည်၍စနစ်တကျ ပြန်လည်ဆောင်ရွက်သင့်ပါသည်။

(ဂ)     ရိက္ခာဝယ်ယူရေးအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို သင့်တော်သော ကော်မတီများဖွဲ့စည်း၍ အလှည့်ကျ တာဝန်ပေးခြင်း၊ စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးစေခြင်းများ ပြုလုပ်၍ အကျဉ်းသားများ စားသောက်ရေးကိုယခုထက် ပိုမိုကောင်းမွန်လုံလောက် အောင် စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    ART ဆေးသောက်နေရသော HIV ပိုးရှိသူများ၊ TB ​ဆေးသောက်နေရသော အဆုတ်ရောဂါ ဝေဒနာသည်များအားသောက်ရသည့် ဆေး၏ဒဏ်ကိုခံနိုင်ရည် ရှိစေရေးအတွက် အာဟာရပြည့်ဝစေရန် လိုအပ်သဖြင့် လုံလောက်သောအစားအစာ များကိုစီစဉ်ကျွေးမွေးပေးသင့်ပါသည်။

(င)     ကျန်းမာရေးမကောင်းသော အကျဉ်းသားများအား လွယ်ကူအဆင်ပြေစေမည့် ဆေးဝါးကုသမှုစနစ်ကို စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(စ)     ထောင်ဝင်စာလာတွေ့သည့် မိသားစုများမှ ပေးခဲ့သောတစ်ကိုယ် ရေသုံးဆေးဝါး များကိုဆရာဝန် သို့မဟုတ်ဆေးမှူးမှစစ်ဆေးပြီးပါကကာယကံရှင်ထံသို့ အမြန်ဆုံး ပေးအပ်သင့်ပါသည်။

(ဆ)    အကျဉ်းသားများ၏ ကျန်းမာရေးအရဝယ်ယူပေးရန် တောင်းဆိုသောဆေးများကို မှန်ကန်ပြီးသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးစနစ်တကျ ကြပ်မတ် ဆောင်ရွက်ပေးသင့်ပါသည်။

(ဇ)     အကျဉ်းသားများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် တရားနည်းလမ်းမကျသော ငွေကြေးကောက်ခံသည့် စနစ်ကိုတင်းကြပ်စွာတားမြစ် ပိတ်ပင်သင့်ပါသည်။

(ဈ)     အကျဉ်းသားတစ်ဦးချင်း၏ ကိုယ်ပိုင်ပစ္စည်းများခင်းကျင်းပြသခြင်း (ကစ်ပုံခြင်း) သည် အကျဉ်းထောင် အက်ဥပဒေ၊ အကျဉ်းထောင် လက်စွဲများတွင် သတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိပါကယင်းစနစ်ကို ကျင့်သုံးခြင်းမရှိစေရန် လိုအပ်သည့် ညွှန်ကြားချက်များထုတ်ပြန်သင့်ပါသည်။

(ည)    အကျဉ်းသားများအပေါ် စည်းကမ်းထိန်းသိမ်းခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်း များသည် စည်းကမ်းထိန်းသိမ်းမှု၏ ဘောင်ထက် ကျော်လွန်၍ လူမဆန်စွာပြုမူ ဆက်ဆံမှုအပါအဝင် ညှဉ်းပန်းနှိပ်စက်မှုများ မဖြစ်ပေါ်စေရေးအတွက် ဂရုပြု ဆောင်ရွက်သင့်ပါသည်။

(ဋ)     မြင်းခြံအကျဉ်းထောင်သည် သတ်မှတ်အင်အားထက် ၂ ဆကျော်ထိန်းသိမ်းထား နေရသည့်အတွက် အိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်နိုင်ရေး လိုအပ်သောဘဏ္ဍာ ရန်ပုံငွေတင်ပြတောင်းခံ ဆောင်ရွက်သင့်ပါသည်။

(ဌ)     ဆရာဝန်အပါအဝင် လိုအပ်သောကျန်းမာရေးဝန်ထမ်းများနှင့် လိုအပ်သော ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများကို အလုံအလောက် ခန့်ထားဖြည့်ဆည်း ပေးသင့်ပါ သည်။

(ဍ)     မြင်းခြံအကျဉ်းထောင်သည် သတ်မှတ်ဝန်ထမ်းအင်အား ၁၀၉ ဦးရှိသော်လည်း လက်ရှိတွင် ၈၄ ဦးသာရှိသည့်အတွက် ဝန်ထမ်းအင်အား မလုံလောက်ဖြစ်နေသည် ကိုဆောလျင်စွာဖြည့်ဆည်း ဆောင်ရွက်ပေးသင့်ပါသည်။

(ဎ)     မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းသော အကျဉ်းသားများနှင့် ဝန်ထမ်းများသည် ၎င်းတို့ဆန္ဒအရ လာရောက် ထွက်ဆိုကြခြင်း မဟုတ်ဘဲကော်မရှင်မှ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်သဖြင့် ၎င်းတို့အပေါ် အငြိုး တေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင်များသို့ ပြောင်းရွှေ့ခြင်းများ အပါအဝင် လက်တုံ့ပြန်မှုမခံရစေရေးအတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေပုဒ်မ ၃၈ အရသက်ဆိုင်ရာမှ အလေးထား ဂရုပြုဆောင်ရွက် ပေးရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ    ၁၉    ရက်