COVID-19 ရောဂါ ကာကွယ်ဆေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ် (၁/ ၂၀၂၁)

၁။      ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားသော COVID-19 ကပ်ရောဂါဘေးကြောင့် ၂၀၂၀ ပြည့်နှစ်သည် အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအတွက်လည်း ကံအကြောင်း မသင့်သည့်နှစ်တစ်နှစ် ဖြစ်ပါ သည်။ ယင်းကပ်ရောဂါသည် ရောဂါဖြစ်ပွားသည့် နိုင်ငံများ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေများအပေါ် ပြင်းထန်စွာ ရိုက်ခတ်မှုနှင့်အတူ အဆိုပါ နိုင်ငံများရှိ လူသားမျိုးနွယ်တို့၏ ကောင်းကျိုးချမ်းသာများကို သိသိသာသာ ယုတ်လျော့စေခဲ့ရာ မြန်မာနိုင်ငံသည်လည်း အဆိုပါ အခြေအနေ ဆိုးမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပါ။

၂။       ဤကဲ့သို့ ဆိုးရွားလှသောအခြေအနေများတွင် လူသားအားလုံးအတွက် လူ့အခွင့်အရေးခံစား ရရှိမှု ခိုင်မြဲစေရန် ကြိုးပမ်းမှုအရှိန်အဟုန်ကို လျော့ပါးစေပြီး အချို့သောနေရာများတွင် ဆုတ်ယုတ် ကျဆင်းမှုများပင် ဖြစ်ပေါ်စေခဲ့ပါသည်။ ကပ်ရောဂါသည် လူသားတို့၏ အသက်ရှင်သန်ခွင့်နှင့် ကျန်းမာရေးတို့ကို တိုက်ရိုက်ခြိမ်းခြောက်အန္တရာယ်ပြုခဲ့ပြီး အခြားသောအခြေခံအခွင့်အရေးများ ဖြစ်သည့် အလုပ်အကိုင်၊ သာတူညီမျှမှု၊ သတင်းအချက်အလက်ရရှိမှု၊ ခွဲခြားမှုမရှိခြင်း၊ ပညာရေး၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာမှု အခွင့်အရေးများကို သွယ်ဝိုက်၍ ထိခိုက်နစ်နာစေခဲ့ကာ အချို့ သော ကိစ္စရပ်များတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကိုပင် ထိပါးစေခဲ့ပါသည်။ COVID-19 ကပ်ရောဂါကို တွန်းလှန်ရေးအတွက် ရုန်းကန်ကြိုးစားရာတွင် တစ်ခါတစ်ရံ၌ လူ့အခွင့် အရေးများကို လျစ်လျူရှုရမှုများရှိခဲ့ပြီး နိုင်ငံတော်အစိုးရများအနေဖြင့် ကပ်ရောဂါကို အောင်မြင်စွာ တွန်းလှန် ဖြတ်ကျော်နိုင်ရေးအတွက် ပြည်သူများက ပါဝင်ဆောင်ရွက်လာစေရန် စည်းရုံးအားထုတ်မှုများကို ရွေးချယ်ဆောင်ရွက်ခဲ့ရပေသည်။

၃။      ကမ္ဘာ့ကူးစက်ရောဂါ၏ အောက်တွင် COVID-19 ကပ်ရောဂါ ကုသမှုခံယူရရှိရေးနှင့် ပညာ သင်ယူမှုတို့အတွက် ထပ်လောင်းအခက်အခဲအတားအဆီးများ ဖြစ်ပေါ်ခဲ့သည့် နည်းတူခွဲခြားဆက်ဆံ မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ အလုပ်သမားများကို အလွယ်တကူ အလုပ်မှ ထုတ်ပယ်မှုများ၊ လွတ်လပ်စွာသွားလာမှုနှင့် ထုတ်ဖော်ပြောကြားမှုတို့ကို အလွန်အမင်း ကန့်သတ်တားမြစ်ခြင်းများ၊ သတင်းအချက်အလက်ရပိုင်ခွင့်ကို တားဆီးခြင်းများ၊ ပြည်တွင်းရွှေ့ပြောင်းမှုများနှင့် အတင်းအကျပ် ပြောင်းရွှေ့စေမှုများကဲ့သို့သော လူ့အခွင့်အရေး ဖောက်ဖျက်မှုများ မြင့်တက်လာခြင်းနှင့် ပတ်သက် သော စိုးရိမ်မှုများ၊ သတင်းများလည်း ထွက်ပေါ်လျက်ရှိပါသည်။

၄။      အထက်ဖော်ပြပါ အခွင့်အရေးချိုးဖောက်မှု အများအပြားကို မေတ္တာစေတနာထားခြင်း၊  နားလည်စာနာမှုရှိခြင်းဖြင့် ပိုမိုလျော့ပါးလာစေရန် မြန်မာ့လူ့အဖွဲ့အစည်း သည် လူမှု-ယဉ်ကျေးမှု အခြေအနေကောင်းများ ရှိနေပြီးဖြစ်ပါသည်။ ခြွင်းချက်ဖြစ်သည့် ဖောက်ဖျက်ကျူးလွန်သော ကိစ္စရပ်များ ရှိနေနိုင်သေးသော်လည်း တာဝန်ရှိသူများက ယင်းတို့ကို ပြုပြင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

၅။      မျက်မှောက်ကာလတွင် ကုမ္ပဏီများစွာက တီထွင်ထားသော COVID-19 ကာကွယ်ဆေး ပေါ်ထွန်းလာခြင်းသည် နှစ်သစ်တွင် မျှော်လင့်ချက်များ မြင့်တက်လာစေပြီး ၂၀၂၁ ခုနှစ် သည် ကမ္ဘာ့ကူးစက်ရောဂါခြိမ်းခြောက်မှုကို တန်ပြန်တိုက်ဖျက်ရန်အတွက် အလှည့်အပြောင်းတစ်ခုဖြစ်လာ မည့် အလားအလာဖြစ်ပါသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကာကွယ်ဆေးကို ကမ္ဘာ့ နိုင်ငံများ အားလုံးသို့ အညီအမျှခွဲဝေရန် စည်းရုံးပြောဆို၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ကာကွယ်ဆေးရရှိရေး အခင်းအကျင်း မှာ လူသားချင်းစာနာထောက်ထားမှုကို ထည့်သွင်း စဉ်းစား မှုအားနည်းလျက်ရှိပုံပေါ်ပါသည်။ ချမ်းသာ၍ အင်အားကြီးသော နိုင်ငံများက ကာကွယ်ဆေးကို အမှန်တကယ်ထုတ်လုပ်ခြင်းမပြုမီနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောတူ ခွင့်ပြုချက် မရရှိမီကတည်းကပင်  အကန့်အသတ်ရှိနေသည့် ကာကွယ်ဆေးကို ကြိုတင် ဝယ်ယူ၍ သိုလှောင်မှု များ ပြုလုပ်နေကြပါသည်။ ကာကွယ်ဆေး၏ အကျိုးအာနိသင်ရှိမှုနှင့်စပ်လျဉ်း၍လည်း စိုးရိမ်ပူပန် မှုအချို့ ရှိနေပါသည်။

၆။      မြန်မာ့ခေါင်းဆောင်များ၏ ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုများကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ အများစုအတွက် လုံလောက်သည့် ကာကွယ်ဆေးအရေအတွက်ကို အိန္ဒိယနိုင်ငံမှ ရရှိမည်ဖြစ်ပြီး ထပ်မံလိုအပ်သည့်အရေအတွက်ကို ဖြည့်တင်းရန်အတွက်  မိတ်ဘက်နိုင်ငံများထံမှ ကာကွယ်ဆေး ထပ်မံရရှိနိုင်ရေး လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ကြားသိရပါ သည်။ ဤသို့လုပ်ဆောင်ရာတွင် ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံခြားငွေ အမြောက်အမြား သုံးစွဲရန် လိုအပ်သည်သာမက အလွန်အေးသော အပူချိန်တွင် ထိန်းသိမ်းထားရှိရန်လိုအပ်သည့် ကာကွယ်ဆေး ကို သိမ်းဆည်းသိုလှောင်ရန်၊ ပို့ဆောင်ဖြန့်ဖြူးရန်၊ ဖြန့်ချိရန်နှင့် နောက်ဆုံးထိုးနှံရန် ငွေကြေး၊ လူသားရင်းမြစ်နှင့် စီမံဆောင်ရွက်ရေးဆိုင်ရာရင်းမြစ်များလည်း လိုအပ်ပါသည်။ နိုင်ငံလူဦးရေ အတော်များများသည် မတူညီသော မြေမျက်နှာသွင်ပြင်များရှိသည့် ကျယ်ပြန့်သော ဒေသအနှံ့တွင် ပြန့်ကျဲနေထိုင်လျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအဖို့ ကြီးမားရှုပ်ထွေး ခက်ခဲသော လုပ်ငန်း ကြီးဖြစ်ပါသည်။ ယခင်က မဆောင်ရွက်ခဲ့ဘူးသည့် ကြိုးပမ်းမှုဖြစ်သဖြင့် မိမိတို့၏ အရင်းအမြစ် အနည်းအပါးကို အဆုံးစွန်အထိ သုံးရမည်ဖြစ်ပါသည်။

၇။      လတ်တလောတွင် တစ်ချိန်တည်း၌ အားလုံးကို ကာကွယ်ဆေးထိုးပေးရန် မဖြစ်နိုင်ဘဲ ကာကွယ်ဆေးရရှိမှု အကန့်အသတ်များရှိခြင်းကြောင်း ကာကွယ်ဆေးထိုးခြင်းအတွက် ဦးစားပေး အစီအမံတစ်ရပ်ရေးဆွဲရန် လိုအပ်ပါသည်။ စေတနာ့ဝန်ထမ်းများအပါအဝင် ရှေ့တန်းမျက်နှာစာမှ ကျန်းမာရေးလုပ်သားများကို ပထမဆုံးအုပ်စုအဖြစ် ကာကွယ်ဆေးထိုးနှံပေးသင့်ကြောင်း လူတိုင်းက သဘောတူကြပါသည်။ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်လျက်ရှိသော အခြား နိုင်ငံများ၏ အတွေ့အကြုံများမှ ကျွန်ုပ်တို့ လေ့လာနိုင်သော်လည်း ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် နိုင်ငံ၏လူဦးရေကို အပိုင်းကဏ္ဍများအလိုက်ခွဲ၍ သတ်မှတ်စီစဉ်ခြင်းသည် ပိုမို ခက်ခဲမည် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံအတွက် ဦးစားပေး ဆောင်ရွက်မည့် အစီအမံကို အခြားနိုင်ငံများကဲ့သို့ ထပ်တူဆောင်ရွက်နိုင်မည် မဟုတ်ဘဲလူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ မတူကွဲပြားပြီး ကိုယ်ပိုင်နည်းလမ်းဖြင့် ထူးခြားမှုရှိသော မြန်မာနိုင်ငံ အခြေအနေနှင့်ကိုက်ညီသည့် အစီအမံကို စီစဉ်ဆောင်ရွက်သင့်ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူ များအနေဖြင့်လည်း ယင်းအချက်များကို သတိပြုမိမည်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် ပြည်သူများနှင့် သင့်လျော်သော အစီအမံများကို စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပါ။

၈။      မည်သို့ပင်ဆိုစေကာမူ ဖြစ်နိုင်သမျှ အကောင်းဆုံးသော နည်းလမ်းများကို ရှာဖွေ ဆောင်ရွက် ရာတွင် လူ့အခွင့်အရေးအမြင်ရှုထောင့်သည်လည်း အခြားအမျိုးမျိုးသော စဉ်းစားရမည့်အချက် များကို အထောက်အပံ့ဖြစ်စေမည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယုံကြည်ပါသည်။ ယင်းနည်းလမ်းဖြင့် ပြည်သူများ၏ အသက်ရှင်သန်ခွင့်နှင့် ကျန်းမာရေးတို့ကို မြှင့်တင်သကဲ့သို့ အခြားအခွင့်အရေးအမျိုးမျိုးကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ ယင်း ကိစ္စနှင့် စပ်လျဉ်း၍ ကနဦး ကာကွယ်ဆေးထိုးနှံရန်အတွက် ရွေးချယ်ခံရရန် အလားအလာရှိသူများမှာ စီမံခန့်ခွဲရေးတွင် အရေးကြီးသောပုဂ္ဂိုလ်များ၊   အသက်အရွယ် ကြီးရင့်သူများ နှင့် ရောဂါအခံရှိသူများ ကဲ့သို့ ထိခိုက်လွယ်သူများဟု မယူဆနိုင်သော်လည်း ယင်းတို့၏ လုပ်ငန်းတာဝန်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများမှတစ်ဆင့် လူဦးရေအများအပြားနှင့် ကြိမ်ဖန်များစွာ ထိတွေ့ ဆက်ဆံနေသူများ ဖြစ်သင့် ပါသည်။ ထိုသူများမှာ ကျောင်းဆရာ/ဆရာမများ၊ သယ်ယူပို့ဆောင်ရေးအလုပ်သမားများ၊ ဘဏ် ဝန်ထမ်းများ၊ ကုန်စည်ရောင်းချသူများ၊ အစားအသောက်၊ အဖျော်ယမကာနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်း လုပ်ကိုင် သူများ၊ ခေါင်းရွက်ဗျက်ထိုး စျေးသည်များနှင့် စားသောက်ကုန် ရောင်းချသူများ ဖြစ်ကြပါသည်။ ဤစာရင်းမှာ ပြည့်စုံလုံလောက်သော စာရင်းတော့မဟုတ်ပါ။ ပြောင်းလဲနေသော ယင်းတို့၏လုပ်ငန်းသဘာဝ နှင့် ယင်းတို့၏ လှည့်လည်သွားလာလုပ်ကိုင်ကြရသော သဘော သဘာဝ များကြောင့် အချို့ကို ခြေရာခံရန် အလွန်ခက်ခဲနိုင်ပါသည်။ သို့သော် ရောဂါပိုးကို ပြည်သူ အများစုသို့ တစ်ဆင့် ကူးစက်စေနိုင်ရန် အလားအလာအရှိဆုံးဖြစ်သည့် ထိုသူများကို ကာကွယ်ဆေး ထိုးနှံခြင်း ကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများသည် တွေ့ကြုံရမည့် အခက်အခဲများထက် ပိုမို အလေးသာ မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်