စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရွှေဘိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၁၂/၂၀၁၆)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါက်တာဉာဏ်ဇော်တို့သည် ကော်မရှင် ရုံးဝန်ထမ်းများ လိုက်ပါလျက် ၁၈-၈-၂၀၁၆ ရက်​​နေ့တွင် အကျဉ်းသားအိပ်ဆောင်များ၊ အကျဉ်းသူအိပ်ဆောင်များ၊ ထမင်းချက် ဆောင်၊ ဆေးခန်း၊ တိုက်ခန်း၊ အိမ်သာခန်းများ၊ ရေချိုးကန်များနှင့် သောက်ရေသန့်စက်ရုံ တို့အား ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းသား၊ အချုပ်သား ၂၃ ဦးတို့အား တွေ့ဆုံမေးမြန်း ခြင်း၊ ဝန်ထမ်း ၄၀ ဦးတို့အား လူ့အခွင့်အရေး အသိပညာပေးဟောပြောခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၂။      စစ်ဆေးတွေ့ရှိချက်များ

(က)   ရွှေဘိုအကျဉ်းထောင်ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်၍ အကျဉ်းသားဦးရေ ၁၀၀၀ ဦး ဝင်ဆံ့သော “က” အဆင့် သတ်မှတ်ခဲ့ပါသည်၊ အကျဉ်းထောင် အုတ်ရိုး အလျား ၅၀၀’၊ အနံ ၅၀၀’ ရှိပြီး ထောင်တွင်းဧရိယာ ၅.၇၃ ဧကရှိ ပါသည်၊

( ခ)   ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားအိပ်ဆောင် ၂ လုံး၊ အကျဉ်းသူအိပ် ဆောင် ၁ လုံး၊ တိုက်ခန်း ၃၀ ခန်းနှင့် အလုပ်ရုံဆောင် ၂ လုံးတို့၌ အကျဉ်း သား၊ အကျဉ်းသူများကို ထားရှိပါသည်၊ အကျဉ်းသား ၂၀၀ ဦးဆံ့ ၂ ထပ်အိပ် ဆောင် ၁ လုံးမှာ ဆောက်လုပ်နေဆဲဖြစ်ပါသည်၊

( ဂ)   ၎င်းအိပ်ဆောင်များ၏စုစုပေါင်းအကျယ်အဝန်းမှာ ၁၇၂၅၀.၇ စတုရန်းပေဖြစ် ပါသည်၊ ကုလသမဂ္ဂ၏အကျဉ်းသားတစ်ဦးချင်းအတွက် သတ်မှတ်စံနှုန်းမှာ ၁၈ စတုရန်းပေဖြစ်သဖြင့် စုစုပေါင်းလူဦးရေ ၉၅၈ ဦးသာ ထားရှိနိုင်ပါသည်၊  လက်ရှိ လူဦးရေ ၁၃၈၈ ဦးရှိပြီး၊ တစ်ဦးချင်းအတွက် ပျမ်းမျှစံနှုန်းမှာ ၁၂.၅ စတုရန်းပေဖြစ်သဖြင့် ကြပ်တည်းနေပါသည်၊

(ဃ)   ကျွန်းလှ၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ဒီပဲယင်း၊ ရွှေဘို၊ စစ်ကိုင်း မြို့နယ်တို့မှ ပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းသားများနှင့် ရွှေဘိုခရိုင်တရားရုံး၊ ရွှေ ဘိုမြို့နယ်တရားရုံးနှင့် စစ်ကိုင်းမြို့နယ်တရားရုံးတို့တွင် အမှုရင်ဆိုင်နေရသော အချုပ်သားများ ကျား ၁၁၄၈ ဦး၊ မ ၂၄၀ ဦး၊ စုစုပေါင်း ၁၃၈၈ ဦးအား လက်ခံ ထားရှိပါသည်၊

( င)   အကျဉ်းသားအများစုမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူများဖြစ်ပါသည်၊ စာရင်းအရ နိုင်ငံရေးအကျဉ်းသား မရှိဘဲ နိုင်ငံခြားသား (တရုတ်) အကျဉ်းသား ၂ ဦးသာ ရှိပါသည်၊

( စ)   အကျဉ်းသားအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး၊ ခရစ်ယာန်ဘာသာဝင် ၁၄၀ ဦးနှင့် အစ္စလာမ်ဘာသာဝင် ၃၈ ဦး၊ ဟိန္ဒူဘာသာဝင် ၁ ဦးရှိပါသည်၊ ဘာသာ  အလိုက် ဝတ်ပြုကိုးကွယ်နိုင်ပါသည်၊

(ဆ)   သောက်ရေကို ရေသန့်စက်ရုံမှ တစ်ဦးလျှင် ၁.၇၃ လီတာနှုန်းဖြင့် နေ့စဉ် ဖြန့် ဝေပေးပါသည်၊ ကုလသမဂ္ဂ၏သတ်မှတ်စံနှုန်းမှာ ၃ လီတာဖြစ်ပါသည်၊

( ဇ)    ချိုးရေကန် ၄ လုံးရှိပြီး ရေစက်မောင်းနှင်ပေးသဖြင့် နေ့စဉ် ချိုးရေဂါလံ ၁၇,၈၂၀ ကျော် သုံးစွဲနိုင်ပါသည်၊ ကုလသမဂ္ဂ သတ်မှတ်စံနှုန်းမှာ တစ်ဦးလျှင် တစ်နေ့ ၇ ဂါလံဖြစ်၍ နေ့စဉ် ချိုးရေဂါလံ ၉,၇၁၆ ကျော်သာ လိုအပ်သဖြင့် လုံ လောက်မှုရှိပါသည်၊

( ဈ)   နေ့အိမ်သာ ၃၀ လုံး၊ ညအိမ်သာ ၁၀ လုံး၊ စုစုပေါင်း ၄၀ လုံးရှိပါသည်၊ ကုလ သမဂ္ဂစံနှုန်းမှာ အကျဉ်းသား ၂၅ ဦးလျှင် အိမ်သာ ၁ လုံးဖြစ်သဖြင့် အိမ်သာ ၅၅ လုံး လိုအပ်မည်ဖြစ်ပါသည်၊

(ည)   နေ့စဉ် လျှပ်စစ်မီး ရရှိပါသည်၊ လစဉ်ပျမ်းမျှယူနစ် ၂၂,၀၀၀ သုံးစွဲပါသည်၊

( ဋ)   အကျဉ်းသားများအတွက် တစ်နေ့ရိက္ခာနှုန်းထားမှာ ၆၀၀ိ/- ကျပ်ဖြစ်ပါသည်၊ တစ်ပတ်လျှင် အသား ၂ ကြိမ် ကျွေးပါသည်၊

( ဌ)   အကျဉ်းသားလူနာများအတွက် သုံးစွဲခဲ့ရသော ဆေးဝါးအသုံးစရိတ်မှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လထိ လစဉ်ပျမ်းမျှ ၃ သိန်းခန့်ဖြစ်ပါသည်၊ ဘတ်ဂျက် မှ ၂ သိန်းကျပ် ခွင့်ပြုပါသည်၊ လိုအပ်ပါက ထောင်တာဝန်ခံအရာရှိ အစီအစဉ် ဖြင့် ထပ်ဆောင်းဝယ်ယူရပါသည်၊ ကျန်းမာရေးဝန်ကြီးဌာန (CMSD) မှ ဆေးဝါးများ မရရှိပါ။

( ဍ)    ၂၀၁၆ ခုနှစ်အတွင်း ရွှေဘိုအကျဉ်းထောင်သို့ ရွှေဘိုပြည်သူ့ဆေးရုံကြီးမှ ၁ ကြိမ်၊ ခုခံအားကျကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ၁ ကြိမ်၊ ရွှေဘိုခရိုင်  တိုင်းရင်းဆေးဌာနမှ ၄ ကြိမ် လာရောက်ကြည့်ရှု ကုသပေးခဲ့ပါသည်၊ ၂၀၁၆ ခုနှစ်အတွင်း အကျဉ်းသား ၅ ဦး၊ အကျဉ်းသူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ HIV ရောဂါသည်အကျဉ်းသား ၃၁ ဦး၊ အကျဉ်းသူ ၅ ဦး၊ HIV + TB ရောဂါသည် အကျဉ်းသား ၃ ဦး၊ TB ရောဂါသည်အကျဉ်းသား ၃ ဦးရှိပါသည်၊

( ဎ)   အလုပ်ရုံဆောင်တွင် အကျဉ်းသားများ ထားရှိနေရသဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ သီးခြားဖွင့်လှစ်နိုင်ခြင်း မရှိပါ၊ စိတ်ဝင်စားသူအကျဉ်းသား များကို မျက်တောင်တု၊ တက်တင်း၊ စက်ချုပ်ပညာများ သင်ပေးသောအစီအစဉ် သာ ရှိကြောင်း၊ “အ” သုံးလုံးသင်တန်းအား ကျား ၃၈ ဦး၊ မ ၂၄ ဦးဖြင့် ၁ ကြိမ် ဖွင့်လှစ်ခဲ့ကြောင်း၊

(ဏ)  ဖွဲ့စည်းပုံအရ ဝန်ထမ်း ၁၀၉ ဦးဖြစ်သော်လည်း လက်ရှိဝန်ထမ်း ၈၀ ဦးသာ ရှိ ပါသည်၊ ဖွဲ့စည်းပုံအရ ခန့်အပ်ထားသော ဆရာဝန် မရှိသော်လည်း ရွှေဘိုခရိုင် ကျန်းမာရေးဦးစီးဌာနမှ ၃ လတစ်ကြိမ် ဆရာဝန် ၁ ဦး တွဲဖက်ပေးပါသည်၊

(တ)   ဝန်ထမ်းများအတွက် တစ်နေ့ရိက္ခာငွေမှာ ၅၀၀ိ/- ကျပ်ဖြစ်ကြောင်း၊ လစာနှင့် ရိက္ခာငွေ နည်းပါးမှု၊ အချိန်ပြည့် တာဝန်ထမ်းဆောင်နေရမှုတို့ကြောင့် လုပ်ငန်း တာဝန်အပေါ် ငြီးငွေ့ပြီး လန်းဆန်းတက်ကြွမှု နည်းပါးနေကြောင်း တွေ့ရှိရ ပါသည်။

၃။      အကြံပြုတိုက်တွန်းချက်များ

(က)   လူဦးရေများပြားနေသဖြင့် အကျဉ်းသားအိပ်ဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီသော သောက်ရေနှင့် အိမ်သာများ စီမံပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသင့်ပါသည်။

( ခ)   ဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းများ တိုးချဲ့ခန့်အပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

( ဂ)   ကူးစက်ရောဂါများ ဖြစ်ပွားမလာစေရန် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားလာပါ က လိုအပ်မည့် ဆေးဝါးနှင့် အသုံးအဆောင်များ စီမံထားရှိခြင်းတို့ကို ပြုလုပ် သင့်ပါသည်။

(ဃ)   အကျဉ်းသားများ၏တစ်နေ့ရိက္ခာနှုန်းထားနှင့် ဝန်ထမ်းများ၏တစ်နေ့ရိက္ခာငွေကို သင့်လျော်သလို တိုးမြှင့်ပေးနိုင်ရန် စဉ်းစားသင့်ပါသည်။

( င)   လစဉ် အမှန်တကယ် အသုံးပြုရသော အသုံးစရိတ်များအတွက် ဘတ်ဂျက်မှ တိုးမြှင့်ခွင့်ပြုပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်