မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၂၅/ ကာကွယ်/ ၂၀၁၇) မှော်ဘီမြို့နယ်၊ ကရုဏာကလေးများမေတ္တာရပ်မြုံအား စစ်ဆေးခြင်း

၁။      ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ကရုဏာကလေးများမေတ္တာရိပ်မြုံမှ ဂေဟာတွင် ဆေးလိပ်သောက်သည့် (၁၃) နှစ်အရွယ်ကလေးငယ် (၂) ဦးအား ၂၂-၈-၂၀၁၇ ရက်နေ့က ပိုက်လုံးဖြင့် ရိုက်ပြီး ဆုံးမခဲ့သောကြောင့် ၂၃-၈-၂၀၁၇ ရက်နေ့၌  အသက် (၁၃) နှစ် နှင့် (၁၅) နှစ် အရွယ် ယောက်ျားလေး (၉) ဦးတို့  နေရပ်သို့ထွက်ပြေးခဲ့ပြီး ၂၄-၈-၂၀၁၇ ရက်နေ့ မုံရွာမြို့ ကားဂိတ် တမူး၊ လဟယ် ဘက်သို့သွားသည့်ကားကို စုံစမ်းနေစဉ် သက်ဆိုင်ရာ နယ်မြေလှည့်ကင်းရဲမှ မသင်္ကာသဖြင့် ခေါ်ယူမေးမြန်းရာ ဖြစ်စဉ်ကျိုးကြောင်းသိခဲ့ရပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲ တပ်ဖွဲ့ဝင်တို့မှ လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ခဲ့သဖြင့် ဆားလင်းကြီးမြို့နယ်၊ ထန်းနောင်းကုန်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ယာယီထိန်းသိမ်း စောင့်ရှောက်ထားကြောင်း၂၅-၈-၂၀၁၇ ရက် နေ့ လူမှုမီဒီယာများ၌ ဖော်ပြထားချက်များအရ သိရှိရပါသည်။

၂။      ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာ မှော်ဘီမြို့နယ်၊ သန္ဓေပင် အုပ်စု၊ ကြက်ဖြူကန်ကျေးရွာ၊ ဖွံ့ဖြိုးရေးလမ်းရှိ ကရုဏာကလေးများ မေတ္တာရိပ်မြုံဂေဟာသို့ ၂၅-၈-၂၀၁၇ ရက်နေ့ နေ့လယ်အချိန်တွင် သွားရောက်ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပြီး အောက်ပါတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အကြံပြုပေးခဲ့ပါသည် –

(က)    ကရုဏာကလေးများမေတ္တာရိပ်မြုံဂေဟာသည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ နာဂဒေသတို့မှ ဆင်းရဲချို့တဲ့သည့် ကလေး များကို ပြုစုစောင့်ရှောက်နေသော်လည်း သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် မှတ်ပုံတင်လျှောက်ထားသင့်ပါသည်။

(ခ)     သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများသည် မိမိတို့၏နယ်မြေအတွင်း ဖွင့်လှစ် ထားရှိသော ပရဟိတဂေဟာများကို စာရင်းပြုစု၍ သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ညှိနှိုင်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သင့်ပါသည်။

(ဂ)     လူမှုမီဒီယာများပေါ်တွင်  ယခုကဲ့သို့  ဖြစ်စဉ်မျိုးများ ဖော်ပြပါရှိလာပါက သက်ဆိုင်ရာ ဌာနများအနေဖြင့် အချိန်နှင့် တပြေးညီ စုံစမ်းစစ်မေးခြင်းများကို ဆောင်ရွက်သင့်ပါသည်။

(ဃ)    မိဘမဲ့နှင့် ဆင်းရဲချို့တဲ့သော ကလေးများကို ပြုစုစောင့်ရှောက်နေသည့် ဂေဟာတွင် စီမံ အုပ်ချုပ်သူများသည် ကလေးများကို ဆုံးမရာတွင် ကိုယ်ထိလက်ရောက်ပြုမူ ဆုံးမခြင်းအစား ၎င်းတို့၏ စိတ်ခံစားမှုကို နားလည်သဘောပေါက်အောင် ကြိုးစားကာ မိသားစုသဖွယ် နှစ်သိမ့်ဆွေးနွေးခြင်း၊ ပြုပြင်ဆုံးမခြင်းများ ဆောင်ရွက်သင့်ပါ သည်။

(င)     မှတ်ပုံမတင်ရသေးသော ပရဟိတ လူငယ်စောင့်ရှောက်ရေးဂေဟာများသည်လည်း ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်တို့ကို အဓိက ဦးတည် ကာကွယ်စောင့်ရှောက်မှုပြုနေသော အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ လူမှုဝန်ထမ်း ဦးစီးဌာနသည် ယင်းမှတ်ပုံမတင်ရသေးသည့် အဖွဲ့အစည်းများအား မှတ်ပုံတင်သည့် လုပ်ငန်းစဉ် မတိုင်ခင်ကတည်းက လိုအပ်သော နည်းပညာ အကူအညီများ၊ ကြပ်မတ် မှုများကို နယ်မြေအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကလေးသူငယ်များ၏အကျိုး စီးပွားကို ရှေးရှုဆောင်ရွက်ပေးသင့်ပါသည်။

(စ)     ကလေးသူငယ်များသည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည့် အားလျော်စွာ ဂေဟာရှိ ကလေးများအား ယင်းတို့ ယုံကြည်ကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ပြုသင့်ပါသည်။

၃။      အထက်ပါ အကြံပြုချက်များအရ ဆောင်ရွက်ထားရှိမှုအခြေအနေကို ပြန်ကြားပေးပါရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေတ္တာရပ်ခံထားပါသည်။

                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ  ၁  ရက်