မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြာကန်ကွင်းပေါက် ကွင်းအမှတ် (၄) နှင့် (၆) ပေါ်တွင် ဖြစ်ပွားနေသော အငြင်းပွားမှုများ နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၆/ ၂၀၁၆)

၁။      ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြာကန်ကွင်းပေါက် ကွင်းအမှတ် (၄) နှင့် (၆) ပေါ်တွင် ဖြစ်ပွားနေသော အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုသား လူ့အခွင့်အရေး ကော်မရှင်မှ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၃-၁၂-၂၀၁၆ ရက်နေ့နှင့် ၁၄-၁၂-၂၀၁၆ ရက်နေ့တွင် လပွတ္တာမြို့၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ဝန်ထမ်းများအား စစ်မေးခြင်း၊ လယ်သမားများအား စစ်မေးခြင်းများ ပြုလုပ်ခဲ့ပါ သည်။ ၁၅-၁၂-၂၀၁၆ ရက်နေ့တွင် ဖြစ်စဉ် ဖြစ်ပွားရာ ရွှေကျွန်းသာကျွန်းသို့ စက်လှေဖြင့်သွား ရောက်၍ ရွှေကျွန်းသာရွာ ဘုန်းကြီးကျောင်းပေါ်တွင် ဒေသခံလယ်သမားများနှင့်တွေ့ဆုံခြင်း၊ ရိတ်သိမ်းခြွေလှေ့နေသော နေရာများအားလေ့လာခြင်းနှင့် နှစ်ဖက် ပိုင်ဆိုင်မှုအငြင်းပွားသည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ ၎င်းနောက် ၁၆-၁၂-၂၀၁၆ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့် တာဝန်ရှိ ဝန်ကြီးများအား တွေ့ဆုံကာ အမှုဖြစ်စဉ်များ နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

၂။        ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များအရကော်မရှင်၏ သုံးသပ်ချက်များမှာ-

(က)    ၂၀၁၃ ခုနှစ် သစ်တောရေးရာဝန်ကြီး ဌာနမှ သစ်တောမြေအချို့ကို စွန့်လွှတ်၍ ပုံစံ ၇ ထုတ်ပေးကြောင်းကြား သိရသဖြင့် ၁၉၉၁ ခုနှစ်က ရွှေကျွန်းသာအား သစ်တောပိုင် အဖြစ် ကြေညာပြီး နှင်ထုတ်ခြင်းခံခဲ့ရသူများက လူအင်အားဖြင့် လက်ရှိ လယ်ယာစိုက်ပျိုးနေသူ တို့၏ နယ်မြေအတွင်းအုပ်စုဖွဲ့ လာရောက်နေထိုင်ခြင်းသည် ပြဿနာ၏အစဖြစ်ပါသည်။

(ခ)      လက်ရှိ လယ်သမားများသည် အထက်ပါ ထပ်မံကျူးကျော်ဝင်ရောက် လာသူများအား လူအုပ်စုဖြင့်ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းခြင်းနှင့် ယင်းကျူးကျော်သူတို့ ဘက်မှလည်း လက်ရှိလယ်သမားများ စိုက်ပျိုးထားသည့် စပါးခင်းများအတွင်း ကျွဲများကျောင်းရန် ကြိုးစားခြင်းတို့သည် ဥပဒေမဲ့လုပ်ရပ်များဖြစ်သဖြင့် ထိုဒေသအတွင်း တရားဥပဒေ လွှမ်းမိုးမှု အားနည်းနေပါသည်။

(ဂ)      လူသတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် နောက်ထပ် မိမိပြည်သူများ သေဆုံးမှုမဖြစ်စေလိုသည့် စိတ်ရင်းစေတနာကောင်းဖြင့် တရားမဝင် စိုက်ပျိုးထားသော စပါးခင်းများအား မည်သူမျှ ရိတ်သိမ်းခွင့်မပြုဘဲ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စုပေါင်းတာဝန်ယူ ရိတ်သိမ်းစေခြင်း ဖြစ် ပါသည်။

(ဃ)    စပါးများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ရိတ်သိမ်းပြီး မည်ကဲ့သို့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည်ကို လယ်သမားများသို့ စနစ်တကျ ချပြရှင်းလင်းမှုမရှိသဖြင့် လယ်သမားများက မကျေမနပ်ဖြစ်နေကြပါသည်။

(င)      လယ်ယာစိုက်ပျိုးခြင်းမပြုရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်ခဲ့သော်လည်း ယခုကဲ့သို့ စပါးခင်းကြီးများဖြစ်လာသည်အထိ ကျူးကျော်စိုက်ပျိုးနိုင်ခဲ့ခြင်းမှာ တာဝန်ရှိ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်စစ်ဆေးမှု အားနည်းခြင်း သို့မဟုတ် အဂတိလိုက်စားပြီး စိုက်ပျိုးခွင့်ပြုထားခြင်းများကြောင့် ဖြစ်နိုင်ပါသည်။

(စ)      လက်ရှိစိုက်ပျိုးနေသူ လယ်သမားများသည် စည်းကမ်းမလိုက်နာ၍ဖြစ်စေ၊ ဥပဒေ နားမလည် ၍ဖြစ်စေ၊ ယခင်ကလည်း ခိုးဝှက် စိုက်ပျိုးခဲ့သည့် အစဉ်အလာကြောင့် ယခုလည်း ဘာမှမဖြစ် လောက်ဟု ပေါ့ပေါ့တွေးကာ စိုက်ပျိုးခဲ့သည်ဖြစ်စေ၊ မည်သည့် အကြောင်းကြောင့် စိုက်ပျိုး သည်ဖြစ်စေ စိုက်ပျိုးနိုင်ရေးအတွက် သမဝါယမမှဖြစ်စေ အရပ်ထဲမှဖြစ်စေ အတိုးဖြင့်ငွေချေး ခြင်း၊ လယ်ယာသုံးစက်ကိရိယာများအကြွေးဝယ်ယူခြင်းစသည်ဖြင့် စိုက်ထုတ် ရင်းနှီးကာ စိုက်ပျိုးခဲ့ကြပြီးဖြစ်၍ ယင်းအကြွေးများကိုဆပ်ရန် ၎င်းတို့တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြပါသည်။

(ဆ)    ခရိုင်အစီအစဉ်ဖြင့် စတင်ရိတ်သိမ်းသည့်နေ့မှ စစ်ဆေးသည့်နေ့ထိ ရက်ပေါင်း (၂၀) အတွင်း စပါးတင်း ၈၀၀ ခန့် သယ်ယူပြီးဖြစ်ရာ ရိတ်သိမ်းဧက (၂၇၇၁.၆၈) အတွက် တစ်ဧကလျှင် ၄၅ တင်းနှုန်းဖြင့် ၁၂၄၇၂၅.၆ တင်း ပြည့်မီရန် ၁၂၃၉၂၅.၆ တင်း လိုအပ်နေသေးသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ အချိန်မီမပြီးစီးပါက အလေအလွင့်များစွာနှင့် ကြုံတွေ့ရနိုင်သဖြင့် တာဝန်ယူရိတ်သိမ်းသူများအတွက် တာဝန်ကြီးမားပြီး ဝန်ထုပ်ဝန်ပိုးများ ဖြစ်စေနိုင်ပါသည်။

(ဇ)      လုပ်ငန်းကန်ထရိုက်အနေဖြင့် ၎င်းတစ်ဦးတည်း နိုင်နင်းမှုမရှိသဖြင့် ထပ်ဆင့် ကန်ထရိုက် ၂ ဦး ငှားရမ်းလုပ်ကိုင်သော်လည်း အထက်ပါကျန်ရှိ စပါးတင်းပေါင်း တစ်သိန်းနှစ်သောင်း ကျော်ကို အချိန်မီရိတ်သိမ်းရန် လူအင်အား၊ စက်အင်အား လုံလောက်မှုမရှိသဖြင့် စပါးများ လေလွင့်မှုများပြားပြီး ပြဿနာများပိုမို တိုးတက် ဖြစ်ပေါ်လာနိုင်ပါသည်။

(ဈ)     လက်ရှိစိုက်ပျိုးသူ လယ်သမားများအနေဖြင့် ပေါ်ဆန်း၊ ကောက်ကြီး၊ သက်လတ်၊ ရွှေဝါယဉ်၊ ခွန်နီ၊ ဟိုင်းကြီးစသည်ဖြင့် ဈေးကောင်းရသော ဆန်များနှင့် သာမန်ဆန်များ အမျိုးမျိုး စိုက်ပျိုးခဲ့ကြသည့်အပြင် ၎င်းတို့ ကိုယ်တိုင်ရိတ်သိမ်းပါက တစ်ဧက ၄၅ တင်း အောက် လယ်ကွက်များရှိသကဲ့သို့ ၄၅ တင်းမှ တင်း ၈၀ ခန့်ထိ ထွက်သော လယ်ကွက် များလည်း ရှိနေပါသည်။ စီမံခန့်ခွဲမှုနည်းလမ်းဖြင့် ရိတ်သိမ်း၍ တစ်ဧကလျှင် ၄၅ တင်းနှုန်း သတ်မှတ် စုစည်းရောင်းချကာ မနော သုခဆန်များကို ပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူပြီး လယ်သမား များထံသို့ ဝေငှပေးပါက လုပ်ငန်းစဉ် အဆင့်တိုင်းတွင် အလွဲသုံးစားမှုများ ဖြစ်ပေါ်လာနိုင် သကဲ့သို့ တောင်သူလယ်သမားများအကြားတွင် မမျှတမှုများ၊ မကျေနပ်မှုများ ပေါ်ပေါက်လာ နိုင်ပါသည်။

(ည)    ကွင်းဆင်းစစ်ဆေးရေး အဖွဲ့အနေဖြင့် အစိုးရဌာန တာဝန်ရှိသူ ၇ ဦး၊ ကန်ထရိုက် ၃ ဦး၊ လက်ရှိလယ်သမား ၆ ဦး၊ ထပ်မံဝင်ရောက်လာသူ ၆ ဦးနှင့် ၎င်းတို့ဘက်မှ လိုက်ပါပြောဆိုသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၁ ဦး စုစုပေါင်း ၂၃ ဦးတို့အား စစ်ဆေးခဲ့ရာ လက်ရှိ စိုက်ပျိုးပြီးစပါးများကို စိုက်ပျိုးသူ လယ်သမားများအား ရိတ်သိမ်းခွင့် ပြု​စေလို ကြောင်းနှင့် လယ်ယာမြေ ပြန်လည်ခွဲဝေပေးခြင်းနှင့် ပတ်သက်၍ အစိုးရ၏စီမံခန့်ခွဲမှုကို လိုက်နာသွားမည်ဟု သိရှိရ ပါသည်။

(ဋ)      လက်ရှိလယ်သမားအများစု၏ ကျောင်းနေသားသမီးများအား ကျောင်းထုတ်ရတော့မည့် အခြေအနေ ဖြစ်နေသဖြင့် စိုက်ပျိုးပြီးစပါးများအား မိမိတို့အစီအစဉ်ဖြင့် ရိတ်သိမ်းခွင့်ပြုပါ ရန် တောင်းဆိုနေကြပါသည်။

ကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များ

၃။        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များမှာ-

(က)     တည်ရှိဆဲကြိုးဝိုင်းသစ်တောများသည် သစ်တောဥပဒေအရ ၁၉၀၂ ခုနှစ် ကတည်းက ဖွဲ့စည်းထားသည့် ကြိုးဝိုင်းတောများဖြစ်သဖြင့် ယင်းဥပဒေနှင့်အညီ စွန့်လွှတ်မှသာ ၂၀၁၂ ခု နှစ်လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုနိုင်မည်ဖြစ်ရာ ရွှေကျွန်းသာသစ်တော ကြိုးဝိုင်းအား သစ်တောမြေအဖြစ်မှ စွန့်လွှတ်သင့်ပါသည်။

(ခ)       ထိုကဲ့သို့ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီးပါက ဒေသတွင်းရှိ လက်ရှိလယ်သမားများနှင့် ယခင်ကနှင်ထုတ်ခံခဲ့ရသောလယ်သမားများသို့ မျှတစွာ မြေယာခွဲဝေပေးနိုင်ရေးဆောင်ရွက် ပေးသင့်ပါသည်။

(ဂ)       ရွှေကျွန်းသာပေါ်တွင် ဥပဒေမဲ့လုပ်ရပ်များ ထပ်မံဖြစ်ပွားခြင်းမရှိစေရေးအတွက် တည်ငြိမ်မှု ရရှိသည့်အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးအပြည့် အဝ ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)     စပါးစိုက်ပျိုးခြင်းမပြုရန် တားမြစ်ထားသည့်ကြားမှ လက်ရှိလယ်သမားများက စပါးပင် များ ဖြစ်ထွန်းအောင်မြင်သည်အထိ ကျူးကျော်စိုက်ပျိုးနေခြင်းကို တားမြစ်နိုင်ခြင်း မရှိသည့် သို့မဟုတ် အားပေးအားမြှောက်ပြုသည့် သို့မဟုတ် တာဝန်ပျက်ကွက်သည့် ဝန်ထမ်း များအား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူသင့် ပါသည်။

(င)       စပါးစိုက်ပျိုးခြင်းမပြုရန် တားမြစ်ထားသည့်ကြားမှ လိုက်နာမှုမရှိဘဲ စိုက်ပျိုးခဲ့သော လက်ရှိ လယ်သမားများအား ဥပဒေအရအရေးယူသင့်ပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် သမဝါယမမှငွေချေးခြင်း၊ အရပ်ထဲတွင် အတိုးများဖြင့် ငွေချေးခြင်း၊ လယ်ယာသုံး စက် ကိရိယာများကို အကြွေးယူခြင်းစသည်ဖြင့် စိုက်ထုတ်ရင်းနှီး စိုက်ပျိုးထားခြင်းများကြောင့် ၎င်းတို့စိုက်ပျိုးထားသည့်စပါးခင်းများအား ၎င်းတို့ကို ရိတ်သိမ်းခွင့်ပြုပေးသင့်ပါသည်။

(စ)       ထိုသို့ ၎င်းတို့အစီအစဉ်ဖြင့် ပြန်လည်ရိတ်သိမ်းခွင့်ပြုမည်ဆိုပါက လက်ရှိ ရိတ်သိမ်းပြီး စပါးများကို မူလစိုက်ပျိုးထားသည့် လယ်သမားများသို့ မှန်ကန်စွာ ပြန်လည် ခွဲဝေပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရမည် ဖြစ်ပါသည်။

၄။        သို့ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရွှေကျွန်းသာဒေသတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အကြံပြုချက်များအား အလေးထားစဉ်းစား ဆောင်ရွက်ပေးသင့်ပါကြောင်းအကြံပြုအပ်ပါ သည်။

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်