ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက် ထုတ်ပြန်ချက် အမှတ် (၁၂/ ၂၀၂၀)

၁။      ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်တားဆီးရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ချီးကျူး အားပေးမှုကိုရရှိခဲ့သော နိုင်ငံတော်အစိုးရ၏စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်မှုနှင့် ထိရောက်မှု ရှိသော ဆောင်ရွက်မှုများကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်း ထုတ်ပြန်ချက် အမှတ် (၅/၂၀၂၀) ထုတ်ပြန်၍ အသိအမှတ်ပြု အားပေးထောက်ခံခဲ့ပါသည်။ သို့ရာတွင် ဩဂုတ်လ လယ်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ နိုင်ငံအတွင်း ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပါသည်။ ထို့ပြင် လက်ရှိ ကူးစက်ပြန့်ပွားမှုများသည် ယခင်ကထက် ပိုမို မြန်ဆန်လာမှုကလည်း သတိပြုဖွယ် ဖြစ်လာပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ အားသစ်မာန်သစ်ဖြင့် တိကျပြတ်သားသော လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်မှုကို ကြားသိရသည့်အတွက် ကော်မရှင်အနေဖြင့်များစွာ ဝမ်းမြောက်အားရ ဖြစ်မိပါသည်။ မည်သူ့ကိုမျှ ချန်မထား ဟူသည့် မူဝါဒနှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ တုန့်ပြန်ဆောင်ရွက် မှုများသည် ခွဲခြားဆက်ဆံမှုများ အလျဉ်းမရှိကြောင်း တွေ့မြင်ရပါသည်။ သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ၊ မသန်စွမ်းသူများ၊ လူနည်းစုအုပ်စုများ၊ ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်သူများနှင့် ထိန်းသိမ်း ခံထားရသူများ ကဲ့သို့သော အချို့သော အုပ်စုများနှင့် လူပုဂ္ဂိုလ်များအပေါ်တွင်လည်း သက်ရောက်မှုရှိသဖြင့် အဆိုပါ အုပ်စုများနှင့် လူပုဂ္ဂိုလ် များအပေါ်တွင်လည်း နိုင်ငံတော်အစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှုများတွင် ကွဲပြားခြားနားသည့် လုံလောက် သော အထူးအစီအမံ များကို လိုက်လျောညီထွေစွာ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ကိုဗစ်-၁၉ကပ်ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း အမျိးသမီးများအတွက်လည်း သီးသန့် လိုအပ်ချက်များ ရှိပါသည်။ မြန်မာနိုင်ငံတွင် ကန့်သတ်ထားရှိမှုများနှင့် ပိတ်ဆို့မှုများ ဆောင်ရွက်ထားစဉ် ကာလအတွင်း အထည်ချုပ်က၌ အလုပ်အကိုင်များ ဆုံးရှုံးသွားခြင်းကြောင့် အမျိုးသမီးများ အတွက် သိသာသော ငွေကြေးဆုံးရှုံးသက်ရောက်မှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့အတွက် ပိုမိုခက်ခဲ ကြပ်တည်းလာစေနိုင်ပါသည်။

၂။       သတင်းအချက်အလက်များ လက်လှမ်းမီသိရှိနိုင်ရေးသည်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကို တားဆီးကာကွယ်ရာတွင် အရေးကြီးသည့်အချက်ဖြစ်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ကာကွယ်တားဆီးရေး အစီအမံများ၊ တစ်ကိုယ်ရည် သန့်ရှင်းကျန်းမာရေးအတွက် လိုက်နာကျင့်သုံးရမည့် အချက်များနှင့် အချိန်နှင့်တပြေးညီ ထုတ်ပြန် သော ညွှန်ကြားချက်များ အပါအဝင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းတို့သည် လမ်းကြောင်းမှန်သို့ရောက်ရှိရေးအတွက် အရေးကြီးသော လုပ်ဆောင်မှုများဖြစ်ပါသည်။

၃။      နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်နှင့် ရပ်တန့်စေရန်အတွက် လုပ်ဆောင်နိုင်သမျှအားလုံးကို ကြိုးပမ်းလုပ်ဆောင်ရာတွင် အောက်ခြေ အဖွဲ့အစည်းများက စိုးရိမ်မှု လွန်ကဲပြီး ရပ်ကွက်အတွင်း လမ်းသွယ်များ ပိတ်ဆို့ခြင်းကို လူမှုကွန်ယက် စာမျက်နှာများတွင် တွေ့မြင်ရခြင်းသည် စိတ်မချမ်းမြေ့မှုများကို ဖြစ်ပေါ် စေပါသည်။ ကိုဗစ်-၁၉ဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူအများက ကြည်ဖြူစွာ လိုက်နာစေရန် အောက်ခြေတာဝန်ရှိသူများက ကိုဗစ်-၁၉ဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ဖြစ်နိုင်သမျှ အချိန်တို ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ အကြပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက် များကို တိတိကျကျလိုက်နာရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းပါသည်။

၄။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်တားဆီး ဖြေရှင်းဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရ၏ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်မှုများကို အပြည့်အဝဆက်လက် အားပေးထောက်ခံလျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ အတွင်း မြန်မာနိုင်ငံအတွင်းရှိ လူသားအားလုံး၏ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက် မှုကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်