မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်အတွင်းရှိမောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ကွင်းဆင်းကြည့်ရှု ခြင်းနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၂/၂၀၁၇)

၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ပါဝင်သည့် ကွင်းဆင်းကြည့်ရှုလေ့လာရေးအဖွဲ့သည် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ၂၄ရက်နေ့မှ၂၉ရက်နေ့အထိ ကော်မရှင်ရုံး ဝန်ထမ်း၄ဦးနှင့်အတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ ကွင်းဆင်းလူ့အခွင့်အရေးဆိုင်ရာအခြေအနေများကို လေ့လာခဲ့ပါသည်။

၂။      ယင်းကဲ့သို့ လေ့လာရာတွင် ရွှေ့ပြောင်းခြင်းမပြုဘဲ သို့မဟုတ် မီးလောင်ကျွမ်းမှုမရှိဘဲ ကျန်ရှိနေသည့် ရွာများအနက် ဘင်္ဂါလီရွာ      ၅ရွာ၊ တိုင်းရင်းသားရွာ၅ ရွာ၊ ရခိုင်ရွာ၂ရွာ၊ ဟိန္ဒူရွာ၁ရွာ၊ စုစုပေါင်း၁၃ရွာနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့်နေရပ်စွန့်ခွာလာသူများအား စောင့်ရှောက်ထားသည့် ဘင်္ဂါလီစခန်း၁ခု၊ တိုင်းရင်းသားစခန်း၇ခု၊ ဘုန်းတော်ကြီးကျောင်း ၆ကျောင်း၊ ဟိန္ဒူစခန်း၂ခုစုစုပေါင်း၁၆ခု မှ ဘင်္ဂါလီ ၇၁ ဦး၊  တိုင်းရင်းသား၃၃ဦး၊ ဟိန္ဒူ ၁၃ ဦး၊ ဘူးသီးတောင်မြို့မှ ဘင်္ဂါလီ ရပ်မိရပ်ဖ ၂ဦး တို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၃။      အထက်ပါတွေ့ဆုံမေးမြန်းမှုများမှ အောက်ပါအချက်များကိုတွေ့ရှိရပါသည်-

(က)    ဩဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုများမဖြစ်မီ တဖက်နိုင်ငံမှ စိမ့်ဝင် လာသော ARSA အကြမ်းဖက်သမားများသည်-

  • နယ်မြေအတွင်းရှိ ဘင်္ဂါလီကျေးရွာများသို့ ဝင်ရောက်၍ လူငယ်များအား စည်းရုံးခြင်း၊ ခြိမ်းခြောက်သိမ်းသွင်းခြင်း၊ အကြမ်းဖက်တိုက်ခိုက်နည်းများ၊ လက်လုပ်ဗုံးပြုလုပ်နည်းများ သင်ကြားလေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြ သည်ဟု သိရှိရပါသည်။
  • အကြမ်းဖက်သင်တန်းပေးရာတွင်လည်း ၎င်းတို့သြဇာအာဏာလက်မခံသူ မွတ်ဆလင်များအား ခြိမ်းခြောက်ခြင်း သတ်ဖြတ်ခြင်းများပြုလုပ်သည်ဟု သိရှိရပါသည်။
  • အစိုးရသတင်းပေးဟုယူဆသူများ၊ သတင်းမီဒီယာနှင့်တာဝန်ရှိသူများက မေးမြန်းမှုများကို အမှန်အတိုင်းဖြေကြားခဲ့သူများအား သတ်ဖြတ်ခြင်းဖြင့် ဒေသန္တရအုပ်ချုပ်သူများနှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများအား သတင်းဆက် ဖြတ်သည့် လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။

(သာဓကအားဖြင့် မောင်တောမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၃ ဦး၊ ကျေးရွာတာဝန်ခံ ၁ ဦး၊ ရာအိမ်မှူး ၃ ဦး၊ ဆယ်အိမ်မှူး ၃ ဦး၊ ကျေးရွာကော်မရှင်ဥက္ကဋ္ဌ ၁ ဦး၊ အရပ်သား ၃၉ ဦး၊ စုစုပေါင်း ၅၀ ဦးတို့ သတ်ဖြတ်ခံခဲ့ရပြီး ရာအိမ်မှူး ၁ ဦးနှင့် အရပ်သား ၁၇ ဦးတို့ ပျောက်ဆုံးခဲ့ပါသည်။ ထို့အတူ ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာတာဝန်ခံ ၂ ဦး၊ ရာအိမ်မှူး ၂ ဦး၊ ဆယ်အိမ်မှူး ၂ ဦး၊ အရပ်သား ၁၁ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ သတ်ဖြတ်ခံခဲ့ရပြီး ရာအိမ်မှူး ၂ ဦး၊ အရပ်သား ၁ ဦးတို့ ပျောက်ဆုံးခဲ့ပါသည်။ စုစုပေါင်းချုပ်အနေဖြင့် သတ်ဖြတ်ခံရသူ ၆၇ ဦးနှင့် သေဆုံးသွားပြီဟု ယူဆရသော ပျောက်ဆုံးနေသူ ၂၁ ဦးရှိကြောင်း သိရှိရပါသည်။)

  • ၎င်းနောက် တိုင်းရင်းသားလူနည်းစုများနေထိုင်သည့် ကျေးရွာများသို့ သွားရောက်ခြိမ်း​ခြောက်ခြင်း၊ လှုပ်ရှားသွားလာနေသော တိုင်းရင်းသားများအား အုပ်စုလိုက် စီးနင်းသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ (သာဓကအားဖြင့် သြဂုတ်လ ၃ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကိုင်းကြီး (မြို) ကျေးရွာမှ မြိုတိုင်းရင်းသား ၈ ဦး၊ သြဂုတ်လ ၂၄ ရက်နေ့ခန့်က ရဲဘောက်ကျ ကျေးရွာနှင့် ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၃ ဦးတို့အား အုပ်စုလိုက် သတ်ဖြတ်ခဲ့ခြင်းများကို ဆိုလိုပါသည်။)
  • ၎င်းနောက် ဩဂုတ်လ ၂၅ ရက် (သောကြာနေ့) တွင် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသရှိ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ စခန်းများ၊ နတလစခန်းများအား အကြမ်းဖက်တိုက်ခိုက်ခဲ့ပါသည်။

(ခ)     တိုက်ခိုက်ရာတွင် အဓိကအကြမ်းဖက် တိုက်ခိုက်သူများနှင့် နယ်မြေခံကျေးရွာများရှိ ၎င်းတို့ စည်းရုံးထားသော မွတ်စလင်လူငယ်များက ဝတ်ရုံအနက်များ ဝတ်ဆင်ပြီး လက်နက်ငယ်များနှင့် လက်လုပ်မိုင်းများကိုင်ဆောင်ပစ်ခတ် တိုက်ခိုက်ကြသည်ဟု သိရပါသည်။

(ဂ)     အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ကျန်ရွာသားများက အင်အား ၃၀၀ ကျော်မှ ၁၀၀၀ ဦးခန့်ထိ စုစည်း၍ တုတ်၊ ဓားများ ကိုင်ဆောင်ကာ တိုင်းရင်းသား များ နှင့် စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ တုန်လှုပ် ခြောက်ခြားစေရန် ညာသံပေး အော်ဟစ်ခြင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ တုတ်၊ ဓား စသည့် လူကို သေစေနိုင်သော လက်နက်များဖြင့် အနီးကပ် ဝင်ရောက်ထိုးခုတ် သတ်ဖြတ်ခြင်း စသည့် နည်းဗျူဟာများဖြင့် တိုက်ခိုက်ခဲ့ကြသည်ဟု သိရှိရပါသည်။

(ဃ)    ဘင်္ဂါလီအကြမ်းဖက်သမားများက ၎င်းတို့စည်းရုံး၍ မရသော ကျေးရွာများအား မီးရှို့ခြင်းဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်သကဲ့သို့ မိမိတို့စည်းရုံးထားသော ကျေးရွာများကိုလည်းမီးရှို့ခြင်းဖြင့် ထိုဒေသတွင်နေထိုင်သူ ဘင်္ဂါလီများ ဆက်လက်နေထိုင်၍မရဘဲ တဖက်နိုင်ငံသို့ သွားရောက်ခိုလှုံစေရေးအတွက် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။

(င)     ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှု များဖြစ်စေပြီး ဒုက္ခသည်များအဖြစ် အသွင်ယူကာ ပြန်လည်ဝင်ရောက်နေထိုင် နိုင်ရေး၊ ၎င်းတို့အတွက်သီးခြား နယ်မြေ ထူထောင်နိုင်ရေးဆောင်ရွက်ရန် ပြန်လည် ရောက်ရှိချိန်တွင် လတ်တလောအသုံးပြုနိုင်ရေးအတွက် မီးရှို့ထားသော နေအိမ်များ၏ မြေအောက်၌ အဝတ်အစားများ၊ ဆန်များ၊အခြားအသုံးအဆောင်များ ကို တွင်းတူး၍ မြှုပ်ထားသည်ကိုလည်း ပြန်လည်ဖော်ထုတ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

(စ)     မောင်တောခရိုင်အတွင်း ရပ်ကွက်ကျေးရွာပေါင်း ၇၃၄ ရှိသည့်အနက် ၁၉၂ မှာ  ဘင်္ဂါလီအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်သွားခဲ့ပါသည်။ အိမ်ခြေအားဖြင့် ၁ သိန်း ၄ ထောင်ကျော်ရှိရာမှ ၂ သောင်း ၉ ထောင်ကျော် မီးလောင်ပျက်စီးသွားသည်ဟု သက်ဆိုင်ရာဌာနမှ ရရှိသော အချက်အလက်များအရ သိရှိရပါသည်။

(ဆ)    ARSA အကြမ်းဖက်သမားများက ရဲဘောက်ကျကျေးရွာနှင့် ခမောင်းဆိပ် ကျေးရွာတို့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဟိန္ဒူဘာသာဝင်များ အနက် အလောင်း ၄၅ လောင်းတွေ့ရှိရပြီး အမျိုးသမီးငယ် ၈ ဦးမှာ တဖက်နိုင်ငံသို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရကာ အစ္စလမ်ဘာသာသို့ အဓမ္မ သိမ်းသွင်းခံရကြောင်းနှင့် လမ်း တလျှောက်တွင် သားမယားပြုကျင့်ခံရကြောင်း သိရှိရပါသည်။

(ဇ)     အဆိုပါ အကြမ်းဖက်ဖြစ်စဉ်များသည် မော်လဝီဘာသာရေးခေါင်းဆောင်အချို့၏ စည်းရုံးလှုံ့ဆော်မှုများ၊ တဖက်နိုင်ငံမှ ခိုးဝင်လာသော ARSA အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်မှု၊ စည်းရုံးသိမ်းသွင်းမှုများနှင့် ဒေသခံ ဘင်္ဂါလီများ၏ စာမတတ်မှု၊အသိပညာနည်းပါးမှုများကြောင့်ဖြစ်ပွားခဲ့ရသည်ဟုဆွေးနွေးတင်ပြမှုများအရ သိရှိခဲ့ရပါသည်။

(ဈ)     ညောင်ချောင်း ဘင်္ဂါလီကျေးရွာသားများက ၎င်းတို့ကျေးရွာသို့ အကြမ်းဖက်ဘင်္ဂါလီ များက လာရောက်စည်းရုံးမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် လိုက်ပါသွားခြင်း မရှိခဲ့ကြောင်း၊ ၎င်းတို့သည် ဘိုးဘွားလက်ထဲကတည်းက ဤကျေးရွာတွင် နေထိုင်ခဲ့ကြသူများဖြစ်၍ မိမိတို့၏မိသားစုနှင့်အတူ ငြိမ်းချမ်းစွာ ဆက်လက်နေထိုင် လိုကြောင်း၊ ၎င်းတို့၏လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အဆင်ပြေအောင် ကူညီ စောင့်ရှောက်ပေးစေလိုကြောင်း တင်ပြပါသည်။

(ည)    ပန်းတောပြင်ဘင်္ဂါလီကျေးရွာမှ ကျောင်းဆရာတစ်ဦးက၎င်းတို့သည် ဤမြေပေါ် တွင် ဘိုးဘွားအစဉ်အဆက်က မွေးဖွားလာခဲ့ကြသော ဤနိုင်ငံသားများ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားသော ဘင်္ဂါလီများမဟုတ်ကြောင်း၊ သို့ဖြစ်၍ ၎င်းတို့ကိုဘင်္ဂါလီဟုခေါ်ဆိုနေခြင်းကို မကျေနပ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်မရှိသည်ကိုလည်းမကျေနပ်ကြောင်းစသည်ဖြင့်ပြောကြားပါသည်။ (ထိုအချိန်တွင်ပင် တပ်မတော်မှ စစ်ကားတစ်စီးဖြင့် စစ်သည်များ ရွာတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိရသဖြင့်မေးမြန်းရာ ရွာသားများအား ဆေးကုသပေးရန် လာသည်ဟု သိရှိရပါသည်။)

(ဋ)     ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ရန် အလယ်သံကျော်ကျေးရွာအနီး ပင်လယ် ကမ်းခြေ သဲသောင်ပြင်၌ရောက်ရှိနေသော ဘင်္ဂါလီများအားသွားရောက် တွေ့ဆုံ မေးမြန်းချက်များအရ ၎င်းတို့အနက် အချို့သည် ပဋိပက္ခဖြစ်ပွားနေသော နေရာများမှ လာရောက်ခြင်းမဟုတ်ဘဲ မေယုတောင်ကြော၏အရှေ့ဘက်၊ ဘူးသီးတောင်မြို့၏ တောင်ဘက်ခြမ်းကျေးရွာများမှ လာရောက်ကြသူများ ဖြစ်သည့်အပြင် အချို့မှာ မြောက်ဦးဘက်မှ လာရောက်ကြသည်ဟု သိရှိရပါသည်။ ၎င်းတို့အား တစ်ဖက်နိုင်ငံရှိ ၎င်းတို့၏ မိတ်ဆွေများမှတယ်လီဖုန်းဖြင့် စည်းရုံး ခေါ်ယူခဲ့ခြင်းများကြောင့် သွားရောက်ခြင်းဖြစ်ပြီး သွားရောက်ရန်အတွက် စီးနင်းမည့် စက်လှေကိုလည်း တစ်ဖက်နိုင်ငံဘက်ရှိဘင်္ဂါလီမိတ်ဆွေများက စီစဉ်ပေး သည်ဟု သိရှိရပါသည်။

(ဌ)     ARSA အကြမ်းဖက်သောင်းကျန်းသူများ၏ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်စည်းရုံးမှု ကြောင့် ဆူပူအုံကြွ၍ လုံခြုံရေးစခန်းများနှင့် တိုင်းရင်းသားကျေးရွာများအား ရွာလုံး ကျွတ် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသော ဘင်္ဂါလီများသည် ပြန်လည်တုန့်ပြန်လက်စားချေ မည်ကို စိုးရိမ်ကြောက်လန့်ပြီး နေအိမ် စွန့်ခွာထွက်ပြေးခဲ့ကြရာ မိမိတို့နေအိမ်များကို မိမိတို့ကိုယ်တိုင် မီးရှို့ခဲ့ကြသည်များ ရှိသကဲ့သို့ လူမရှိတော့သော နေအိမ်များအား တိုင်းရင်းသားများကလည်း မီးရှို့ကြသည်ဟု သိရပါသည်။ ထို့ပြင် နတလ ကျေးရွာများအဖြစ် ထူထောင်ထားသည့်ရွာများတွင် နေထိုင်သူများမှလည်း မီးရှို့ကြသည်ဟု သိရှိရပါသည်။

၄။      အထက်ပါတွေ့ရှိချက်များနှင့် လူ့တွေ့မေးမြန်းသိရှိရချက်များအပေါ်အခြေခံ၍ အောက်ပါ အတိုင်းသုံးသပ်ရရှိပါသည်-

(က)    ဘင်္ဂါလီ အကြမ်းဖက်များသည် ၂၀၁၂ ခုနှစ်တွင် မောရဝတီ၊ ကိုင်းကြီး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ရွှေရင်အေး၊ ကံသာယာ၊ သရေကုန်းဘောင်၊ ဝေသာလီ၊ ဗိုလ်မှူးရွာစသည့် တိုင်းရင်းသား ကျေးရွာများကို မီးရှို့ခဲ့ခြင်း၊  ၂၀၁၆ ခုနှစ်တွင် နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း၊ ယခု ၂၀၁၇ ခုနှစ်တွင် အစိုးရသတင်းပေးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စသည့် အမာခံများအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်း၊ တိုင်းရင်းသား လူနည်းစုများအား ခြိမ်းခြောက်ခြင်း၊ အစုလိုက်သတ်ဖြတ်ခြင်း၊ မေယု တောင်ကြော ပေါ်ရှိ ၎င်းတို့၏ ​လျှို့ဝှက်စခန်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လုံခြုံရေး ကင်းစခန်းများကို ယခုကဲ့သို့ အစီအစဉ်တကျအချိန်ကိုက် တိုက်ခိုက်လာခြင်းများ ကြောင့် ARSA အဖွဲ့သည်ဘူးသီးတောင်၊ မောင်တောဒေသအား သီးခြား နယ်မြေ တစ်ခုအဖြစ် ထူထောင်နိုင်ရေးအစဉ်တစ်စိုက် ကြိုးပမ်းနေသည်ဟု သုံးသပ်ရ ပါသည်။

(ခ)     ဟိန္ဒူဘာသာဝင်များအား အစုလိုက်သတ်ဖြတ်ခြင်း၊ ဟိန္ဒူအမျိုးသမီးငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းကြောင်းတလျှောက် သားမယားပြုကျင့်ခြင်း၊ ၎င်းတို့ဘာသာသို့ဝင်ရောက်စေရန် အဓမ္မကြိုးပမ်းခြင်းများသည်လည်းကောင်း၊ ဤကာလမတိုင်မီက မြိုတိုင်းရင်းသား၈ဦးကို အုပ်စုလိုက်သတ်ဖြတ်ခြင်းသည် လည်းကောင်း၊ အစ္စလာမ် ဘာသာဝင်များကိုလည်း ၎င်းတို့နှင့်အတူ အဖျက်အမှောင့် လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန် အဓမ္မစည်းရုံး သိမ်းသွင်းခြင်း၊ ၎င်းတို့နောက်သို့ မလိုက်ပါသူများအား ရိုက်နှက်ခြင်း၊ နေအိမ်မီးရှို့ခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် စည်းရုံးသိမ်းသွင်းခြင်းများသည် လည်းကောင်း လူအခွင့်အရေး ချိုးဖောက်ရာရောက်သည်ဟုဆိုရပါမည်။ ထို့ပြင် တိုင်းရင်းသား ကျေးရွာများနှင့် လုံခြုံရေးတပ်စခန်းများအား လူအင်အားဖြင့် အော်ဟစ်အသံပေး ကြောက်လန့်စေခြင်း၊ ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး သတ်ဖြတ်ခြင်းများသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည့်အပြင် အချုပ်အခြာအာဏာကိုလည်း ထိပါးသည့် လုပ်ရပ်များပင်ဖြစ်သည်ဟု သုံးသပ်ရရှိပါသည်။

(ဂ)     လက်ရှိအခြေအနေတွင် ကျေးရွာအချို့ မီးလောင်ပျက်စီးသွားခြင်း၊ ဘင်္ဂါလီများနှင့် တိုင်းရင်းသားများအကြား အပြန်အလှန် ယုံကြည်မှုပျက်ပြားပြီး လက်ရှိ နေထိုင်သော ကျေးရွာ၏ အပြင်ဘက်သို့ မထွက်ရဲခြင်း၊ သားငါးရှာဖွေမှုမှစ၍ စားဝတ်နေရေးခက်ခဲနေခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးကုသရန်ခက်ခဲနေခြင်း စသည့်အခက်အခဲများကို ဘင်္ဂါလီများအပြင် ဒေသခံတိုင်းရင်းသားများအားလုံး ရင်ဆိုင်ကြုံတွေ့နေရခြင်းသည်လည်း လူ့အခွင့်အရေး ထိခိုက်နစ်နာနေခြင်းပင် ဖြစ်သည်ဟု သုံးသပ်ရရှိပါသည်။

(ဃ)    ပန်းတောပြင်ဘင်္ဂါလီကျေးရွာမှ ကျောင်းဆရာတစ်ဦး၏ ပြောကြားချက်အရ ထိုဒေသရှိ ဘင်္ဂါလီများတွင် အထွေထွေ မကျေနပ်မှုများရှိနေပြီး ယင်းမကျေနပ်မှု များနှင့်တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော အကြမ်းဖက်သမားများ၏ သွေးထိုး လှုံ့ဆော်မှုများ ပေါင်းစပ်လိုက်သည့်အခါ ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပေါ်လာသည်ဟု သုံးသပ်ရပါသည်။ အကယ်၍ယင်းအခြေအနေကို ထိန်းသိမ်းခြင်း၊ လိုအပ်သလိုကုစားခြင်းများမပြုလုပ်နိုင်ပါက နောက်ထပ် အကြမ်းဖက် ဖြစ်စဉ်များ ထပ်မံဖြစ်ပွားလာနိုင်သည့် အလားအလာများ ဖြစ်လာနိုင်သည်ဟု သုံးသပ်ရရှိပါသည်။

(င)     တစ်ဖက်နိုင်ငံသို့ထွက်ပြေးရန် ကြိုးစားနေကြသည့် ဘင်္ဂါလီများနှင့် တွေ့ဆုံမေးမြန်းချက်များအရARSA အကြမ်းဖက်သမားများက တိုင်းရင်းသား လူနည်းစုများအပေါ် အုပ်စုလိုက်သတ်ဖြတ်ခြင်း၊ အစိုးရ လုံခြုံရေးစခန်းများကို ရွာလုံးကျွတ် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်းများကြောင့် ပြန်လည်လက်စားချေမှုများ ပြုလုပ်လာနိုင်သည်ဟု တစ်ဖက်နိုင်ငံရှိ မိတ်ဆွေများမှ ဖုန်းဖြင့် စည်းရုံး ပြောကြားပြီး လာရောက်ရန်စက်လှေ စီစဉ်ပေးခြင်းများ ပြုလုပ်ခြင်းသည် မိမိနိုင်ငံ အပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန် ဖန်တီးသည့်လုပ်ရပ်ဟု သုံးသပ်ရရှိ ပါသည်။

(စ)     ထိုဒေသရှိ ဘင်္ဂါလီကျေးရွာများအား စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှု အားနည်းခြင်း ကြောင့် ARSA အကြမ်းဖက်သမားများသည် အဆိုပါရွာများအတွင်းသို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးပြီး ရွာတွင်း၌ပင် အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်နေသည် ကို အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ အချိန်မီ သိရှိတားမြစ်ထိန်းချုပ်နိုင်ပါက ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးနိုင်မည်ဟု သုံးသပ်ရရှိပါသည်။

၅။      သို့ဖြစ်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူသီးတောင်၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး နှင့် အချုပ်အခြာ အာဏာတည်မြဲရေး၊ ပိုင်နက်နယ်မြေ မဆုံးရှုံးရေး၊ ထိုဒေသရှိ တိုင်းရင်းသား များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရေးတို့အတွက် အောက်ပါတို့ကို အကြံပြုခဲ့ပါသည်-

(က)    တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဘင်္ဂါလီများအနက် ရိုးသားစွာဖြင့် သူတပါး ခြိမ်းခြောက်မှုကြောင့် လိုက်ပါသွားကြရသူများရှိသကဲ့သို့ လူသတ်ခြင်း၊ မိုင်းထောင်ခြင်း၊ မီးရှို့ခြင်း၊ မုဒိမ်းကျင့်ခြင်းစသည့် ရာဇဝတ်မှုများကျူးလွန်ပြီး ထွက်ပြေးသွားသူများ၊ အထူးသဖြင့် အကြမ်းဖက်အုပ်စုများထံမှ အကြမ်းဖက် သင်တန်းများ တက်ရောက်ပြီးသူများ၊ ပြန်လည်လက်ခံချိန်တွင် စစ်ဆေးတွေ့ရှိရ ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်သင့်ပါသည်။

(ခ)     လက်ရှိမီးလောင်သွားသော ကျေးရွာများတွင် ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအား ပြန်လည်နေရာချထားပေးခြင်းဖြင့် လက်ရှိနေထိုင်နေသော တိုင်းရင်းသား လူနည်းစုများသည် စိတ်ဓာတ်ရေးရာအရ မလုံခြုံမှုများ ခံစားနိုင်သည့်အပြင် နောင်ကာလတစ်ခုတွင် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာနိုင်သဖြင့် ၎င်းတို့အား ပြန်လည်နေရာ ချထားပေးခြင်းနှင့် ပတ်သက်၍ အလေးအနက် စဉ်းစားဆောင်ရွက်သင့်ပါသည်။

(ဂ)     အဆိုပါမီးလောင်ခဲ့သည့် ကျေးရွာများအနက် မောင်တောမြို့ တောင်ဘက်ခြမ်း အငူမော်အထိ ပင်လယ်ကမ်းခြေဒေသသည် လုံခြုံရေးအရအရေးပါသောဒေသ ဖြစ်သည့်အပြင် လွန်စွာသာယာလှပသော ဒေသဖြစ်သဖြင့် ယင်းဒေသအား ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ထူထောင်ပေးသင့်ပါသည်။

(ဃ)    ထို့ပြင် ပင်လယ်ကမ်းခြေတစ်လျှောက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်လိုသူများအား လုပ်ငန်းထူထောင်ခွင့်ပြုပေးသင့်ပြီး ၎င်းတို့လိုအပ်ချက်များကို ပံ့ပိုးကူညီပေးသင့် ပါသည်။

(င)     ထွက်မပြေးဘဲ ငြိမ်းချမ်းစွာ ကျန်ရှိနေထိုင်သော ဘင်္ဂါလီများအား ၎င်းတို့၏ စားဝတ်နေရေး အခက်အခဲနှင့် ကျန်းမာရေး၊ လူမှုရေး အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် အမြန်ဆုံး စာရင်းကောက်ယူပြုစုပြီး ယာယီထောက်ခံချက် လက်မှတ်များကိုဒေသအုပ်ချုပ်ရေးအစီအစဉ်ဖြင့် ထုတ်ပေးပြီး ဒေသတွင်း လွတ်လပ်စွာ သွားလာရှာဖွေစားသောက်ခွင့်ပြုပေးခြင်းနှင့် လတ်တလော လိုအပ်နေသည့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို ဒေသအစီအစဉ်ဖြင့် ထောက်ပံ့ ကူညီပေးသင့်ပါသည်။

(စ)     ကျန်ရှိနေသော ဘင်္ဂါလီများအပါအဝင်တိုင်းရင်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အထူးအဖွဲ့များ ဖွဲ့စည်းပြီး ကာလတစ်ခုအထိ သတ်မှတ်၍ သွားရောက်ကူညီစောင့်ရှောက် ကုသပေးခြင်း၊ တပ်မတော် ဆေးတပ်ဖွဲ့မှလည်း ပူးပေါင်းပါဝင် ကူညီစောင့်ရှောက် ကုသပေးခြင်းများကို ရေတိုလုပ်ငန်းအဖြစ် ပြုလုပ်ပေးပြီး ရေရှည်လုပ်ငန်းအဖြစ် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ တိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ တည်ဆောက်ပေးသင့်ပါသည်။

(ဆ)    လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အခြားဖွံ့ဖြိုးတိုးတက်မှုများ၏ အခြေခံဖြစ်သဖြင့် ဘူးသီးတောင်၊ မောင်တောဒေသအတွင်း မော်တော်ကားလမ်း များကို လက်ရှိမြေသားလမ်းများ၊ ကျောက်ခင်းလမ်းများ အဖြစ်မှ ကွန်ကရစ် လမ်းများအဖြစ်သို့ အမြန်ဖောက်လုပ်ပေးသင့်ပါသည်။ ထို့ပြင် စစ်တွေမှ ရသေ့တောင်၊ ဘူးသီးတောင် မော်တော်ကားလမ်း ဖောက်လုပ်နိုင်ရေးအတွက် လိုအပ်သော နေရာများတွင် တံတားကြီးများ တည်ဆောက်ပေးသင့်ပါသည်။

(ဇ)     ထိုဒေသတွင် နေထိုင်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သည့် စက်ကိရိယာပစ္စည်းနှင့် နည်းပညာများ၊ ငွေကြေး အကူအညီများ၊ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူများအတွက် ငါးဖမ်းစက်လှေများ၊ ငါးဖမ်းပိုက်များ၊ နည်းပညာများ၊ ငွေကြေးအကူအညီများ ပေးရမည့်အပြင် ထွက်ပေါ်လာမည့် လယ်ယာ ထွက်ကုန်နှင့် သားငါးများအား ပြည်တွင်းပြည်ပသို့ ဖြန့်ချိရောင်းချမှုကို ကူညီဆောင်ရွက်ပေးသင့်ပါသည်။

(ဈ)     ထို့ပြင် ယင်းဒေသတွင် နေထိုင်သူများ၏ သားသမီးများ ပညာရေးအတွက် မူကြိုကျောင်းများ၊ မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ အထက်တန်းကျောင်းများ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများကို အမြန်ဆုံး ထူထောင်ပေးပြီး သွားရောက်တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ယင်းဒေသသို့ သွားရောက်လုပ်ကိုင် ဆောင်ရွက်လိုစိတ် ဖြစ်ပေါ်လာစေ ရေးအတွက် ၎င်းတို့ နေထိုင်ရေး၊ သက်သာချောင်ချိရေးနှင့် လုံခြုံရေးများကိုလည်း အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသင့်ပါသည်။

(ည)    ထို့ပြင် ထိုဒေသလုံခြုံရေးအတွက် ရဲစခန်းများ၊ ရဲကင်းများ၊ လုံခြုံရေးစခန်းများကို လိုအပ်သလို တည်ဆောက်ပေးပြီး ၎င်းတို့အချင်းချင်း ဆက်သွယ်မှု လွယ်ကူစေရေး အတွက် ဆက်သွယ်ရေး ပစ္စည်းကိရိယာများ၊ ကွန်ရက်များ၊ ခေတ်မီ လက်နက်များ တပ်ဆင်ပေးသင့်ပါသည်။

(ဋ)     ဘူးသီးတောင်၊ မောင်တောဒေသ၌ လက်ရှိကျန်ရစ်ခဲ့သော ဘင်္ဂါလီများအား လည်းကောင်း၊ ပြန်လည်စိစစ်လက်ခံပြီးသော ဘင်္ဂါလီများအားလည်းကောင်း၊ မိမိနိုင်ငံ၏ ဥပဒေနှင့်အညီ လိုက်နာနေထိုင်နိုင်ရေးတို့ကို တိကျစွာ ညွှန်ကြား စိစစ်ကြပ်မတ်သင့်ပါသည်။

၆။      ဩဂုတ်လ ၂၅ ရက်နေ့တွင် ARSA အကြမ်းဖက် သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့ စခန်းများသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊ တိုင်းရင်းသားကျေးရွာများအား ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခြင်း၊ တိုင်းရင်းသားလူနည်းစုများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးငယ်များအား သားမယား ပြုကျင့်၍ ၎င်းတို့ဘာသာအတွင်းသို့ အဓမ္မသိမ်းသွင်းခြင်း များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သကဲ့သို့ ယင်းဖြစ်ရပ်များကို တားဆီးနှိမ်နင်း တိုက်ဖျက်ချိန်တွင် ဆက်စပ်ပတ်သက်နေသည့် ကျေးရွာပြည်သူအများစုမှာလည်း လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ခံစားခဲ့ကြရပါသည်။ ထို့ပြင် ပဋိပက္ခဖြစ်ပွားမှုများ အေးငြိမ်းသွားခဲ့ သော်လည်း ကျန်ရှိနေသော ဘင်္ဂါလီများသည် သံသယဖြင့် ပြောဆိုဆက်ဆံမှုများ ခံစားနေရပြီး သွားလာနေထိုင်မှု ကန့်သတ်ချက်များ ရှိနေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့် အခက် အခဲများ ကြုံတွေ့နေရခြင်း၊ ဝမ်းစာရှာဖွေမှုအတွက် အကန့်အသတ်များ ရှိနေခြင်း များကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ကြုံတွေ့ခံစားနေရကြောင်း တွေ့ရှိရပါသည်။

၇။      သို့ဖြစ်ပါ၍ အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလျင်အမြန် ဆောင်ရွက်ခြင်း ဖြင့်မလိုလားအပ်သော အနိဋ္ဌာရုံများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ရှောင်ရှားနိုင်မည်ဟု သုံးသပ်ရရှိပါကြောင်း ဖော်ပြအပ်ပါသည်။

                                                                                                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ  ၁၀ ရက်