မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်အတွင်းရှိမောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၁/၂၀၁၇)

၁။      ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့သည်၂၀၁၇ခုနှစ်၊ စက်တင်ဘာလ၂၄ရက်နေ့မှ၂၉ရက်နေ့အထိကွင်းဆင်းကြည့်ရှု လေ့လာခဲ့ပါသည်။

၂။      ထိုသို့ သွားရောက်ရာတွင် ဘင်္ဂါလီရွာ ၅ ရွာ၊ တိုင်းရင်းသားရွာ ၇ ရွာ၊ ဟိန္ဒူရွာ ၁ ရွာတို့သို့ လည်းကောင်း၊ ဒုက္ခသည်စခန်းများအနေဖြင့် ဘင်္ဂါလီစခန်း ၁ ခု၊ တိုင်းရင်းသားစခန်း ၇ ခု၊ ဟိန္ဒူစခန်း ၂ ခု၊ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းတို့သို့လည်းကောင်း သွားရောက်၍ဘင်္ဂါလီ ၇၁ ဦး၊ တိုင်းရင်းသား ၃၃ ဦး၊ ဟိန္ဒူဘာသာဝင် ၁၃ ဦးတို့အား လွတ်လပ်စွာ တွေ့ဆုံမေးမြန်းခဲ့သည့်အပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကို လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၃။      တွေ့ဆုံမေးမြန်းချက်များအရ ARSA အကြမ်းဖက်သမားများသည် နယ်မြေအတွင်းရှိ လူငယ်များအားစည်းရုံးခြင်း၊ ခြိမ်းခြောက်သိမ်းသွင်းခြင်း၊ အကြမ်းဖက်တိုက်ခိုက်နည်းများ သင်ကြားလေ့ကျင့်ပေးခြင်း၊ ၎င်းတို့စည်းရုံးမှုကိုလက်မခံသူများအားခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ အစိုးရသတင်းပေးဟုယူဆသူများ၊ သတင်းမီဒီယာနှင့် တာဝန်ရှိသူများက လာရောက် မေးမြန်းသည့် အခါ၎င်းတို့အားဆန့်ကျင်ဖြေကြားခဲ့သူများအားသတ်ဖြတ်ခြင်း၊ တိုင်းရင်းသား လူနည်းစုများ နေထိုင်သည့် ကျေးရွာများသို့ သွားရောက်ခြိမ်း​ခြောက်ခြင်း၊ တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များအားအုပ်စုလိုက်သတ်ဖြတ်ခြင်း၊ နယ်မြေ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့စခန်းများ၊ နတလစခန်းများနှင့် တိုင်းရင်းသား ကျေးရွာများအား အကြမ်းဖက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

၄။   အကြမ်းဖက်သောင်းကျန်းသူများနှင့်တိုက်ခိုက်သည့်ဖြစ်စဉ်များရပ်ဆိုင်းသွားပြီးနောက်ပိုင်း၂၈-၉-၂၀၁၇ ရက်နေ့တွင်အလယ်သံကျော်ကျေးရွာအနီး ပင်လယ်ကမ်းခြေ၌ တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စုဝေးစောင့်ဆိုင်းနေသည့် ဘင်္ဂါလီ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သတင်းအရကော်မရှင် ကြည့်ရှု လေ့လာရေးအဖွဲ့မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းတို့ကတစ်ဖက်နိုင်ငံတွင် ရောက်ရှိနေသောအသိမိတ်ဆွေများကတယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ၎င်းတို့ဘက်တွင် စားသောက်နေထိုင်ရေးအဆင်ပြေသဖြင့် လာရောက်ရန် ခေါ်ယူမှုများရှိနေပြီး ၎င်းတို့အနေဖြင့်လည်းလက်ရှိနေရာတွင် လုံခြုံရေးနှင့် စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေရခြင်းတို့ကြောင့်သွားရောက်လိုခြင်းဖြစ်ကြောင်းပြောကြားပါသည်။ မိမိတို့ဘက်မှ လုံခြုံရေးနှင့် စားသောက်ရေးအခက်အခဲများကို ကူညီဖြေရှင်းပေးနေကြောင်း ပြောကြားခဲ့ သော်လည်း ၎င်းတို့အားစက်လှေများဖြင့် လာရောက်ခေါ်ဆောင်ရန် စီစဉ်ထားပြီးဖြစ်၍ မိမိတို့ဆန္ဒအလျောက် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်းဖြေကြားကြပါသည်။

၅။      ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာမထိပါးရေး၊ ထိုဒေသတွင် နေထိုင်သူများ၏ လူ့အခွင့်အရေး ထိခိုက် နစ်နာမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် လိုအပ်သည့်လုံခြုံရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့်စီးပွားရေးတို့ကို အမြန်ပြန်လည် ထူထောင်ရေးနှင့် ယင်းဒေသတွင် ခရီးသွားလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် နိုင်ငံတော်က စီမံချက်ချမှတ်၍ ဆောင်ရွက်သင့်ပါကြောင်း နှင့်ထိုဒေသလုံခြုံရေးအတွက် ရဲစခန်းများ၊ ရဲကင်းများ၊ လုံခြုံရေးစခန်းများကို လိုအပ်သလို တိုးချဲ့တည်ဆောက်ပေးသင့် ပါကြောင်းအကြံပြုအပ်ပါသည်။

၆။      နေရပ်စွန့်ခွာ ထွက်မပြေးဘဲငြိမ်းချမ်းစွာကျန်ရှိနေထိုင်သောဘင်္ဂါလီများအား ၎င်းတို့၏ စားဝတ်နေရေးအခက်အခဲနှင့် ကျန်းမာရေး၊ လူမှုရေး အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် အမြန်ဆုံးစာရင်းကောက်ယူပြုစု၍ ဒေသအုပ်ချုပ်ရေးအစီအစဉ်ဖြင့် ယာယီထောက်ခံချက်များကို ထုတ်ပေးပြီးဒေသတွင်း လွတ်လပ်စွာသွားလာရှာဖွေစားသောက်ခွင့်ပြုပေးခြင်းနှင့် ထိုဒေသတွင် နေထိုင်သူများအားလုံးအတွက် လတ်တလောလိုအပ်နေသည့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို လိုအပ်သလိုထောက်ပံ့ကူညီပေးခြင်းတို့ ဆောင်ရွက်ပေးသင့်ပါသည်။

၇။      နေရပ်စွန့်ခွာတိမ်းရှောင်သွားကြသည့် ဘင်္ဂါလီများအားပြန်လည်လက်ခံရာတွင် ရာဇဝတ်မှု ကျူးလွန်ခဲ့သူများARSAအကြမ်းဖက် သောင်းကျန်းသူများ ပါရှိ မလာစေရေးစနစ်တကျ စိစစ် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြန်လည်နေရာချထားရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်း ရေရှည်ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကို အလေးအနက်ထားဆောင်ရွက်သင့်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၃ ရက်