မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် ( ၂၁/ ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်၂၀၁၈ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ရုံးဝန်ထမ်း၃ဦးနှင့်အတူ မအူပင် အကျဉ်းထောင်အားကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များအပေါ် လိုအပ်ချက်များဖြည့် ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။

၂။      မအူပင်အကျဉ်းထောင်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ဘာသာအားလုံးအတွက် သီးသန့်ဝတ်ပြုနိုင်ရန် အခန်းတစ်ခုစီစီစဉ်ပေးသင့်ပါသည်။

(ခ)     ARTဆေးမရရှိသေးသည့် HIV ရောဂါသည် အကျဉ်းသားတစ်ဦးအား ART ဆေးရရှိရေးအလျင်အမြန် ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     ကျောက်ကပ်ရောဂါခံစားနေရသောအချုပ်သားတစ်ဦးအားကုသပေးရန်နှင့် မိသားစုမှ ရောဂါနှင့်သက်ဆိုင်သောဆေးဝါးများလာရောက်ပေးပို့ပါကလည်းအမြန်စိစစ်၍  ခွင့်ပြုပေးသင့်ပါသည်။

(ဃ)    အိပ်ဆောင်ခေါင်မိုးနှင့်ကြမ်းပြင်နီးကပ်သဖြင့် အပူဒဏ်ကိုခံစားရကြောင်းသတင်းပို့တင်ပြကြမှုများရှိသဖြင့် ပန်ကာများတပ်ဆင်ပေးရေးသို့မဟုတ် အပူဒဏ်လျော့ရေးဆောင်ရွက်ပေးသင့်ပါသည်။

(င) မျက်စိဆရာဝန်ဖြင့်ပြသသော်လည်းသက်သာမှုမရှိသောအကျဉ်းသားနှင့်လိပ်ခေါင်း​ရောဂါခံစားနေရသော အကျဉ်းသားတို့အားစိစစ်ပြီးသက်ဆိုင်ရာအထူးကုဆရာဝန် များနှင့်ပြသ၍စနစ်တကျ ကုသပေးသင့်ပါသည်။

(စ)     အကျဉ်းထောင်တွင် ခြင်ကိုက်ခံရမှုများကြောင်းတင်ပြမှုများရှိသဖြင့် ရေဆိုးမြောင်း များသန့်ရှင်းရန် ပြန်လည်စစ်ဆေးခြင်း၊ ခြင်ဆေးဖျန်းခြင်းများကို ထပ်မံဆောင်ရွက် ပေးသင့်ပါသည်။

(ဆ)    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူ တွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအား ကော်မရှင် ဥပဒေပုဒ်မ ၃၈ အရ လက်တုံ့ပြန်အရေးယူမခံရစေရေး အလေးထားဆောင်ရွက်ပေးပါရန် အကြံပြုခဲ့ပါသည်။

                                                                                                                                               မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊၂၀၁၈ခုနှစ်၊မေလ   ၃၁ ရက်