မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၁၈/ကာကွယ်/၂၀၁၇)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သထုံမြို့နှင့် ကျိုက်ထိုမြို့များရှိ အကျဉ်းထောင်၊ ကုန်ထုတ်စခန်း၊ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံး အချုပ်ခန်းတို့အား ၁၇-၇-၂၀၁၇ ရက်နေ့နှင့် ၁၈-၇-၂၀၁၇ ရက်နေ့များတွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များအရ လိုအပ်သောအချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့အကြံပြုခဲ့ ပါသည်။

၂။      သထုံအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)    အိပ်ဆောင်များတွင် ပြင်ပအလင်း အားနည်းသဖြင့် လျှပ်စစ်မီးများ ထပ်မံတပ်ဆင် သင့်ပါသည်။

(ခ)     မိုးတွင်းကာလတွင် အကျဉ်းသားများ၏ လျှော်ဖွပ်ပြီးသော အဝတ်များလှန်းနိုင်ရေး အတွက် အဝတ်လှန်းစင်များ စနစ်တကျထားပေးသင့်ပါသည်။

(ဂ)     အကျဉ်းထောင်မှာ နေရာကျဉ်းမြောင်းသဖြင့် ကိုယ်လက်လှုပ်ရှားရန် အချိန်သီးသန့် ပေးသင့်ပါသည်။

၃။      ဇင်းကျိုက်ကုန်ထုတ်စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    သောက်ရေစစ်ကန်အမိုး၌ အလင်းရောင်ရရှိရန်နှင့် ပိုးလောက်လန်းများ ခိုအောင်းမှု မရှိစေရန် အလင်းပေါက် ပလတ်စတစ် အမိုးပြား တစ်ချပ် တပ်ဆင်သင့်ပါသည်။

(ခ)     အိပ်ဆောင် ၃ တွင် ခေါင်မိုးနှင့်မိလ္လာခန်းတွင် မိုးယိုနေသဖြင့် ပြုပြင်သင့်ပါသည်။

(ဂ)     ဆေးခန်းတာဝန်ရှိသူမှ ဆေးနားပေးထားသော အကျဉ်းသားအချို့အား အနား မပေးဘဲ စခန်းတွင်း၌ အခြားအလုပ်များအား ခိုင်းစေသည်ဟု သိရှိရသဖြင့် တာဝန် ရှိသူများမှ ထိန်းသိမ်းစောင့်ရှောက်သင့်ပါသည်။

(ဃ)    အကျဉ်းသားအချို့၏ ထွက်ဆိုချက်အရ တနင်္ဂနွေနေ့တွင် အချို့အကျဉ်းသားများမှာ အလုပ်ဆင်းရသည်ဟု သိရှိရသဖြင့် တနင်္ဂနွေနေ့အား အနားပေးသင့်ပါသည်။

(င)     ဆေးခန်းတွင် လိုအပ်သော ဆေးဝါးများအား ဖြည့်ဆည်းထားရန်နှင့် ဆေးခန်းလိုက် အမည်စာရင်း၊ ရောဂါနှင့် လိုအပ်သော အချက်အလက်များအား စနစ်တကျ မှတ် တမ်းရေးသွင်းထားသင့်ပါသည်။

၄။      ရင်းငြိမ်ကုန်ထုတ်စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ဝန်ထမ်းအင်အားမှာ ဖွဲ့စည်းပုံအရ ၁၁၂ ဦးရှိသော်လည်း လက်ရှိတွင် ၄၇ ဦးသာ ရှိပြီး ၆၅ ဦးလိုအပ်နေသဖြင့် ဖြည့်ဆည်းပေးသင့်ပါသည်။

(ခ)     သောက်ရေစစ်ကန်အမိုး၌ အလင်းရောင်ရရှိရန်နှင့် ပိုးလောက်လန်းများ ခိုအောင်းမှု မရှိစေရန် အလင်းပေါက် ပလတ်စတစ် အမိုးပြား တစ်ချပ် တပ်ဆင်သင့်ပါသည်။

(ဂ)     စခန်း၌ လိုအပ်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းအား ဖြည့်ဆည်းနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

(ဃ)    အိပ်ဆောင်များရှိစုတ်ပြဲနေသောဖယောင်းပုဆိုးများ လဲလှယ်ပေးသင့်ပါသည်။

(င)     အိပ်ဆောင်များအတွင်း ကြမ်းပိုးကိုက်သည်ဟု သိရှိရသဖြင့် ပိုးသတ်ဆေးများ ပုံမှန် ဖြန်းပေးသင့်ပါသည်။

(စ)     အိပ်ဆောင် ၁ ၌ မိုးယိုနေသဖြင့် ပြုပြင်သင့်ပါသည်။

(ဆ)    အကျဉ်းသားအင်အား ၃၉၅ ဦးအတွက် အိပ်ဆောင်များတွင်သာ မိလ္လာများရှိသဖြင့် အိပ်ဆောင်ပြင်ပ နေ့မိလ္လာများ ထပ်မံ ဆောက်လုပ်ပေးသင့်ပါသည်။

(ဇ)     ညနေပိုင်းတွင် အကျဉ်းသားများအား အားကစားပြုလုပ်ချိန် ပေးသင့်ပါသည်။

(ဈ)     ရဲဘက်အကျဉ်းသားများအားအလုပ်များခိုင်းစေရာတွင် ဝန်ထမ်းများနှင့် အကျဉ်း သား ခေါင်းဆောင်အချို့မှ မိခင်နှင့်နှိုင်း၍ ဆဲရေးတိုင်းထွာခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ ခေါင်းကိုအဝတ်အုပ်၍ တုတ်ဖြင့်ရိုက်နှက် ခြင်းများ ပြုလုပ်နေကြကြောင်း သိရှိရသဖြင့်  ဆက်လက် မလုပ်ကိုင်စေရေး တာဝန် ရှိသူများမှကြပ်မတ် ထိန်းသိမ်းဆောင်ရွက်သင့်ပါသည်။ တားမြစ်သော်လည်း ဆက်လက်လုပ်ကိုင်နေပါက စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူ သင့်ပါသည်။

(ည)    ရေချိုးခွက်မှာသေးငယ်ပြီး ရေချိုးချိန် လုံလောက်မှုမရှိခြင်းကြောင့် ခွက်ကြီးဖြင့် လဲလှယ်ချိုးပါက အကျဉ်းသားခေါင်းဆောင်များမှ မိခင်နှင့်နှိုင်း၍ဆဲခြင်း၊ ထိုးကြိတ် ကန်ကြောက်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် ရေချိုးခွက်လဲလှယ်ပေးရန်၊ ရေချိုးချိန် ကို လုံလောက်အောင်ပေးရန်၊ အချင်းချင်းအနိုင်ကျင့်မှုများ မဖြစ်စေရေး ကြပ်မတ် ပေးသင့်ပါသည်။

(ဋ)     အကျဉ်းသားအချို့မှာ ဝတ်စုံပြာတစ်စုံတည်းသာရှိခြင်းကြောင့် လဲလှယ်လျှော်ဖွပ်ရန် အခက်အခဲများရှိနေကြကြောင်း သိရသဖြင့် အများနည်းတူ ဝတ်စုံနှစ်စုံရရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဌ)     စစ်ဆေးချိန်တွင် ခင်းကျင်းပြသသောပဲဟင်းမှာ ပျစ်ပျစ်နှစ်နှစ်ရှိသော်လည်း ခေါ်ယူ စစ်မေးသော အကျဉ်းသားအချို့၏တင်ပြချက်အရ နေ့စဉ်စားသုံး ရသောပဲဟင်းမှာ ရေကြဲနေပြီး အရသာမရှိကြောင်းသိရသဖြင့် အခြားအကျဉ်းထောင်များကဲ့သို့ ပျစ်ပျစ်နှစ်နှစ်ရှိပြီး သာမန်အားဖြင့် စားသုံးနိုင်သည့်အခြေအနေရှိအောင် စေတနာ ထားကာ ချက်ပြုတ်ကျွေးမွေးသင့်ပါသည်။

(ဍ)     စစ်ဆေးချိန်တွင် ပြသသော ထမင်းမှာ စပါးလုံးကင်းစင်ပြီး ကောင်းမွန်သော်လည်း ခေါ်ယူစစ်မေးသော အကျဉ်းသားအချို့၏ တင်ပြချက်အရ နေ့စဉ်စားသုံးရသော ထမင်းမှာ စပါးလုံးများပြီး မနူးနပ်ခြင်းကြောင့် စစ်ဆေးချိန် ပြသသည့်အတိုင်း ဖြစ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးစေလိုပါသည်။

၅။      အင်းဗြောင်ကုန်ထုတ်စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    အိပ်ဆောင်များရှိ စုတ်ပြဲနေသော ဖယောင်းပုဆိုးများအား လဲလှယ်ပေးသင့် ပါသည်။

(ခ)     စခန်းတွင်း မြေလွတ်များတွင် ရာသီသီးနှံများအား စိုက်ပျိုး၍ ဖြည့်စွက် ကျွေးမွေး သင့်ပါသည်။

၆။      အင်္ဂဘိုစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အားမှာ ၈၂ ဦးဖြစ်သော်လည်း ၄၇ ဦးသာရှိရာ လိုအပ် နေသော ၃၈ ဦးအားအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသင့်ပါသည်။

(ခ)     လုပ်ငန်းခွင်သို့ အသွားနှင့် အပြန်တွင် လုံခြုံရေးအရ အကျဉ်းသား လုပ်အားရှင် များ အား ရှာဖွေရေးဆောင်ရွက်ရာ၌ လူ့ဂုဏ်သိက္ခာနှင့် ညီညွတ်စေရန် ဂရုပြု ဆောင်ရွက် သင့်ပါသည်။

(ဂ)     သောက်ရေသိုလှောင်ရာ ရေကန်တွင် ပိုးလောက်လန်းများ ခိုအောင်းနိုင်သဖြင့် အလင်းရောင် ရရှိစေရန် အမိုး၌ သွပ်အကြည်တစ်ချပ် တပ်ဆင်သင့်ပါသည်။

၇။      မုပ္ပလင် (အမျိုးသား) စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ဖွဲ့စည်းပုံအရ ဝန်ထမ်း အင်အားမှာ ၁၁၂ ဦးဖြစ်သော်လည်း ၆၇ ဦးသာ ရှိသဖြင့် လိုအပ်နေသော ဝန်ထမ်းများအား အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသင့်ပါသည်။

(ခ)     စခန်းရှိ အုပ်ချုပ်မှုဆောင်ရွက်နေသော ဝန်ထမ်းများအနေဖြင့် အကျဉ်းသား ရဲဘက် များအား ရေချိုးစေရာတွင် ၎င်းတို့၏ ဆန္ဒအလျောက် လုပ်ကွက်အတွင်းဖြစ်စေ စခန်း အတွင်းရှိ ရေချိုးကန်တွင်ဖြစ်စေ ဝလင်စွာရေချိုးနိုင်ရေး ဆောင်ရွက်ပေး သင့်ပါသည်။

(ဂ)     ကျန်းမာရေးမကောင်းသည့် အကျဉ်းသားရန်ပိုင်နှင့် ကျော်ထိန်လင်းတို့အား ဆရာဝန် နှင့် ပြသနိုင်ရေးစီစဉ်ပေးပြီး အလုပ်စခန်း၌ မထားသင့်ပါက သက်ဆိုင်ရာ အကျဉ်းထောင်သို့ ပြန်ပို့ပေးသင့်ပါသည်။

(ဃ)    အကျဉ်းဦးစီးဝန်ထမ်းအချို့မှ အလုပ်ခိုင်းစေရာတွင် မိခင်ကို တိုင်းထွာပြီး ဆဲရေး ခြင်း၊ ပြန်လှန်ဆဲဆို ပြောဆိုသော အကျဉ်းသားများနှင့် အခြား အပြစ်ရှိသည်ဟု ယူဆသော အကျဉ်းသားများအား ခေါင်းကိုအဝတ်ဖြင့်အုပ်ပြီး ရာဘာတုတ်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ကြောင်း သိရှိရသဖြင့် ထိုကဲ့သို့ မပြုလုပ်စေရေး တာဝန်ရှိသူများမှ ကြပ်မတ် ဆောင်ရွက်ရန်နှင့် ပြုလုပ်သူများကို ဥပဒေအရ အရေးယူသင့်ပါသည်။

(င)     အကျဉ်းသား ခေါင်းဆောင်အချို့သည် ရေချိုးလိုသည့် အကျဉ်းသားများထံမှ ငွေကောက်၍ ရေချိုးခွင့်ပြုသည်ဟု သိရှိရသဖြင့် ယင်းကဲ့သို့ မပြုလုပ်စေရေး တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ်သင့်ပါသည်။

(စ)     အလုပ်အနားပေးသည့် တနင်္ဂနွေနေ့နှင့် အခြားအချိန်များတွင် စာကြည့်တိုက်မှ စာပေများအား ဖတ်ရှုလိုသော်လည်း စာကြည့်တိုက်အား တာဝန်ယူသည့် အကျဉ်း သားမှာ အချိန်တိကျမှုမရှိခြင်းကြောင့် အခက်အခဲဖြစ်နေသည်ကို ပြန်လည်စိစစ် သင့်ပါသည်။

(ဆ)    ကျောက်ထုရသည့် လုပ်ကွက်အတွင်း ထမင်းစားနားချိန်တွင် နားနေရသည့်နေရာ မှာ မြေကြီးပေါ်၌ အိပ်စက်ရသည်ဟု သိရှိရသဖြင့် ပြုပြင်ပေးသင့်ပါသည်။

၈။      မုပ္ပလင် (အမျိုးသမီး) စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    စခန်းရှိ အကျဉ်းသူများအား နေ့စဉ် အပတ်စဉ် ထွက်သော သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများကို ဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ခ)     အိပ်ဆောင် (၂) မိလ္လာခန်း၌ မိုးယိုနေသဖြင့် ပြုပြင်သင့်ပါသည်။

(ဂ)     အကျဉ်းဦးစီးဌာန ဝန်ထမ်းအသစ်များအနေဖြင့် အကျဉ်းသူများအပေါ် ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံလေ့ရှိကြောင်း သိရသဖြင့် ထိုကဲ့သို့ မပြုလုပ်စေရေး၊ တာဝန်ရှိသူ များမှ ကြပ်မတ်ထိန်းသိမ်းသင့်ပါသည်။

(ဃ)    အကျဉ်းဦးစီးဌာနမှ သတ်မှတ်ထားသော လျော့ရက်များနှင့် ပတ်သက်၍ အကျဉ်းသူ များ သိရှိစေရန် ပွင့်လင်းမြင်သာသည့်နေရာ၌ ချိတ်ဆွဲထားသင့်ပါသည်။

(င)     လုပ်ငန်းခွင်တွင် အသုံးပြုရန်အတွက် လက်နက်ကိရိယာ (တူ၊ တူရိုး) စသည့် ကိရိယာများကို ဌာနအစီစဉ်ဖြင့် လုံလောက်စွာ ထုတ်ပေးသင့်ပါသည်။

(စ)     စခန်းရှိ တာဝန်ကျ ဆေးမှူးသည် ဆက်ဆံရေး ပြေပြစ်စေရန် တာဝန်ရှိသူများမှ ထိန်းသိမ်း ဆောင်ရွက်သင့်ပါသည်။

 (ဇ)    ကျောက်ထုတ်လုပ်ငန်းကို အကျဉ်းသူများဖြင့် လုပ်ကိုင်ခြင်းအစား အကျဉ်းသား များ ဖြင့် ပြောင်းလဲလုပ်ကိုင်နိုင်ရေး စဉ်းစားသင့်ပါသည်။

၉။      အကျဉ်းထောင်နှင့် စိုက်ပျိုးရေးအလုပ်စခန်းများအတွက် ပတ်သက်သည့် အကြံပြုချက်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ရုပ်မြင်သံကြားပြသရာတွင် လက်စားချေခြင်း၊ ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ် သည့် ဇတ်လမ်းများမပြဘဲ ဗဟုသုတရစေမည့် ရုပ်သံလိုင်းများ၊ စိတ်ကိုယဉ်ကျေး သိမ်မွေ့စေသည့် အစီအစဉ်များ၊ အားကစား အစီအစဉ်များကိုသာ ပြသစေသင့် ပါသည်။

(ခ)     အကျဉ်းသား၊ အကျဉ်းသူများအား စိတ်နှလုံးတည်ငြိမ် အေးချမ်းပြီး လောဘ၊ ဒေါသများ လျော့နည်းစေရန်၊ အကျဉ်းထောင်အတွင်း ဆူပူမှုများ မဖြစ်ပွားစေရန် နှင့် ကျန်းမာရေး ကောင်းမွန်မှုရှိစေရန်အတွက် လူမျိုးဘာသာမခွဲခြားဘဲ ယောဂ ကျင့်စဉ် ကဲ့သို့သော စိတ်လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ပမှ ကျွမ်းကျင်သူ လူပုဂ္ဂိုလ်များ ဖိတ်ကြား၍ ဆောင်ရွက်သင့်ပါသည်။

(ဂ)     စာကြည့်တိုက်တွင် ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများအပြင် စိတ်ကို တိုးတက် ပြောင်းလဲစေနိုင်မည့် စာအုပ်စာတမ်းများအား ဖြည့်ဆည်းထားသင့်ပါသည်။

(ဃ)    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းသော အကျဉ်းသားများအား ၎င်းတို့ အပေါ်အငြိုးတေးထား၍ ဆက်ဆံခြင်း၊ လက်တုံ့ပြန် ခြင်း မခံရစေရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ အလေးထား  ဂရုပြုဆောင်ရွက်ပေးပါရန် လိုအပ်ပါသည်။

၁၀။    ကျောက်ထုတ် အလုပ်စခန်းများနှင့်ပတ်သက်၍ ခြုံငုံအကြံပြုချက်များ –

(က)    ကျောက်ထုတ် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရန် ထုတ်ပေးထားသည့် မျက်မှန်များမှာ လှူဒါန်းထားသော ပစ္စည်းများဖြစ်ပြီး၊ ပလပ်စတစ် မျက်မှန်များ ဖြစ်သဖြင့် ကြာရှည်တပ်လျှင် ပူလာသည့်အပြင် မှုန်ဝါးလာခြင်းကြောင့် မတပ်ကြဘဲ လုပ်ကိုင်နေကြပါသည်။ သို့ဖြစ်၍  အကျဉ်းသားများ၏ မျက်စိအန္တရာယ် မရှိစေရေး အတွက် အခြားပိုမိုကောင်းမွန်ပြီး ကျောက်ထုတ်စခန်းများတွင် အသုံးပြုသင့်သည့် မျက်မှန်များအား ဘဏ္ဍာငွေတောင်းခံ၍ ဝယ်ယူထုတ်ပေးသင့်ပါသည်။

(ခ)     အလားတူ ထုတ်ပေးထားသည့် လုပ်ငန်းခွင်သုံး ဦးထုပ် (Helmet) များမှာလည်း ကျောက်ခဲ ထိမှန် လွင့်စင်ခြင်းကို ခံနိုင်ရည်ရှိသော ဦးထုပ်များမဟုတ်သဖြင့် လုပ်ငန်းခွင် အန္တရာယ်ကင်းစေမည့် စံချိန်မီ ဦးထုပ်များအား ဘဏ္ဍာငွေတောင်းခံ၍ ဝယ်ယူ ထုတ်ပေးသင့်ပါသည်။

(ဂ)     အလားတူ လုပ်ငန်းခွင်တွင် စီးနင်းရန်ထုတ်ပေးသော ဖိနပ်များမှာ ကျောက်ထုတ် လုပ်ငန်းသုံး ဖိနပ်များမဟုတ်ဘဲ သာမန် ကင်းဘတ်ဖိနပ်များသာဖြစ်သဖြင့် ကျောက်ခဲများ ဖိကြိတ်ခြင်းခံရပါက ခြေချောင်းကလေးများ ကျိုးကြေပျက်စီး ဒဏ်ရာရရှိနိုင်ပါ သည်။ သို့ဖြစ်၍ ကျောက်ခဲအဖိ အကြိတ်ခံနိုင်သော ကျောက်ထုတ် လုပ်ငန်းခွင်သုံး ဖိနပ်များ ထုတ်ပေးသင့်ပါသည်။

(ဃ)    ကျောက်ထုတ်လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သဖြင့် လုပ်ကိုင်နေသော အကျဉ်းသားများသည် သာမန်အကျဉ်းသားများ မဟုတ်တော့ဘဲ စီးပွားရေး လုပ်ငန်းအတွက် လုပ်ကိုင်နေသော Business Workers များဖြစ်နေသည့်အတွက် လူအခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၃ တွင် “ လူတိုင်းတွင် တူညီသော အလုပ်အတွက် တူညီသော လုပ်ခကြေးငွေကို ခွဲခြားမှု တစ်စုံတစ်ရာ  မရှိစေဘဲ ရပိုင် ခွင့်ရှိသည်။ အလုပ်လုပ်သည့် လူတိုင်းသည် တရားမျှတ၍ လျော်ကန်သင့်မြတ်သော အခကြေးငွေ ရပိုင်ခွင့် ရှိသည်” ဟု သတ်မှတ်ထားသဖြင့် လက်ရှိထုတ်ပေးနေသော တစ်နေ့ ကျပ် ၂၀၀ အစား၊ ပြင်ပသာမန် အလုပ်သမားများ၏ တစ်နေ့ အနည်းဆုံး လုပ်ခ ၃၆၀၀ ကျပ် ကို အခြေခံပြီးတတ်နိုင်သမျှ တိုးမြှင့်ခံစားခွင့်ပြုပေးနိုင်ရေးကို စဉ်းစားသုံးသပ် ဆောင်ရွက်ပေးသင့်ပါသည်။

(င)     ထို့အတူ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မျက်စိထိခိုက်ပျက်စီးသွားသော အလုပ်သမား များ၊ အခြားကိုယ်အင်္ဂါ ထိခိုက်ပျက်စီးသူများ၊ လုပ်ငန်းခွင် ထိခိုက်သေဆုံးသူများ ရှိလာပါက လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေး လူမှုဖူလုံရေးအဖွဲ့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်သင့်ပါသည်။

(စ)     သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်လုပ်ကိုင်ရခြင်း၊ စနေတနင်္ဂနွေနေ့များတွင် အချို့ အလုပ်သမားများ လုပ်ကိုင်နေကြရကြောင်း သိရသဖြင့် လူအခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၄ တွင် “ ကြောင်းကျိုးလျော်ညီစွာ ကန့်သတ်ထားသည့် အလုပ်ချိန် နာရီနှင့် အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ် ရက်များ အပါအဝင် အနားယူခွင့်နှင့် အားလပ်ခွင့်တို့ကို ခံစားပိုင်ခွင့်ရှိသည်” ဟု သတ်မှတ်ထားသည်တို့နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်ညွှန်ကြားသင့် ပါသည်။

(ဆ)    ကျောက်ထုတ်စခန်းများသို့် ပို့ဆောင်မည့် အကျဉ်းသားများအား စေလွှတ်ခြင်းမပြုမီ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီး အလုပ်ကြမ်းကို လုပ်ကိုင်နိုင်သည့် အခြေ အနေရှိသူများကိုသာ ပို့ဆောင်ရန်နှင့် အထူးကုဆရာဝန်များ လစဉ် ပင့်ဖိတ်၍ ကျန်းမာရေးအခြေအနေ စစ်ဆေးပြီး ဆက်လက်ထားရန် မသင့်လျော်ပါက မူလအကျဉ်းထောင်သို့ ပြန်လည် စေလွှတ်ပြီး ဆေးကုသခွင့်ရရှိရေး ဆောင်ရွက် ပေးသင့်ပါသည်။

၁၁။    သထုံမြို့မရဲစခန်းအချုပ်ခန်းအတွင်းရှိ အိမ်သာများသည် အနံ့အသက်များ မကောင်းသဖြင့် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါကြောင်း အကြံပြုခဲ့ပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ    ၄  ရက်