မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၁၃/၂၀၁၅)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏သတင်းထုတ်ပြန်ချက်

 

၁။      တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့တို့အကြား လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ခြင်းသည် နိုင်ငံတော်၏ ကြီးမားသော သမိုင်းဝင် အောင်မြင်မှု တစ်ရပ်အဖြစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။

၂။      ဤစာချုပ်သည် အပစ်အခတ်ရပ်စဲရေး သက်သက်ထက်ကျော်လွန်ကာ မိမိတို့တိုင်းရင်းသား လူမျိုးစုများအကြား ကာလကြာရှည်ပျောက်ဆုံးနေသည့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ သည့် ဆုလာဘ်ဟု ဆိုနိုင်ပါသည်။

၃။      ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD)၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက် ခဲ့သော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအားလုံးတို့၏ ကာလကြာရှည်စွာ ကြိုးပမ်းဆောင်ရွက်မှုများကို ကော်မရှင်က ချီးကျူးဂုဏ်ပြုပါသည်။

၄။      တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုး ရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အဆိုပါ သဘောတူစာချုပ်တွင် ဆောလျင်စွာ ပါဝင်လက်မှတ်ရေးထိုး ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

၅။      ထိုကဲ့သို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင် လက်မှတ်ရေးထိုးခြင်းအားဖြင့် ရရှိလာသော ငြိမ်းချမ်းရေးမှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပကာ မိမိတို့ မျှော်မှန်းသော ဖယ်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အလေးအနက် ယုံကြည်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်