မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သာယာဝတီအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသော ဆန္ဒပြ ကျောင်းသူ၊ ကျောင်းသားများ၊ ဝန်းရံသူများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် (၉/၂၀၁၅)

၁။      ၁၀-၃-၂၀၁၅ နေ့တွင် လက်ပံတန်းမြို့၌ ဆန္ဒပြခဲ့သော ကျောင်းသူ၊ ကျောင်းသားများနှင့် ဝန်းရံသူများကို သာယာဝတီအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိပြီး တရားရုံးတွင် စစ်ဆေး လျက်ရှိကြောင်း၊ စတင်ဖမ်းဆီးခဲ့စဉ်က ဒဏ်ရာရရှိသူများကို လုံလောက်သောဆေးဝါးကုသမှု မပြုလုပ်ကြောင်း၊ လက်ကိုင်တယ်လီဖုန်းများ၊ Laptop များ၊ ရွှေငွေအသုံး အဆောင်ပစ္စည်းများကို သက်သေခံတင်သွင်းခြင်းမရှိဘဲ ကာယကံရှင်များသို့လည်း ပြန်လည်ပေးအပ်မှုမပြုကြောင်း၊ ထမင်း မှာ မာတောင့်၍ စားမရကြောင်း၊ လူနာများအားကျွေးသော ဆန်ပြုတ်မှာ ဝက်စာနီးနီးဖြစ်နေ ကြောင်း၊ ထောင်တွင်းဆေးရုံတွင် သောက်ဆေးတစ်မျိုးတည်းဖြင့်သာ ကုသနေကြောင်း၊ အချို့လူနာ များကို ဆေးရုံမှ အတင်းအကြပ် ဆင်းခိုင်းကြောင်း၊ အကျဉ်းထောင်အတွင်း ဆေးလိပ်မသောက်ရ၊ ကွမ်းယာ မစားရကြောင်း၊ အချို့အချုပ်သားများကို တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ထားကြောင်း စသည့်သတင်းစကားများနှင့် တိုင်တန်းချက်များကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က လက်ခံရရှိခဲ့ပါသည်။

၂။      အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ အဖြစ်မှန်ဖော်ထုတ်နိုင်ရန်အတွက် မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါ်မြမြနှင့် ကော်မရှင်ရုံးဝန်ထမ်းများသည် သာယာဝတီအကျဉ်းထောင်သို့ သွားရောက်၍ ၁၃-၇-၂၀၁၅ နေ့နှင့် ၁၄-၇-၂၀၁၅ နေ့များတွင် ထိန်းသိမ်းထားရှိသော အိပ်ဆောင်နှင့် တိုက်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံသူ စုစုပေါင်း ၂၅ ဦး၊ အကျဉ်းထောင် ဝန်ထမ်း ၅ ဦးတို့အား တစ်ဦးချင်း တွေ့ဆုံမေးမြန်းခြင်း၊ ၁၅-၇-၂၀၁၅ နေ့တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာ ၁ ဦးအား တွေ့ဆုံမေးမြန်းခြင်း၊ ဆေးမှတ်တမ်း များ၊ မှတ်ပုံတင်စာအုပ်များ၊ စာရင်းဇယား အချက်အလက်များအား ကြည့်ရှုစစ်ဆေးခြင်းတို့ကို ပြု လုပ်ခဲ့ပါသည်။

သာယာဝတီအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိမှု

၃။      ၁၁-၃-၂၀၁၅ နေ့တွင် သာယာဝတီအကျဉ်းထောင်၌ လက်ခံထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူနှင့် ဝန်းရံသူများမှာ အမျိုးသား ၁၁၀ ဦး၊ အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၁၃၁ ဦး ဖြစ် သော်လည်း ၁၃-၇-၂၀၁၅ နေ့တွင် သာယာဝတီအကျဉ်းထောင်၌ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၆၆ ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အမျိုးသား ၂ ဦး ဆေးရုံ တက်နေသဖြင့် စုစုပေါင်း ၆၈ ဦးသာရှိတော့ကြောင်း၊ အမျိုးသား ၅၉ ဦးအား လူငယ်အကျဉ်းသားများအတွက် ဆောက်လုပ်ထားသည့် နှစ်ထပ်အိပ်ဆောင်အမှတ်(၁၀)တွင် သီးခြားထားရှိကြောင်း၊ ၎င်းအိပ်ဆောင် သည် အခန်း ၄ ခန်းရှိ၍ တစ်ခန်းလျှင် မိလ္လာနှင့် လူလျှောက်လမ်း (မပါ) ၉၂၈ စတုရန်းပေ ကျယ် ဝန်းကြောင်း၊ ကွပ်ပျစ်နှင့် ဖယောင်းပုဆိုးများ ခင်းထားကြောင်း၊ လက်ရှိ အခန်း (၁) ၌ အမျိုးသား ၃၂ ဦး၊ အခန်း(၂)၌ အမျိုးသား ၂၀ ဦးရှိကြောင်း၊ အခြားတိုက်ခန်း ၇ ခန်း၌ အမျိုးသား ၇ ဦး ထားရှိပြီး ကွပ်ပျစ်များနှင့် ခြင်ထောင်များရှိကြောင်း၊ အမျိုးသမီး ၇ ဦးအား ၄၀၀ စတုရန်းပေ အကျယ်အဝန်းရှိသော အမျိုးသမီးအိပ်ဆောင်အမှတ်(၁)တွင် ထားရှိကြောင်း တွေ့ရှိရပါသည်။

၄။      မူလထိန်းသိမ်းခဲ့သူများအနက် ၁၂-၃-၂၀၁၅ နေ့မှ ၁၇-၃-၂၀၁၅ နေ့အတွင်း တက္ကသိုလ် (နေ့) တက်ရောက်ဆဲကျောင်းသား ၂၀ ဦးနှင့် ကျောင်းသူ ၈ ဦး၊ စုစုပေါင်း ၂၈ ဦးကို မိဘများထံသို့ လွှဲပြောင်းလွှတ်ပေးခဲ့ကြောင်း၊ ၂၃-၃-၂၀၁၅ နေ့တွင် မြန်မာပို့စ်ဂျာနယ်နှင့် ရီပိုတာဂျာနယ်မှ သတင်းထောက် ၂ ဦးကို လွှတ်ပေးခဲ့ကြောင်း၊ ၂၄-၃-၂၀၁၅ နေ့တွင် တရားစွဲရန် မသင့်၍ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၀ ဦးကို လွှတ်ပေးခဲ့ကြောင်း၊ ၂၅-၃-၂၀၁၅ နေ့ တွင် တရားရုံးအာမခံ ရရှိသဖြင့် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၁ ဦးကို လွှတ်ပေးခဲ့ကြောင်း၊ ၁၂-၅-၂၀၁၅ နေ့နှင့် ၂၆-၅-၂၀၁၅ နေ့တို့တွင် ကလေးသူငယ်မှု ဖွင့်လှစ်ပြီး အချုပ်လွှတ်ထုခြေခွင့် ပြုသဖြင့် အမျိုးသား ၂ ဦးကို ခံဝန်ဖြင့် လွှတ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ၁၃-၇-၂၀၁၅ နေ့အထိ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၆၃ ဦးတို့ကို လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

၅။      ထို့ပြင် ၁၄-၇-၂၀၁၅ နေ့၌ တရားရုံးမှ အာမခံပေးသဖြင့် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၂ ဦးတို့ကို ထပ်မံလွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

၆။      ၂၅-၄-၂၀၁၅ နေ့မှစ၍ ထိန်းသိမ်းခံ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံသူများအား ၎င်းတို့၏အပ်နှံငွေဖြင့် ခြင်ထောင် ဝယ်ယူပေးခဲ့ကြောင်း၊ မဝယ်လို၍ ငြင်းပယ်သူ ၅ ဦး ရှိကြောင်း သိရှိရပါသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများနှင့် ကျန်းမာရေး စစ်ဆေးကုသမှု

၇။      ၁၀-၃-၂၀၁၅ နေ့ ညတွင် သာယာဝတီအကျဉ်းထောင်သို့ ရောက်ရှိလာသူများအနက် ခေါင်း ပေါက်၊ ကျောရောင် စသည့်ဒဏ်ရာများရရှိခဲ့သောကျောင်းသားနှင့် ဝန်းရံသူ အမျိုးသား ၁၀ ဦးအား အကျဉ်းထောင်ဆေးရုံတွင်ထားရှိကုသပေးခဲ့ကြောင်း၊ ထိခိုက်ပွန်းပဲ့ဒဏ်ရာများပါရှိသူအမျိုးသား ၃၄ ဦးအား အိပ်ဆောင်တွင်ထားရှိကုသပေးခဲ့ကြောင်း၊ ၎င်းတို့ကို ထောင်ဆေးရုံတာဝန်ခံ ဒေါက်တာ စံလင်းထွန်း ဦးစီး ကျန်းမာရေးဝန်ထမ်း ၄ ဦးဖြင့် စစ်ဆေးကုသပေးခဲ့ကြောင်း၊ သာယာဝတီ ပြည်သူ့ဆေးရုံကြီးသို့ ဓာတ်မှန်ရိုက်ကုသရန် မတ်လတွင် အမျိုးသား ၄ ဦး၊ ဧပြီလတွင် ၃ ဦး၊ မေလတွင် ၁ ဦး ပြသခဲ့ကြောင်း၊ အင်းစိန်ပြည်သူ့ဆေးရုံသို့ မတ်လတွင် အမျိုးသား ၁ ဦး ပြသခဲ့ ကြောင်း၊ ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသား ၂ ဦး ကုသမှုခံယူနေကြောင်း၊ လူနာတစ်ဦးချင်းစီ အလိုက် စစ်ဆေးကုသမှုမှတ်တမ်းများ ထားရှိကြောင်း တွေ့ရှိရပါသည်။

၈။      သာမန် မကျန်းမာမှုအတွက် အကျဉ်းထောင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်စစ်ဆေးကုသပေးကြောင်း၊ အထူးကုဆရာဝန်နှင့် ပြသရန်လိုအပ်ပါက သီးခြား အစီအစဉ်ဖြင့် ဆောင်ရွက်ပေးကြောင်း၊ သာယာဝတီခရိုင်ဆေးရုံမှ အထွေထွေရောဂါကုဆရာဝန်နှင့် သွားရောဂါ ကုဆရာဝန်တို့မှ တစ်လတစ်ကြိမ် ပုံမှန်လာရောက်ကြည့်ရှုကုသကြောင်း သိရှိရပါသည်။

၉။      ဆေးကုသမှု မှတ်တမ်းများနှင့် စာရင်းများအရ လိုအပ်သည့်ဆေးများဖြင့် ကုသမှု ပြုလုပ် ပေးကြောင်း တွေ့ရှိရပါသည်။

၁၀။    အကျဉ်းထောင်ဆေးရုံဖွဲ့စည်းပုံအရ ဆရာဝန် ၅ ဦး၊ သူနာပြု ၃ ဦး၊ ဝန်ထမ်း ၇ ဦး၊ စုစုပေါင်း ၁၅ ဦးဖြစ်သော်လည်း လက်ရှိ အမျိုးသားဆရာဝန် ၂ ဦးနှင့် သူနာပြု ၃ ဦးသာရှိ ကြောင်း၊ အမျိုးသမီး ဆရာဝန် မရှိကြောင်း၊ သွားဆရာဝန် မရှိကြောင်း၊ အမျိုးသမီးသူနာပြု ၁ ဦး ရှိသော်လည်း (၂)နှစ်သင်တန်း တက်နေကြောင်း သိရှိရပါသည်။

လက်ကိုင်ဖုန်းများ၊ လက်ပ်တော့များ၊ ရွှေငွေပစ္စည်းများ သိမ်းဆည်းမှု

၁၁။    ၁၀-၃-၂၀၁၅ နေ့တွင် သာယာဝတီအကျဉ်းထောင်သို့ ရောက်ရှိလာသူ အမျိုးသား ၁၁၀ ဦး အနက် အမျိုးသား ၅၀ ဦးမှာ မည်သည့်ပစ္စည်းမှ ပါရှိလာခြင်းမရှိဘဲ၊ အမျိုးသား ၆၀ ဦး၏ လက်ကိုင်ဖုန်း၊ ဆင်းကဒ်၊ ရွှေထည်ပစ္စည်း၊ မြန်မာကျပ်ငွေနှင့် အခြားပစ္စည်းများကို သိမ်းဆည်းခဲ့ ကြောင်း၊ လက်ပ်တော့များ ပါဝင်မှုမရှိကြောင်း၊ သိမ်းဆည်းပစ္စည်းများ မှတ်ပုံတင်စာအုပ်တွင် ရေး သွင်း၍ ကာယကံရှင်နှင့် အကျဉ်းထောင်အရာရှိများမှ လက်မှတ်ရေးထိုးထားကြောင်း၊ ၎င်းတို့ အနက် ၁၂-၃-၂၀၁၅ နေ့တွင် လွတ်မြောက်ခဲ့သူ ၆ ဦး၊ ၁၃-၃-၂၀၁၅ နေ့တွင် လွတ်မြောက်ခဲ့သူ ၈ ဦး၊ ၁၄-၃-၂၀၁၅ နေ့တွင် လွတ်မြောက်သူ ၁ ဦး၊ ၁၇-၃-၂၀၁၅ နေ့တွင် လွတ်မြောက်သူ ၁ ဦး၊ ၂၄-၃-၂၀၁၅ နေ့တွင် လွတ်မြောက်သူ ၁၁ ဦး၊ ၂၅-၃-၂၀၁၅ နေ့တွင် အာမခံရသူ ၂ ဦး၊ ၂၆-၃-၂၀၁၅ နေ့တွင် အာမခံရသူ ၁ ဦး၊ ၉-၄-၂၀၁၅ နေ့မှ ၁၁-၆-၂၀၁၅ နေ့ထိ မိသားစုထံသို့ လွှဲပြောင်းခဲ့သူ ၉ ဦး၊ စုစုပေါင်း ၃၉ ဦးတို့၏ ပစ္စည်းများကို ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်း သိရှိရပါသည်။

၁၂။    ထို့ပြင် အမျိုးသမီး ၂၁ ဦးအနက် အမျိုးသမီး ၇ ဦးမှာ မည်သည့်ပစ္စည်းမှ ပါရှိလာခြင်း မရှိဘဲ အမျိုးသမီး ၁၄ ဦး၏ ပစ္စည်းများကိုသာ သိမ်းဆည်းခဲ့ကြောင်း၊ ၎င်းတို့အနက် လွတ်မြောက် သူ ၆ ဦး၊ အာမခံရသူ ၅ ဦး၊ မိသားစုထံသို့ လွှဲပြောင်းသူ ၄ ဦး၊ စုစုပေါင်း ၁၅ ဦးတို့၏ ပစ္စည်းများ ကို ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်း၊ ပစ္စည်းသိမ်းဆည်းစဉ်က ၁၄ ဦးဖြစ်သော်လည်း ပစ္စည်း အပ်နှံရာတွင် ၁၅ ဦးဖြစ်နေကြောင်း တွေ့ရှိရပါသည်။

၁၃။    အကျဉ်းထောင်တွင် သိမ်းဆည်းခဲ့သည့် မြန်မာကျပ်ငွေစုစုပေါင်းမှာ ၁၅ သိန်းကျော်ဖြစ်ပြီး မိသားစုများသို့ ၆ သိန်းကျော် ပြန်လည်လွှဲပြောင်းခဲ့ကြောင်း၊ လက်ကျန်ငွေများအနက် ၎င်းတို့၏ ဆန္ဒအရ ခြင်ထောင်များ၊ စားစရာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ဝယ်ယူကြောင်း သိရှိ ရပါသည်။

၁၄။    အကျဉ်းထောင်သို့ ရွှေဟုယူဆရသောလက်စွပ် ၁၂ ကွင်း အပ်နှံခဲ့ပြီး မိသားစုသို့ ၁၁ ကွင်း လွှဲပြောင်းခဲ့ရာ ၁ ကွင်း ကျန်ရှိကြောင်း၊ ဆွဲကြိုး ၄ ကုံး အပ်နှံခဲ့ပြီး မိသားစုသို့ ၄ ကုံး လွှဲပြောင်းခဲ့ ကြောင်း၊ နားကွင်း ၁၁ ခု အပ်နှံခဲ့ပြီး မိသားစုသို့ ၉ ခု လွှဲပြောင်းခဲ့ရာ ၂ ကွင်း ကျန်ရှိကြောင်း သိရှိ ရပါသည်။

၁၅။    အကျဉ်းထောင်မှ သိမ်းဆည်းခဲ့ရာတွင် လက်ကိုင်ဖုန်း ၂၆ လုံးနှင့် SIM Card ၂၂ ခု ဖြစ် ကြောင်း၊ ရဲစခန်းမှ လက်ကိုင်ဖုန်း ၉ လုံးနှင့် SIM Card ၁၉ ခုကို လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ လက်ကိုင်ဖုန်း ၅ လုံးနှင့် SIM Card ၅ ခုကို သက်ဆိုင်ရာ မိသားစုသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉-၃-၂၀၁၅ နေ့တွင် လက်ပံတန်းမြို့မရဲစခန်းမှူးက လက်ကိုင်ဖုန်း ၂၉ လုံး၊ SIM Card ၃၆ ခုကို ရှာဖွေပုံစံဖြင့် လာရောက်သိမ်းဆည်းခဲ့ကြောင်း၊ အကျဉ်းထောင်တွင် လက်ကိုင်ဖုန်း ၁ လုံးသာ ကျန်ရှိကြောင်း သိရှိရပါသည်။

၁၆။    ၎င်းတို့ပါရှိလာသည့်ပစ္စည်းများအား အကျဉ်းထောင်တွင် လက်ခံသိမ်းဆည်းခြင်း၊ မိဘ၊ ဆွေမျိုးများထံသို့ အပ်နှံခြင်း၊ ရဲစခန်းသို့ လွှဲပြောင်းခြင်းများကို စာရင်းဇယားများ၊ လွှဲပြောင်း/ လက်ခံ ပြေစာများဖြင့် ဆောင်ရွက်ထားကြောင်း တွေ့ရှိရပါသည်။

ရေနှင့် အစားအစာ

၁၇။    သောက်သုံးရေကို ထောင်တွင်းရေသန့်စက်မှ ဖြန့်ဖြူးပေးနေကြောင်းနှင့် သောက်သုံးရေ ကြောင့် ရောဂါဖြစ်ပွားမှု မတွေ့ရကြောင်း တွေ့ရှိရပါသည်။

၁၈။    ထိန်းသိမ်းခံ ကျောင်းသား၊ ကျောင်းသူနှင့် ဝန်းရံသူများအနက် (၂၅)ဦးတို့ကို မေးမြန်း ချက်အရ တစ်ခါတရံ ထမင်းမာခြင်း၊ ပျော့ခြင်းများရှိသော်လည်း ထမင်းများကို စားသုံးနိုင်သည့် အခြေအနေရှိကြောင်း ထွက်ဆိုကြပါသည်။

၁၉။    ၃၀-၆-၂၀၁၅ နေ့တွင် တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် ၇ ဦးအား ထိုနေ့က နေ့လည်စာ ထမင်းနှင့် ရေ တိုက်ကျွေးခြင်း မရှိကြောင်း၊ ညစာမှ စတင်ကျွေးမွေးကြောင်း၊ ကွပ်ပျစ် မရှိသဖြင့် တမံတလင်းပေါ်တွင် ညအိပ်ခဲ့ရကြောင်း၊ နောက်တစ်နေ့မှ ကွပ်ပျစ် ရရှိကြောင်း သိရှိရပါသည်။

ဆေးလိပ်နှင့် ကွမ်းယာသုံးစွဲမှု

၂၀။    ထောင်တွင်း ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှုနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင်များက မေးမြန်း ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ၁၈၉၄ ခုနှစ် အကျဉ်းထောင်လက်စွဲ အပိုဒ် ၃၇၃ အရ တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများတွင် ဆေးလိပ်ပါရှိကြောင်း၊ ထို့အပြင် အကျဉ်းထောင် လက်စွဲ အပိုဒ် ၇၀၁ တွင် တားမြစ်ပိတ်ပင်ထားသောပစ္စည်းများအားလုံးသည် အချုပ်၊ အကျဉ်းသား များနှင့်လည်း အကျုံးဝင်ကြောင်း၊ အကျဉ်းသားများအား ဆေးလိပ်သောက်ရန်ဆေးကို သင့်တင့် သောအရေအတွက်အထိ ၎င်းတို့၏စရိတ်ဖြင့် အသုံးပြုစေနိုင်ကြောင်း၊ အကျဉ်းထောင်တာဝန်ခံ နှင့် အကျဉ်းထောင်ဆေးဘက်ဆိုင်ရာ အရာရှိတို့၏အမိန့်နှင့် ထုတ်ပေးနိုင်ကြောင်း၊ သို့သော်လည်း အကျဉ်းဦးစီး ဌာန၏ ၂၀၀၉ ခုနှစ်၊ မတ်လ ၁၃ ၁၂၀၀ ချိန်- ဦး ၁ ကြေးနန်းအရ ဆေးလိပ်၊ မီးခြစ်သွင်းခြင်းကို လုံးဝခွင့်မပြုကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၈ ရက် ပါ စာအမှတ်၊ ပထရ/၁-၁(၆၆၃)/ရေး ၂ အရ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းကို တင်းကြပ် စွာတားမြစ်ကြောင်း၊ အကျဉ်းထောင်သို့ အကျဉ်းသား၊ အချုပ်သားများ စတင်ဝင်ရောက်စဉ်ကတည်း က တားမြစ်ပိတ်ပင်ထားသောပစ္စည်းများစာရင်းကို နှုတ်ဖြင့်လည်းကောင်း၊ ထောင်ဗူးဝနှင့် အိပ်ဆောင် တို့တွင် စာဖြင့်လည်းကောင်း အသိပေးကြေငြာထားကြောင်းစသဖြင့် ဖြေကြားခဲ့ပါသည်။

၂၁။    ၂၃-၄-၂၀၁၅ နေ့မှ ၃၀-၆-၂၀၁၅ နေ့ထိ အမျိုးသား ၃၆ ဦးသည် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများဖြစ်သည့် ဆေးလိပ်၊ စီးကရက်၊ ဆေးရွက်ကြီးမှုန့်၊ ဆေးရိုးမှုန့်၊ မီးခြစ်၊ ကွမ်းယာ စသည်များကို ဗြောင်ယူဆောင်ခြင်း၊ ခိုးဝှက်ယူဆောင်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း၊ ၎င်းတို့မှာ ၁ ကြိမ် ကျူးလွန်သူ ၂၀ ဦး၊ ၂ ကြိမ်ကျူးလွန်သူ ၇ ဦး၊ ၃ ကြိမ်ကျူးလွန်သူ ၅ ဦး၊ ၄ ကြိမ် ကျူးလွန်သူ ၃ ဦး၊ ၆ ကြိမ်ကျူးလွန်သူ ၁ ဦးဖြစ်ကြောင်း၊ ၎င်းတို့အနက် ဆန်းမြတ်သူ (ခ) ဖိုးသား မှာ ၂၆-၅-၂၀၁၅ နေ့တွင် ခံဝန်ဖြင့် လွတ်မြောက်ခဲ့ကြောင်း၊ ကျန် ၃၅ ဦးအား သတ္တမအကြိမ် ကျူး လွန်အပြီး ၂၄-၆-၂၀၁၅ နေ့ မှစ၍ ၁ ကြိမ် ပြစ်မှုကျူးလွန်သူ ၂၀ ဦးအား ထောင်ဝင်စာ ၂ ပတ်၊ ၂ ကြိမ်ပြစ်မှုကျူးလွန်သူ ၁၀ ဦးအား ထောင်ဝင်စာ ၄ ပတ်၊ ၃ ကြိမ်အထက် ကျူးလွန်သူ ၅ ဦးအား ထောင်ဝင်စာ ၆ ပတ် ပိတ်သည့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ထောင်ဝင်စာနှင့် တိုက်ပိတ်ပြစ်ဒဏ် ချမှတ်မှု

၂၂။     ၁၈၉၄ ခုနှစ် အကျဉ်းထောင်လက်စွဲ အပိုဒ် ၇၈၄ အရ ထောင်ဝင်စာ(ဧည့်တွေ့ခြင်း)ကို ခွင့်ပြုထားကြောင်း၊ အပိုဒ် ၈၀၉ အရ အကျဉ်းထောင်ပြစ်မှုများကို ဖော်ပြထားကြောင်း၊ ထိုပြစ်မှု ကျူးလွန်သူများကို အပိုဒ် ၈၁၁၊ ၈၁၇နှင့် ၈၁၈ တို့အရ အကျဉ်းထောင် တာဝန်ခံက ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း၊ ထောင်ဝင်စာတွေ့ခွင့် ပိတ်ခြင်းသည် ၎င်းပြစ်ဒဏ်များတွင် မပါဝင်သော်လည်း အပိုဒ် ၇၈၄ အပိုဒ်ခွဲ(၄)အရ အကျဉ်းထောင်တာဝန်ခံအရာရှိမှ ဆောင်ရွက်နိုင်ကြောင်း၊ ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားသော်လည်း ပါဆယ်ပစ္စည်းပေးသွင်းခြင်းအား ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

၂၃။    တားမြစ်ပိတ်ပင်ထားသောပစ္စည်းများ ယူဆောင်လာသည့်အပြင် ထောင်မှူးကြီးအပါအဝင် ဝန်ထမ်းများအား လုံချည်နှင့် အတွင်းခံဘောင်းဘီချွတ်ပြသည့် အမျိုးသား ၁ ဦးအပါအဝင် မထီမဲ့ မြင်ပြုလုပ်ခဲ့သော အမျိုးသား ၇ ဦးအား ၃၀-၆-၂၀၁၅ နေ့မှ ၁၃-၇-၂၀၁၅ နေ့ထိ တိုက်ပိတ် ပြစ်ဒဏ် ၁၄ ရက် ချမှတ်ခဲ့သည့်အပြင်၊ သာယာဝတီမြို့နယ်တရားရုံး၌ အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုထားကြောင်း၊ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ထားသော်လည်း ပါဆယ်ပစ္စည်း သုံးစွဲခွင့်၊ စာဖတ်ခွင့်၊ မိမိ ကိုယ်ပိုင်အစားအစာ စားသုံးခွင့်၊ ခြင်ထောင် ထောင်အိပ်ခွင့်၊ မနက်/ ညနေ ၂ ကြိမ် လမ်းလျှောက်ခွင့်နှင့် ရေချိုးခွင့်တို့ ပေးထားကြောင်း တွေ့ရှိရပါသည်။

၂၄။    အထက်ပါ ၇ ဦးအနက် အမျိုးသား ၂ ဦးသည် ၁၅-၇-၂၀၁၅ နေ့တွင်လည်းကောင်း၊ အမျိုး သား ၄ ဦးသည် ၂၂-၇-၂၀၁၅ နေ့တွင်လည်းကောင်း၊ အမျိုးသား ၁ ဦးသည် ၅-၈-၂၀၁၅ နေ့တွင် လည်းကောင်း ထောင်ဝင်စာ တွေ့ဆုံခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရှေ့နေတွေ့ဆုံခွင့်နှင့် တရားရုံးစစ်ဆေးမှု

၂၅။    ၎င်းတို့၏အမှုကိစ္စအတွက် မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်မှ လာရောက်ကူညီပါကြောင်း၊ အကျဉ်းထောင်တွင် ရှေ့နေများနှင့် တွေ့ဆုံခြင်း မရှိသေးသော်လည်း တရားရုံးထုတ်သည့်အခါ တရားရုံး၌ တွေ့ဆုံကြောင်း သိရှိရပါသည်။

၂၆။    ၁၁-၃-၂၀၁၅ နေ့မှ ၂၃-၄-၂၀၁၅ နေ့ထိ လက်ပံတန်းမြို့နယ် တရားရုံးသို့ ၄ ကြိမ် ရုံးထုတ်ခဲ့ သော်လည်း စစ်ဆေးခြင်း မပြုကြောင်း၊ ပထမအကြိမ် ရုံးထုတ်သည့်အချိန်မှာ ည ၇ နာရီခန့်ဖြစ် ကြောင်း၊ ၃၀-၄-၂၀၁၅ နေ့မှ ၁၄-၇-၂၀၁၅ နေ့အထိ သာယာဝတီမြို့နယ် တရားရုံးသို့ ၉ ကြိမ် ရုံးထုတ်ခဲ့ကြောင်း၊ ယခုထိ ၎င်းတို့ကို စစ်ဆေးခြင်းမပြုသေးကြောင်း၊ ကနဦးရုံးထုတ်စဉ်က ရဲ အချုပ်ကား ၃ စီးပေါ်တွင် ကြပ်ညှပ်နေကြောင်း သိရှိရပါသည်။

၂၇။    ၁၄-၇-၂၀၁၅ နေ့ ရုံးထုတ်ရာတွင် သာယာဝတီထောင်မှ မြို့နယ်တရားရုံးသို့ ရဲအချုပ်ကား ၃ စီးဖြင့် ထိန်းသိမ်းခံရသူများအား ခေါ်ဆောင်သွားခဲ့ပါသည်။ ကော်မရှင်အဖွဲ့ဝင် ၂ ဦးမှ သွား ရောက်ကြည့်ရှုရာတွင် သာယာဝတီမြို့နယ် တရားရုံး၌ ၎င်းတို့အား နှစ်ဘက်ရှေ့နေများ၊ သက်သေများ၊ မိဘဆွေမျိုးများ၊ မီဒီယာများနှင့် တွေ့ဆုံနေသည်ကို မျက်မြင်တွေ့ရှိရပါသည်။

၂၈။    ၁၁-၃-၂၀၁၅၊ ၁၈-၃-၂၀၁၅ နှင့် ၇-၇-၂၀၁၅ နေ့တို့တွင် ရှေ့နေအချို့သည် ကိုယ်စားလှယ်လွှဲ စာ ရယူရန်နှင့် ရှေ့နေတွေ့ဆုံခွင့်ပြုရန် အကျဉ်းထောင်သို့ လာရောက်ခဲ့ကြောင်း၊ လျှောက်လွှာတွင် အချက်အလက် မပြည့်စုံခြင်း၊ ရှေ့နေလိုင်စင် သက်တမ်းကျော်လွန်နေခြင်းတို့ကြောင့် ခွင့်မပြုခဲ့ ကြောင်း သိရှိရပါသည်။

၂၉။    ၁၄-၇-၂၀၁၅ နေ့တွင် သာယာဝတီတရားရုံး၌ ရှေ့နေ ၂၀ ဦးမှ ဤအမှုအား လိုက်ပါဆောင် ရွက်ပေးနေကြောင်း၊ တရားစွဲဆိုမှုတွင် အချိန်ကာလကြာမြင့်နေပြီး အမှုစစ်ဆေးမှု ကြန့်ကြာနေ ကြောင်း ပြောကြားချက်များကို ကြားသိရပါသည်။

အကြံပြုတိုက်တွန်းချက်

၃၀။    သာယာဝတီအကျဉ်းထောင်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းခြင်း၊ သွား ရောဂါကုဆရာဝန်၊ အမျိုးသမီးဆရာဝန်နှင့် သူနာပြုဆရာမများ ထားရှိခြင်း၊ ဓာတ်မှန်ရို က်စက်နှင့် ခေတ်မီဆေးဝါးပစ္စည်းကိရိယာများ ပြည့်စုံစွာထားရှိခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

၃၁။    သာယာဝတီအကျဉ်းထောင်တွင် သိမ်းဆည်းခဲ့သောပစ္စည်းများစာရင်းနှင့် ပြန်လည်အပ်နှံခဲ့ သောပစ္စည်းများစာရင်းတွင် ကွာခြားချက်အချို့ တွေ့ရှိရသဖြင့် အသေးစိတ် ထပ်မံစိစစ်ခြင်း၊ ကာယကံရှင်သို့ အသိပေးပြောကြားခြင်းများ ပြုလုပ်သင့်ပါသည်။

၃၂။    ရဲတပ်ဖွဲ့အနေဖြင့် သိမ်းဆည်းခဲ့သောပစ္စည်းများအား ရဲစခန်းမှတ်ပုံတင်တွင် ရေးသွင်း ခြင်း၊ သက်သေခံပစ္စည်းများအား စနစ်တကျ ချိတ်ပိတ်သိမ်းဆည်းခြင်း၊ တရားရုံးသို့ တင်သွင်း၍ တရားရုံး၏စီရင်ဆုံးဖြတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ မသက်ဆိုင်သည့်ပစ္စည်းများအား ကာယကံရှင်သို့ ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်သင့်ပါသည်။

၃၃။    ထမင်း၊ ဟင်း ချက်ပြုတ်ကျွေးမွေးမှုနှင့်စပ်လျဉ်း၍ ထိန်းသိမ်းခံ ကျောင်းသား၊ ကျောင်းသူ နှင့် ဝန်းရံသူများကို မေးမြန်းသည့်အခါ စားသုံးနိုင်သည့်အခြေအနေ ရှိကြောင်းထွက်ဆိုပြီး၊ ကော်မရှင်အဖွဲ့ကိုယ်တိုင် စစ်ဆေးသည့်အခါတွင်လည်း စားသုံးနိုင်သည့်အခြေအနေရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ၎င်းအနေအထားကို ဆက်လက်ထိန်းသိမ်းသင့်ပါကြောင်း အကြံပြု အပ်ပါသည်။

၃၄။    လတ်တလောတွင် အကျဉ်းထောင်လက်စွဲနှင့်အညီ ထောင်ဝင်စာတွေ့ဆုံခွင့်နှင့် တိုက်ပိတ် ပြစ်ဒဏ်တို့ကို ချမှတ်ခံခဲ့ရပြီးဖြစ်သော အမျိုးသား ၇ ဦးအား အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့ခြင်းနှင့်ပတ်သက်၍ သက်ညှာစွာစဉ်းစားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

၃၅။    ရဲအချုပ်ကားများဖြင့် ရုံးထုတ်ရာတွင် ဝင်ဆံ့မှုထက် ကျော်လွန်၍ တင်ဆောင်ခြင်း မပြုသင့် ကြောင်း အကြုံပြုပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။  ၂၀ – ၇ -၂၀၁၅