၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတရုံး၏ ၁၄-၁-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၂၀) ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အသစ် ပြန်လည်ဖွဲ့စည်းခဲ့ ပါသည်။ ကော်မရှင်အသစ် စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ကော်မရှင် ဥပဒေ ပုဒ်မ ၄၃ အရ အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်ထား ခြင်းခံရသူများကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပြည်တွင်းဥပဒေများ နှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ စိစစ်နိုင်ရန်အတွက် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းများကို လျာထားချက်များ ရေးဆွဲ၍ ကြည့်ရှုစစ်ဆေးလျက် ရှိပါသည်။
၂။ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင် ဥပဒေ ပုဒ်မ ၄၄ ပါ အကျဉ်းထောင်၊ အကျဉ်း စခန်းနှင့် အချုပ်ခန်းများအတွင်းရှိ နေရာများ၊ အကျဉ်းသား၊ အချုပ်သားများ၏ အသုံးအဆောင်များ ကြည့်ရှု စစ်ဆေးခြင်းများအပြင် အကျဉ်းသား၊ အချုပ်သားများကိုလွတ်လပ်စွာ သီးခြားတွေ့ဆုံ မေးမြန်း ခြင်းများပါ ဆောင်ရွက်ခဲ့ပြီး တွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများသို့ အကြောင်းကြားဆောင်ရွက်လျက်ရှိပါသည်။
၃။ ကော်မရှင်အသစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအထိ အကျဉ်းထောင် (၁၀) ခု၊ အကျဉ်းစခန်း (၈) ခု၊ ရဲစခန်းအချုပ်ခန်း (၈) ခု၊ တရားရုံးအချုပ်ခန်း (၇) ခု နှင့် ဆေးရုံအချုပ်ခန်း (၅) ခုတို့ကို အောက်ပါအတိုင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်-
(က) ဇန်နဝါရီလ ၂၇ ရက်နေ့မှဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မန္တလေးဗဟိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်၊ ထုံးဘို-ကျား (၁)၊ ထုံးဘို-ကျား (၂)၊ ထုံးဘို-မ၊ ၂၄ မိုင်၊ ဘုရားငါးဆူကုန်ထုတ်စခန်းများ၊ မိတ္ထီလာမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်း၊ တရားရုံး အချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်း၊
(ခ) ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြည်အကျဉ်းထောင်နှင့် ပေါင်းတည် အချုပ်ထောင်၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းများ၊
(ဂ) ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆားမလောက်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း၊
(ဃ) မတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပူတာအိုအကျဉ်းထောင်၊ မြစ်ကြီးနား အကျဉ်းထောင်၊ ပူတာအိုနှင့် မြစ်ကြီးနားမြို့များရှိ ရဲစခန်းအချုပ်ခန်း၊ တရားရုံး အချုပ်ခန်းနှင့် ဆေးရုံ အချုပ်ခန်း၊
(င) ဇူလိုင်လ ၈ရက်နေ့မှ ၉ ရက်နေ့အထိ အင်းစိန်ဗဟိုအကျဉ်းထောင်၊
(စ) ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရမည်းသင်းအကျဉ်းထောင်၊ နေပြည်တော် အချုပ်ထောင်၊ ကင်းသာ (၁) ကုန်ထုတ်စခန်း၊ ကင်းသာ (၂) ကုန်ထုတ်စခန်း၊ ပျဉ်းမနားမြို့မရဲအချုပ်ခန်း၊ ရမည်းသင်းမြို့မရဲစခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံ အချုပ်ခန်း၊
(ဆ) ဇူလိုင်လ ၂၃ ရက်နေ့တွင် သရက်အကျဉ်းထောင်၊ သရက်မြို့မရဲစခန်းအချုပ်ခန်း၊ တရားရုံး အချုပ်ခန်း။
၄။ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးစဉ်အတွင်း ကြည့်ရှုစစ်ဆေး ရေးအဖွဲ့နှင့် သီးခြားတွေ့ဆုံလိုသည့် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ (၃၆၁) ဦးကို အကျဉ်းဦးစီးဌာန ဝန်ထမ်းများမရှိသည့် နေရာတွင် သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး ယင်းတို့၏ အခက် အခဲများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ တရားရေးဆိုင်ရာ တင်ပြချက်များအပေါ် မှတ်သား စိစစ်ကာ တွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ အကြောင်း ကြားခြင်းများ ပြုလုပ် ပေးခဲ့ပါသည်။
၅။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄၁ နှင့် အပိုဒ် ၄၂ ပါ “ကုလသမဂ္ဂက ပြဋ္ဌာန်းထားသည့် အကျဉ်းသားများအပေါ် ပြုမူ ဆက်ဆံမှုနှင့် စပ်လျဉ်းသော အနိမ့်ဆုံးစံနှုန်းများနှင့် မြန်မာနိုင်ငံရဲလက်စွဲတွင် ပြဌာန်းထားသော အချက်များ”နှင့် ညီ/မညီ ကြည့်ရှုစစ်ဆေးရာ အောက်ပါ စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ ပေးပို့အကြံပြုခဲ့ပြီး ဖြစ်ပါသည်-
(က) ကျန်းမာရေးဆိုင်ရာ ၃၇ ချက်
(ခ) ပညာရေးဆိုင်ရာ ၁၀ ချက်
(ဂ) အုပ်ချုပ်မှုဆိုင်ရာ ၅၃ ချက်
(ဃ) အကျဉ်းထောင်ပြောင်းရွှေ့လိုခြင်း ၅ ချက်
(င) သန့်ရှင်းရေးဆိုင်ရာ ၁၃ ချက်
(စ) ထောင်ဝင်စာတွေ့ဆုံမှု ၈ ချက်
(ဆ) အစားအသောက်ဆိုင်ရာ ၆ ချက်
(ဇ) စာကြည့်တိုက်ဆိုင်ရာ ၁ ချက်
(ဈ) အဆောက်အဦဆိုင်ရာ ၁၁ ချက်
(ည) အကျဉ်းသားမိသားစုနှင့် အဆက်အသွယ်ရလိုခြင်း ၁ ချက်
(ဋ) အယူခံဆိုင်ရာ ၁ ချက်
(ဌ) သောက်သုံးရေဆိုင်ရာ ၁ ချက်
စုစုပေါင်း ၁၄၇ ချက်
၆။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးရာတွင် ယခင်ကြည့်ရှု စစ်ဆေးစဉ်က အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ ယခုကြည့်ရှု စစ်ဆေးစဉ် အကြံပြု ချက်များကိုလည်း နောင်တွင် ပြန်လည်ကြည့်ရှုစစ်ဆေးပါက ပြီးစီးမှုကိုပြန်လည်ကြည့်ရှုစစ်ဆေးသွားမည် ဖြစ်ပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်