မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် အမှတ် (၁၅/၂၀၁၅)

၁။      ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ရက်ပိုင်းမျှသာ လိုပါတော့သည်။ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အစွမ်းကုန် မဲဆွယ်စည်းရုံးလျက် ရှိကြပါသည်။

၂။      ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ အထွေထွေရွေးကောက်ပွဲတွင် လွတ်လွတ် လပ်လပ်နှင့် စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး၊ တည်ငြိမ်အေးချမ်းသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ပြည်သူများ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားပါသည်။

၃။      သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများနှင့် ပြည်သူများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မေတ္တာရပ်ခံချက်နှင့်အညီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။

၄။      ထို့ပြင် အထွေထွေရွေးကောက်ပွဲကို ကြိုဆိုသောအားဖြင့် အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသားများအနက် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ငြိမ်းချမ်းစွာ ပါဝင်ဆောင်ရွက် နိုင်သူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း၊ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးသပိတ်မှောက် တောင်းဆိုဆန္ဒပြခဲ့သည့် ထိန်းသိမ်းခံကျောင်းသူ၊ ကျောင်းသား များနှင့် ဝန်းရံပြည်သူများကို သက်ညှာစွာ စဉ်းစားပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ၎င်းတို့သည် အထွေထွေ ရွေးကောက်ပွဲ၌ လွတ်လပ်စွာ ပါဝင်ဆင်နွှဲခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။

၅။      သို့ဖြစ်ရာ အဆိုပါ နိုင်ငံရေး အကျဉ်းသားများ၊ ထိန်းသိမ်းခံ ကျောင်းသူ၊ ကျောင်းသားများ နှင့် ဝန်းရံပြည်သူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးရေးအတွက် စဉ်းစားပေးပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နိုင်ငံတော် သမ္မတထံသို့ မေတ္တာရပ်ခံတင်ပြထားပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်