မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး၊ မုံရွာအကျဉ်းထောင်များ၊ ကလေး၊ တမူး၊ မုံရွာမြို့များရှိရဲစခန်း အချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းတို့အားကြည့်ရှုစစ်ဆေးမှုနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်ချက် အမှတ်စဉ် ( ၁၂/ကာကွယ်/၂၀၁၇)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ မေလ၇ရက်နေ့မှ ၁၂ရက်နေ့အထိကော်မရှင်ရုံးဝန်ထမ်း၃ဦး နှင့်အတူစစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး၊ မုံရွာအကျဉ်း ထောင်များ၊ ကလေး၊ တမူး၊ မုံရွာမြို့များရှိ ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းတို့အား ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂။      ကလေးအကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    သက်ကြီးအကျဉ်းသားများ၏ ရေချိုးချိန်အား အခြားလူငယ်အကျဉ်းသားများနှင့် ခွဲခြား သတ်မှတ်ပေးသင့်ကြောင်း၊

(ခ)     HIVရောဂါသည် အကျဉ်းသား/သူ ၈၈ ဦးအနက် ၄၆ ဦးသာ ART  ​ဆေးရရှိပြီးကျန် ၄၂ ဦးမှာARTဆေးမရရှိသေးကြောင်းတွေ့ရှိရသဖြင့် အမြန်ရရှိရေး သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊

(ဂ)     လက်ရှိပေ ၃၂၀ နက်သော ၄ လက်မတွင်းတစ်တွင်း၊ ပေ ၂၆၀ နက်သော ၃ လက်မ တွင်းတစ်တွင်းဖြင့် ၁၈ နာရီအပြည့် ရေတင်မှ အကျဉ်းသားတစ်ဦးဂါလံ ၂၀ လုံလောက်ရုံသာရှိသည့်အခြေအနေတွင် လျှပ်စစ်မီးပျက်ခြင်း၊ အကျဉ်းထောင်ရှိ မီးစက်ပျက်ခြင်းတို့ကြောင့် ရေတင်ချိန်လျော့နည်းသည့် နေ့ရက်များတွင် သုံးရေ မလုံလောက်ကြောင်းသိရှိရသဖြင့် နောက်ထပ် ၄ လက်မတွင်းတစ်တွင်း၊လိုအပ်သည့် ရေစုပ်မော်တာနှင့် မီးစက်များဖြည့်ဆည်းပေးခြင်း၊ လက်ရှိမီးစက်များအား ပြင်ဆင် ပေးခြင်းလိုအပ်ပါကအသစ်ဝယ်ယူပေးခြင်းစသည်ဖြင့် ပြုလုပ်ပေးသင့်ကြောင်း၊

(ဃ)    မိုးရွာလျှင် မိုးယိုနေသောအိပ်ဆောင် ၁ အခန်း ၂ ၏အမိုးများအား လဲလှယ် ပြုပြင် ပေးသင့်ကြောင်း၊

(င)     အိန္ဒိယနိုင်ငံသားအကျဉ်းသားဖြစ်သူPaopu F-Thongkhozang ဆိုသူအား ၎င်း၏ မိသားစုနှင့် အဆက်အသွယ်ရရှိရေးလိုအပ်သလိုဆောင်ရွက်ပေးသင့့်ကြောင်း၊

(စ)     ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှုမခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလေးထား ဂရုပြုဆောင်ရွက်ပေးစေလိုကြောင်း၊

၃။      မုံရွာအကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အကျဉ်းထောင်တွင် ကျန်းမာရေးမှူးတစ်ဦးဖြင့် အကျဉ်းသားများအား ကုသနေရ သောကြောင့်နိုင်နင်းမှုမရှိသဖြင့် လက်ထောက်ဆရာဝန် ခန့်ထားနိုင်ရေးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြတောင်းခံသင့်ကြောင်း၊

(ခ)     ဖွဲ့စည်းပုံ၏ တစ်ဝက်ခန့်သာဝန်ထမ်းအင်အားရှိသဖြင့် ဝန်ထမ်းလိုအပ်ချက်အား ဖြည့်ဆည်းပေးသင့်ကြောင်း၊

(ဂ)     အိပ်ဆောင်နည်းပါးပြီး အကျဉ်းသားအင်အား များပြားကြပ်တည်းသဖြင့် လေဝင် လေထွက် ကောင်းမွန်ရန်နှင့် အဆောင်များအတွင်းအအေးဓာတ်ရရှိစေရန် မျက်နှာ ကြက် (သို့) ဘေးနံရံများတွင် ပန်ကာများတပ်ဆင်နိုင်ရန် အလှူရှင် (သို့) ဌာနအစီ အစဉ်ဖြင့် တပ်ဆင်နိုင်ရေးဆောင်ရွက်သင့်ကြောင်း၊

(ဃ)    အကျဉ်းသားအချို့၌ ယားနာများပေါက်နေသဖြင့် ၎င်းအကျဉ်းသားများအား သီးခြားရေကန်တစ်ကန်တွင် Detolထည့်၍သော်လည်းကောင်း၊ တမာရွက်ပြုတ်ရည် ထည့်၍သော်လည်းကောင်းနေ့စဉ် ရေချိုးစေသင့်ကြောင်းနှင့်ယားနာပျောက်ဆေးများ လိုအပ်သူများကိုဝယ်ပေးသင့်ပါကြောင်း၊

(င)     အကျဉ်းသားဦးရေနှင့် ရေချိုးကန်အချိုးမညီမျှသဖြင့် ရေချိုးကန်များထပ်မံတိုးချဲ့ ဆောက်လုပ်ပေးသင့်ကြောင်း၊

(စ)     စာကြည့်တိုက်တွင် စိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲစေမည့် စာအုပ်များ (ဥပမာ- ချစ်နိုင် (စိတ်ပညာ)၊ လယ်တွင်းသားစောချစ်၊ ဖေမြင့်တို့ ရေးသားသောစာအုပ်များ စသည်)အားဖြည့်ဆည်းထားသင့်ပါကြောင်း၊

(ဆ)    ကျန်းမာရေးမှူးမှ အကျဉ်းသား/သူများအားဆေးစစ်ကုသပေးရန် နေ့စဉ်အချိန်မှန် ဆေးခန်းထိုင်၍ စစ်ဆေးကုသပေးရေးကြပ်မတ်ညွှန်ကြားပေးသင့်ပါကြောင်း၊

(ဇ)     အိပ်ဆောင် ၃၊ အခန်း ၁ နှင့် အိပ်ဆောင် ၄၊ အခန်း ၁ တို့တွင် မိုးယိုသဖြင့် ပြုပြင် သင့်ကြောင်း၊

(ဈ)     အကျဉ်းသားများအိပ်သည့်နေရာများတွင် ကြမ်းပိုးကိုက်သဖြင့် ပိုးသတ်ဆေးများ ပုံမှန် ဖြန်းပေးသင့်ကြောင်း၊

(ည)    ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှုမခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်အညီအလေးထား ဂရုပြုဆောင်ရွက်ပေးစေလိုကြောင်း၊

၄။      သနန်စခန်းနှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အကျဉ်းသားမောင်နွဲ့ဆိုသူတွင်ဖြစ်ပွားနေသောခေါင်းအကြိတ်အားဆရာဝန်နှင့် ပြသ ၍ ခွဲစိတ်ကုသပေးသင့်ကြောင်း၊

(ခ)     အိပ်ဆောင်များရှိ သောက်ရေပုံးများတွင် သောက်ရေခွက်များ ထားရှိပေးသင့်ပါ ကြောင်း၊

(ဂ)     စာကြည့်တိုက်တွင် ယဉ်ကျေး၊ လိမ္မာ၊ စိတ်ကို တိုးတက်ပြောင်းလဲစေနိုင်သော စာအုပ်စာပေများဖြည့်ဆည်း၍ အကျဉ်းသားများ ဖတ်ရှုနိုင်ရေး ဆောင်ရွက် ပေးသင့်ပါကြောင်း၊

(ဃ)    လစဉ် တရားစခန်းများဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးသင့်ကြောင်း၊

(င)     သောက်ရေစစ်ကန်အမိုး၌ အလင်းရောင်ရရှိရန် အလင်းပေါက်ပလတ်စတစ် အမိုးပြား တစ်ချပ် တပ်ဆင်သင့်ကြောင်း၊

(စ)     ဖွဲ့စည်းပုံအရဝန်ထမ်းအင်အား ၅၇ ဦးဖြစ်သော်လည်းလက်ရှိတွင် ၂၇ ဦးရှိသဖြင့် ၃၀ ဦးလိုအပ်နေကြောင်း တွေ့ရှိရသဖြင့် သနန်စခန်းအား အဓိကထားပြီး ဝန်ထမ်း ဖြည့်ဆည်း ပေးသင့်ကြောင်း၊

(ဆ)    သနန်စခန်းသည် နယ်စပ်နှင့်နီးကပ်သည်ကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများ မကြာ ခဏ သွား​ရောက်စစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းပေးသင့်ကြောင်း၊

၅။      မြို့သစ်စခန်းနှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    ဖွဲ့စည်းပုံအရဝန်ထမ်း၈၂ ဦးဖြစ်သော်လည်းလက်ရှိတွင် ၃၁ ဦးသာရှိသဖြင့် လိုအပ် နေသောဝန်ထမ်းများဖြည့်ဆည်းသင့်ပါကြောင်း၊

(ခ)     အိပ်ဆောင်များရှိ လျှပ်စစ်မီးကြိုးများအားစနစ်တကျ သွယ်တန်းသင့်ကြောင်း၊

(ဂ)     အိပ်ဆောင်များအတွင်း ခြင်ဆေးဖျန်းနိုင်ရေး ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်သင့်ကြောင်း၊

(ဃ)    သောက်ရေကန်၌ အလင်းရောင်ရရှိရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားနိုင်ရန် အလင်းပေါက် ပလတ်စတစ်တစ်ချပ် တပ်ဆင်သင့်ကြောင်း၊

(င)     လစဉ်တရားစခန်းများဖွင့်လှစ်သင့်ကြောင်း၊

၆။      ဗန္ဓုလစခန်းနှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    စခန်းဖွဲ့စည်းပုံအရဝန်ထမ်းအင်အား ၅၇ ဦးအနက်လက်ရှိတွင် ၂၆ ဦးရှိသဖြင့် လိုအပ်နေသော ဝန်ထမ်း ၃၁ ဦးအားဖြည့်ဆည်းပေးသင့်ကြောင်း၊

(ခ)     စာကြည့်တိုက်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်စေမည့် စာအုပ်များအား အကျဉ်း သားများ ဖတ်ရှုနိုင်ရေးထပ်မံဖြည့်ဆည်းသင့်ကြောင်း၊

၇။      အုတ်ဖိုကန်ဘောင်စခန်းနှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    စခန်းဖွဲ့စည်းပုံအရဝန်ထမ်းအင်အား ၅၇ ဦးဖြစ်သော်လည်းလက်ရှိတွင် ၂၁ ဦးသာ ရှိသဖြင့် ၃၈ ဦးလိုအပ်နေသောကြောင့် ဖြည့်ဆည်းပေးသင့်ကြောင်း၊

(ခ)     သတင်းပို့ တင်ပြသောအကျဉ်းသားတစ်ဦးသည်ခန္တီးအကျဉ်းထောင်မှတဆင့် ကလေး အကျဉ်းထောင်စခန်းသို့ ပြောင်းရွှေ့လာစဉ် ကလေးအကျဉ်းထောင်၌ ကျန်းမာရေး စစ်ဆေးရာ HIV ရောဂါပိုးတွေ့ရှိသည်ဟုတင်ပြသဖြင့် ၎င်းအကျဉ်းသားတွင် အမှန်တကယ် HIV ရောဂါပိုးရှိ/မရှိသွေးစစ်ဆေး၍ ရောဂါပိုး တွေ့ရှိပါက ကုသ နိုင်ရေးဆောင်ရွက်ပေးသင့်ကြောင်း၊

(ဂ)     ကျန်းမာရေးမကောင်းသည့် အကျဉ်းသားများအားဆေးပေးခြင်း၊ ဆေးနားပေးခြင်း များကိုကျန်းမာရေးမှူးကိုယ်တိုင် စစ်ဆေးဆောင်ရွက်ပေးသင့်ကြောင်း၊

၈။      ရာဇဂြိုဟ် (၁) စခန်းနှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    ဖွဲ့စည်းပုံအရ ဝန်ထမ်း ၅၇ ဦး ဖြစ်သော်လည်း လက်ရှိတွင် ၂၀ ဦးသာရှိသဖြင့်  လိုအပ်နေသောဝန်ထမ်း ၃၇ ဦးကိုဖြည့်ဆည်းပေးသင့်ကြောင်း၊

(ခ)     စာကြည့်တိုက်တွင် ဘာသာရေးနှင့် ဗဟုသုတရဖွယ် စာအုပ်များ၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြှင့်တင်ရေးစာအုပ်စာပေများထပ်မံဖြည့်ဆည်းသင့်ကြောင်း၊

၉။      ရာဇဂြိုဟ် (၂) စခန်းစာကြည့်တိုက်တွင် ဘာသာရေးနှင့် ဗဟုသုတရဖွယ်ရာ စာအုပ်များ ထပ်မံဖြည့်ဆည်းသင့်ကြောင်းအကြံပြုခဲ့ပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ   ၂၈  ရက်