ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒိုက်ဦးမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့နှင့်နှင့် ဖြူးမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်နှင် တောင်ငူခရိုင်ရှိ မြို့နယ်များတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကော်မရှင်အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပဲခူးခရိုင် ဒိုက်ဦး မြို့နယ်၊ ကောလိယခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၃၅၃) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ ကော်မရှင် အဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် ရွှေကျင်မြို့ မြို့နယ်စည်ပင်သာယာခန်းမ၌ အလားတူ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ ရွှေကျင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၄၄၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်း တွင် တောင်ငူခရိုင် ကျောက်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု စုစုပေါင်း အင်အား (၂၂၀) ဦး နှင့် မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ် စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုစုစုပေါင်းအင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများနှင့် သိကောင်းစရာများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ စားကျက်မြေနှင့် ပတ်သက်သည့်ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့်ကိစ္စ၊ တရားရုံးတွင် ကြားနာဆဲ၊ အယူခံဝင်ဆဲအမှုများစသည့် ကိစ္စရပ်များကို မေးမြန်းရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးတို့က ပြန်လည် ဖြေကြားခဲ့ကြပါသည်။

 

Universal Periodic Review – Myanmar အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍ Universal Periodic Review – Myanmar အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်ရှိ၊ Hotel Max တွင် ကျင်းပခဲ့သည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာန များနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ The Lutheran World Federation (Myanmar) မှ Program Coordinator နှင့် ဝန်ထမ်းများ စသည်ဖြင့် စုစုပေါင်း (၅၀) ဦးတက်ရောက်ကြသည်။

            ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အလုပ်ရုံဆွေးနွေးပွဲ၌ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် UPR လုပ်ငန်းအစဉ်အရ နိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေနှင့် စပ်လျဉ်း၍ တတိယအကျော့အဖြစ် သုံးသပ်မှုခံယူရမည် ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယခုအလုပ်ရုံဆွေးနွေပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊  UPR ဒုတိယအကျော့သုံးသပ်မှုခံယူခဲ့ စဉ်က မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်မှု များကို ဆွေးနွေးညှိနှိုင်းရန်အတွက် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် တက်တက် ကြွကြွပါဝင်ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် The Lutheran World Federation (Myanmar) မှ Program Coordinator Ms. Mariolein Coren က အဖွင့်အမှာစကား ပြောကြားရာတွင် UPR အကြံပြုတိုက်တွန်းချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် အချက်များ၊ မြန်မာနိုင်ငံတွင် LWF ၏ ဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားပါသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်အရ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက UPR နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ အကြံပြုတိုက်တွန်းချက်များ ခေါင်းစဉ် ဖြင့်လည်းကောင်းဆွေးနွေးတင်ပြပြီး LWF မှ Deputy Program Manager ဦးစံသိန်းမောင်က UPR နှင့် ဆက်စပ် သည့်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက UPR လုပ်ငန်းစဉ်နှင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။

            ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများကို အဖွဲ့ငယ်များခွဲ၍ မြန်မာနိုင်ငံက လက်ခံခဲ့သည့် UPR အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မည်သည့်ဌာန/ အဖွဲ့အစည်းများက မည်ကဲ့သို့ အကောင် အထည်ဖေါ်ဆောင်ရွက်သင့်သည်ကို အလွတ်သဘော ဆွေးနွေးကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အထိကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ကယားဘာသာဖြင့် စတင်မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနား ကျင်းပပြုလုပ်ခြင်း

၁။      ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်းကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤကဲ့သို့ သမိုင်းဝင် လုပ်ဆောင်ချက်ကို ဆောင်ရွက်ပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအား ဤကြေညာစာတမ်း၏ စာသားများကို အများပြည်သူ သိရှိနိုင်စေရေးအတွက် ဆောင်ရွက် ရန်နှင့် နိုင်ငံများ (သို့မဟုတ်) နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို ခွဲခြားမှုမပြုဘဲ၊ အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ကြေညာစာတမ်းကို ဖြန့်ချိဝေငှစေရန်၊  မြင်သာထင်သာအောင် ပြသထားစေရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်းလင်းစွာ ဖော်ပြစေရန် ပန်ကြားခဲ့ပါသည်။

၂။      သို့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ ၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ကချင်ဘာသာ၊ မွန်ဘာသာနှင့် ရှမ်းဘာသာများသို့ ပြန်ဆို၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း၊ ကရင် သာသာသုံးမျိုးဖြစ်သည့် ပိုး(အရှေ့)၊ ပိုး (အနောက်)၊ စကောဘာသာများသို့ ပြန်ဆို၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် လည်းကောင်း အသီးသီး မိတ်ဆက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါသည်။

၃။      အလားတူ ကယားဘာသာသို့  ပြန်ဆို၍ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကယားပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် ဖိတ်ကြားထားသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် များတက်ရောက်ကြပါသည်။ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့် နှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဥက္ကဋ္ဌက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ကယားဘာသာပြန် စာအုပ်များ ကို ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးထံသို့ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (ကယားဘာသာ) အစီအစဉ်မှ ဦးတျားရုအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများ ကျင်းပ

     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ဦးညွန့်တင်တို့ ပါဝင်သော ကော်မရှင် အဖွဲ့သည် ခရိုင်အဆင့် အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံသင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ရာ ခရိုင်အဆင့် အစိုးရအရာထမ်း ၅၁ ဦး တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံ သင်တန်းကို ၂၀၁၈ ခုနှစ်၊ မေလ  ၂၈  ရက် နေ့ နံနက် ၉ : ၀၀ နာရီတွင် ကော့သောင်းမြို့ Garden ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ အလုပ်ရုံသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင်များက လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အလုပ်ရုံသင်တန်းကို မေလ ၂၉ ရက်နေ့အထိ နှစ်ရက် ကြာ ကျင်းပပြုလုပ်ခဲ့သည်။

  အလားတူ ကော်မရှင်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို မေလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်နှင့် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၆ ဦး တက်ရောက်ခဲ့ကြသည်။ ထို့အပြင် မေလ ၃၁ ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ ကော့သောင်းမြို့ရှိ NGO / CSO  အဖွဲ့ ဝင်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုစုပေါင်း ၄၈ ဦး တက်ရောက်ခဲ့ ကြသည်။

   အလုပ်ရုံသင်တန်းနှင့် ဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေး ဆိုင်ရာ အဓိကသဘောတူစာချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် တိုင်တန်းမှုယန္တရား စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းများအတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော NCRWG မှလည်း ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများ၊ လူ့အခွင့်အရေးနှင့် ပြည်သူ့တာဝန်များအကြောင်းတို့ကို ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ ပါသည်။

  အလုပ်ရုံသင်တန်း ပါဝင်တက်ရောက်သူများက လူ့အခွင့်အရေး အသိပညာ တိုးပွားစေပြီး ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့လုပ်ငန်းများကို အထောက်အကူဖြစ်စေသဖြင့် အလွန်အဖိုးထိုက်တန် သောသင်တန်းဖြစ်ကြောင်း တင်ပြချက်များအရ ကော်မရှင်အနေဖြင့် ယခုကဲ့သို့ သော လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆက်လက်ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများတွေ့ဆုံ၍ မသန်စွမ်းသူများအသင်းအဖွဲ့များကကုလသမဂ္ဂသို့ တင်သွင်းသောအစီရင်ခံစာအားရှင်းလင်းဆွေးနွေးခြင်း

၁။      မြန်မာနိုင်ငံသည် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ စာချုပ်ပါ အခွင့်အရေးများနှင့် စပ်လျဉ်း၍ နိုင်ငံတော် အနေဖြင့် ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာကော်မတီသို့ အစီရင်ခံစာရေးသားတင်သွင်းခဲ့ပါသည်။ မသန်စွမ်းသူများအနေဖြင့်လည်းယင်းတို့၏ အခွင့်အရေးနှင့် စပ်လျဉ်း၍ မသန်စွမ်းသူများကိုယ်တိုင် လေ့လာဆန်းစစ်မှုများဆောင်ရွက်၍ ဥပဒေနှင့်မူဝါဒများ၊ သတင်း အချက်အလက်များ၊ ဝန်ဆောင်မှုများ၊ အသိပညာပေးမှုများ၊ လက်လှမ်းမီရယူသုံးစွဲမှုများ၊တရားမျှတမှုများနှင့် ဥပဒေ အကျိုးခံစားခွင့်များနှင့် စပ်လျဉ်းပြီးထင်ဟပ်နှိုင်းယှဉ်သည့် အစီရင်ခံစာအားတင်သွင်းခဲ့ကြပါသည်။

၂။      အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သို့ ရှင်းလင်းဆွေးနွေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ရာဦးစစ်မြိုင် နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဦးမိုးဇင်၊ အထွေထွေအတွင်းရေးမှူးဦးမြတ်သူဝင်းနှင့် အဖွဲ့ဝင်များ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်မှ တာဝန်ရှိသူများကအစီရင်ခံစာရေးသားပြင်ဆင်ခဲ့မှုနှင့် အဓိကတွေ့ရှိချက်များ၊ အစီရင်ခံစာပါ ထောက်ခံအကြံပြုချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီးကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များကအကြံပြုဆွေးနွေးမှုများ၊ ကော်မရှင် ကဆောင်ရွက်လျက်ရှိသောမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဆောင်ရွက်ချက်၊ အကြံပြုတိုက်တွန်းချက်များနှင့််စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မသန်စွမ်းသူများအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကိုထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

DSC04115 DSC04131 DSC04121 DSC04118 DSC04117

တိုင်ကြားနိုင်ပါသည်

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံသားများ၏ လူ့အခွင့်အရေးဖောက်ဖျက် ခံရမှုများနှင့်ပတ်သက်၍ တိုင်ကြားစာများကိုလက်ခံလျက်ရှိပြီးယင်းတိုင်ကြားစာများကိုစိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ညှိနှိုင်းဖြေရှင်းပေးခြင်းများနှင့် သက် ဆိုင်ရာဌာနများသို့ ဖြေရှင်းကုစားပေးရန် အကြောင်းကြားညှိနှိုင်းခြင်းများပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ သို့ဖြစ်၍ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားများ၏ မူလအခွင့်အရေးကိုဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများဖောက်ဖျက်ခံရခြင်း၊နိုင်ငံတော်ကပါဝင်ချုပ်ဆိုထားသည် နိုင်ငံတကာ လူ့အခွင့် အရေးဆိုင်ရာသဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက ကိုယ်တို င်အတွက် သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက် သော်လည်းကောင်း၊ လူတစ်စုကိုကိုယ်စားပြု၍ သော်လည်းကော င်းဥက္ကဋ္ဌ၊မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊အမှတ် (၂၇) ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့် ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေတိုင်ကြားနိုင်ပါသည်။

၃။      လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများတွင် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရခြင်းများလည်းအကြုံးဝင်ပါသဖြင့် နိုင်ငံအနှံ့အပြားတွင် ကလေးသူငယ်နှင့် အမျိုးသမီးအခွင့်အရေးချိုးဖောက်ခြင်းများခံစား၊ ကြုံတွေ့ရပါကလူ့အခွင့်အရေးကော်မရှင်သို့ ကိုယ်တိုင်ဖြစ်စေတာဝန်သိသူတစ်ဦးဦးမှ ကိုယ်စားပြု၍ ဖြစ်စေတိုင်တန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။

၄။      တိုင်တန်းရာတွင် အောက်ပါအချက်အလက်များပြည့်စုံစွာဖော်ပြရမည်ဖြစ်ပါသည်-

(၁)     တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊

(ဆက်သွယ်ရန်ဖုန်း/လက်ကိုင်ဖုန်း၊ ဖက်စ်နှင့် email တို့ရှိလျှင် ထည့်သွင်းဖော်ပြရန်)

(၂)     တိုင်တန်းသူသည် မည်ကဲ့သို့မူလအခွင့်အရေးဖောက်ဖျက်ခံရကြောင်းအချက်အလက် များဖြင့် အမှုနှင့်သက်ဆိုင်သောအထောက်အထားများပူးတွဲလျက် ပြည့်စုံစွာဖော်ပြရန်၊

(၃)     တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာရေးသားဖော်ပြခြင်းဖြစ်ကြောင်းဝန်ခံချက် လက်မှတ်ရေးထိုးရန်၊

(၄)     တိုင်တန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ။

မှတ်ချက်။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် တိုင်တန်းချက်များကိုစိစစ်ရာတွင် လိုအပ်ပါကတိုင်တန်းသူအားခေါ်ယူတွေ့ဆုံမေးမြန်းပါမည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

မွန်ပြည်နယ် သထုံခရိုင်အတွင်း လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲများပြုလုပ်ခြင်း

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူအခွင့် အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန် နှင့် လူ့အခွင့်အရေးကို မှန်မှန်ကန်ကန် သိရှိပြီးလေးစားလိုက်နာ၍ မှန်မှန်ကန်ကန် ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်လျက် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်နှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးဦးအာကာဟိန်းစိုး တို့ပါဝင်သည့် ကော်မရှင် အဖွဲ့သည် ၂၀၁၈ခုနှစ် မေလ ၁၆ ရက်နေ့နှင့် ၁၇  ရက်နေ့များတွင် မွန်ပြည်နယ်သထုံခရိုင်အတွင်းရှိ ကျိုက်ထို မြို့နယ်၊ ဘီလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်  လူ့အခွင့်အရေး အကြောင်း သိကောင်းစရာရှင်းလင်း ဆွေးနွေးပွဲများကျင်းပပြုလုပ်ခဲ့ပါသည်။

   ရှေးဦးစွာကော်မရှင် အဖွဲ့သည် ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ အထက (၁) ခန်းမတွင်လူ့အခွင့်အရေးဆိုင်ရာ သိကောင်း စရာများရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော် အရာရှိများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စုစုပေါင်း အင်အား (၃၅၀) ဦးစိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပါသည်။

          အလားတူယင်းနေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင်ဘီးလင်းမြို့နယ် မြို့နယ်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများစုစုပေါင်းအင်အား (၂၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။

   ကော်မရှင် အဖွဲ့သည်မေလ ၁၇ ရက်နေ့တွင် သထုံခရိုင်၊ သထုံမြို့နယ်၊ သုဝဏ္ဏခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာခရိုင်အုပ် ချုပ်ရေးမှူးဦးတေဇာအောင်နှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ အရာရှိစစ်သည်များ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုများစုစုပေါင်းအင်အား (၃၈၀) ဦးတက်ရောက်ခဲ့ကြပါသည်။ယင်းနေ့ မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် ပေါင်မြို့နယ် ရှိအထက (၁) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုများစုစုပေါင်းအင်အား (၂၀၀) ဦးတက်ရောက်ခဲ့ကြ ပါသည်။

 အဆိုပါအခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက လူ့အခွင့်အရေး ဆိုင်ရာအခြေခံ အယူအဆများနှင့်ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကို လည်းကောင်းကော်မရှင်ရုံးဒုတိယညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း ကိုလည်းကောင်း၊အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ ကြပြီးတက်ရောက်လာသူများ၏ သိရှိလို သည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

33221555_1783165581751277_4530911474729615360_n 33087660_1783165671751268_1550051485218242560_n 33079933_1783164525084716_1241744907211636736_n

ပြစ်မှုရင်ဆိုင်နေရသော ကလေးသူငယ်များအား ထိန်းသိမ်းစောင့်ရှောက်သည့် သင်တန်းကျောင်း များ သို့ သွားရောက်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ အကြံပြုတိုက်တွန်းချက်များ ပေးပို့ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (င) နှင့် ပုဒ်မ (၄၃) တို့အရ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းများကို လုပ်ငန်း အစီအစဉ်များ ချမှတ်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ဦးစီးသည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ဧပြီလ ၂ရက်၊ ၃ ရက်နှင့် ၃၀ ရက်နေ့များတွင် ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းသို့ လည်းကောင်း၊ မေလ ၉ ရက်နေ့တွင် သန်လျင် လူငယ်သင်တန်းကျောင်းသို့ လည်းကောင်း၊ မေလ ၁၅ ရက်နေ့တွင် အမျိုးသမီးသက်မွေးပညာသင်ကျောင်း (နက်မောက် လမ်းသွယ်) သို့ လည်းကောင်း သွားရောက်၍ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ကလေးသူငယ် များနှင့် စပ်လျဉ်းပြီး ကလေးသူငယ်အခွင့်အရေးများနှင့်အညီ ဖမ်းဆီးချုပ်နှောင်ခံရစဉ် ထိန်းသိမ်း ထား ရှိမှု အခြေအနေ၊ ခုခံချေပရန် ရှေ့နေရရှိခြင်း ရှိ/မရှိ၊ အမှုရင်ဆိုင်ဆဲကာလ ကြန့်ကြာနေရခြင်း ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်အတွင်း မြန်မာနိုင်ငံ စိတ်ပညာ အသင်းမှ စိတ်ပညာရှင် နှစ်ဦး လိုက်ပါ၍ ကလေးသူငယ်များ၏ ပြစ်မှု ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ စိတ်နှင့် ခံစားမှုများ ဆန်းစစ်ခြင်း၊ စာရိတ္တပြုပြင်တိုးတက်မှုများ ဆန်းစစ်လေ့လာခြင်းများကိုပါ ဆောင်ရွက် ခဲ့ပါသည်။

၂။      ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစီးသည့် အဖွဲ့သည် အထက်ပါ ရမန်ကလေးများ ထိန်းသိမ်း စောင့်ရှက် သော ကျောင်း (၂) ကျောင်းနှင့် ပြစ်ဒဏ်ကျ ကလေးများ ထိန်းသိမ်းစောင့်ရှောက်သော ကျောင်း (၁) ကျောင်းတို့အား စစ်ဆေးခဲ့ရာ အမှုစစ်ဆေးပြီး၊ အမှုစစ်ဆေးဆဲ ကလေး (၁၀၅) ဦးနှင့် သီးခြား လွတ်လပ်စွာ တွေ့ဆုံမေးမြန်းချက်များ အရ အောက်ပါတို့ကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်-

(က)    ကလေးသူငယ်ဥပဒေ (၁၉၉၃) ခုနှစ် ၊ ပုဒ်မ ၃၇ နှင့် နည်းဥပဒေ ပုဒ်မ ၅၂ တွင် ရဲအရာရှိသည် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို ဖမ်းဆီး ရာတွင် လိုက်နာရမည့်အချက်များကို ပြဋ္ဌာန်းဖော်ပြထားသော်လည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက စွပ်စွဲခံရသော ကလေးသူငယ်များအား လူကြီး အကျဉ်းသား များဖြင့် ရောနှောချုပ်နှောင်ခြင်းခံရကြောင်းကို ကလေး (၉၂) ဦးက လည်းကောင်း၊ လက်ဖြင့်ရိုက်နှက်ခြင်း၊ ခြေဖြင့် ကန်ကျောက်ခြင်းများရှိ ကြောင်းကို ကလေး ၁၉ ဦးက လည်းကောင်း ဖြေကြားခဲ့ပါသည်။ အချုပ်ခန်းတွင် ဖမ်းဆီး ချုပ်နှောင်ခံရစဉ် နေ့စဉ် စားသောက်ရေးအတွက် အိမ်မှ လာရောက်ပေးပို့ခြင်း၊ အချို့ကလေးများကို အခြားအချုပ်သားများက ဝေငှ၍ စားသောက်ခဲ့ရခြင်းများ ရှိကြောင်း သိရှိရပါသည်။

(ခ)     အမှုရင်ဆိုင်စဉ်ကာလအတွင်း ရှေ့နေလိုက်ပါ ဆောင်ရွက်ခွင့်ရရှိသူ (၄၁) ဦး၊ အစိုးရ ရှေ့နေလိုက်ပါဆောင်ရွက်သူ (၂) ဦးရှိပြီး ကျန်မေးမြန်းခဲ့သူ ကလေးသူငယ်များ အနေဖြင့် ငွေကြေးချို့တဲ့မှု၊ အသိပညာအားနည်းမှုတို့ကြောင့် ရှေ့နေငှားရမ်းနိုင်ခြင်း မရှိဘဲ ခုခံထုချေခွင့် ဆုံးရှံးကြောင်း တွေ့ရှိရပါသည်။

(ဂ)     ကလေးသူငယ် အမှု အများစုကို မှန်မှန်နှင့် မြန်မြန် စစ်ဆေးစီရင်မှုများ ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရသော်လည်း သန်လျင်လူငယ်သင်တန်းကျောင်း တွင် ရမန် ကလေးသူငယ် (၁၅၁) ဦး ရှိသည့်အနက် ၆ လမှ ၁ နှစ်အထိ ကြာမြင့်နေသူ (၃၃) ဦး၊ ၁ နှစ်မှ ၁ နှစ် ၆ လ အထိ ကြာမြင့်နေသူ (၅) ဦး၊ ၁ နှစ် ၆ လနှင့် အထက် (၆) ဦး ၂ နှစ်အထက် (၁) ဦး ရှိကြောင်း တွေ့ရှိရပါသည်။ ကျန်ကလေးသူငယ်များမှာ ၆ လအောက် အမှု ရင်ဆိုင်ဆဲဖြစ်ပါသည်။

(ဃ)    သင်တန်းကျောင်းများအနေဖြင့် လူမှုဝန်ထမ်းနည်းလမ်းများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်းတွေ့ရှိရပြီး ကလေးသူငယ် အများစု ပညာသင်ကြားခွင့်၊ သင့်တင့်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် နေ့စဉ် အဟာရ မျှတစွာ စားသောက် နေထိုင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

(င)     ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာ သင်ကြားမှု စုစုပေါင်း (၇၃) ဦး နှင့် ကျောင်းပြင်ပပညာသင်ကြားမှု စုစုပေါင်း (၃၃) ဦး သင်ကြားပေးလျက် ရှိပြီး အသက်မွေးပညာသင်တန်း (၈) မျိုးတွင် သင်တန်းသား (၂၇၆) ဦးအား  သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ သန်လျင် လူငယ်သင်တန်းကျောင်းတွင်လည်း အခြေခံပညာ (မူ/ လယ်/ ထက်)  တက်ရောက်ပညာသင်ယူခွင့်များ ရရှိလျက်ရှိပါသည်။ သင်တန်းကျောင်းတွင်လည်း ကျောင်းပြင်ပပညာရေးနှင့် အ သုံးလုံး သင်တန်းများ သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။ သို့သော် အချို့ရမန်ကလေးများ ပညာသင်ကြားခွင့်မရရှိသေးကြောင်း တွေ့ရှိရပါသည်။

(စ)     ကလေးသူငယ်ဥပဒေပုဒ်မ ၄၈ အရ ပြစ်ဒဏ်ကျခံပြီး တစ်နှစ်ပြည့်ချိန်တွင် ကလေးသူငယ်၏ အကျင့်စာရိတ္တအခြေအနေ တိုးတက်ကောင်းမွန်မှုရှိပါက ကလေး သူငယ်အား သက်ဆိုင်ရာ မိဘကလည်းကောင်း၊ အုပ်ထိန်းသူ သို့မဟုတ် ကျောင်းအုပ် က သော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးသို့ ပြင်ဆင်မိန့် လျှောက်ထား နိုင်ခွင့်ရှိကြောင်းနှင့် သက်ဆိုင်ရာ တရားရုံးများက ဆောင်ရွက်ပေးလျက်ရှိပြီး ပြစ်ဒဏ်ပြင်ဆင်ချက်အရ ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ သင်တန်းသား (၂၅) ဦးကို မိဘ အုပ်ထိန်းသူထံသို့ ပြန်လည် အပ်နှံနိုင်ခဲ့ကြောင်း သိရှိရပါသည်။

၃။      အဆိုပါ စစ်ဆေးတွေ့ရှိခဲ့မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးသို့ အောက်ပါအတိုင်း အကြံပြု တိုက်တွန်းချက်များ ပေးပို့ခဲ့ပါသည်-

(က)    မြန်မာနိုင်ငံက စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်သော ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်၏ အပိုဒ် ၄၀ (ခ၊ ၃) တွင် “တရားဥပဒေနှင့် အညီ အရည်အချင်းပြည့်ဝ၍ ဘက်လိုက်မှု ကင်းသော အာဏာပိုင် သို့မဟုတ် တရားစီရင်ရေးအဖွဲ့က  တရားဥပဒေနှင့် အညီ အရည်အချင်းပြည့်၍ လွတ်လပ်ပြီး ဘက်မလိုက်သည့် အာဏာပိုင် သို့မဟုတ် တရားစီရင်ရေး အဖွဲ့က တရားရေးဆိုင်ရာ သို့မဟုတ် အခြားသင့်လျော်သော ကူညီမှုဖြင့် ကလေးသူငယ်၏ ကောင်းကျိုးအတွက် မဟုတ်ဟု ယူဆလျှင်မှ အပ၊ အထူးသဖြင့် သူ၏ သို့မဟုတ် သူမ၏ အသက်အရွယ် သို့မဟုတ် အခြေအနေ၊ သူ ၏ သို့မဟုတ် သူမ၏ မိဘများ သို့မဟုတ် တရားဝင် အုပ်ထိန်းသူများကို ထည့်သွင်းတွက်ချက် စဉ်းစားလျက် တရားမျှတသော ကြားနာ စစ်ဆေးခြင်း ပြုလုပ်၍ အချိန်မဆိုင်းဘဲ ဆုံးဖြတ်ချက် ချမှတ်ပေးရန်၊ တရား မျှတသော ကြားနာစစ်ဆေးခြင်း ပြုလုပ်၍ အချိန်မဆိုင်းဘဲ ဆုံးဖြတ်ချက် ချမှတ် ပေးရန်” ပြဋ္ဌာန်းထားသည့် နည်းတူ ကလေးသူငယ်ဥပဒေ (၁၉၉၃) ခုနှစ် ၏ ပုဒ်မ ၄၂ (င) တွင် ကလေးသူငယ်တရားရုံးသည် ကလေးသူငယ်မှုခင်းကို စစ်ဆေးရာတွင် “နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ အမြန်ပြီးပြတ်အောင် စစ်ဆေးစီရင်ရမည်” ဟု ပြဋ္ဌာန်းထားသည့်အတွက် ၁ နှစ် အထက် တရားရင်ဆိုင်နေရသော ကလေး သူငယ် (၁၂) ဦးရှိသဖြင့်  အမှုစစ်ဆေးရာတွင် လိုအပ်သည်ထက်ကြန့်ကြာမှုမရှိဘဲ ကလေး သူငယ်၏ အခွင့်အရေးများ နစ်နာမှု မရှိစေရန် အတွက် လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ အမြန် ပြုလုပ်ပေးနိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ချုပ်ထံသို့ မေတ္တာရပ်ခံ တိုက်တွန်း ထားရှိပါသည်။

(ခ)     ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရသူ ကလေးသူငယ်များအား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၌ ချုပ်နှောင်ထားရာတွင် ကလေးသူငယ်ဥပဒေပုဒ်မ ၃၇ (ခ) နှင့် (ဂ) တို့အရ လူကြီးများနှင့် ရောနှောချုပ်နှောင်ခြင်းမပြုဘဲ သီးသန့်ထားရှိနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးရန် နှင့် ကလေးသူငယ်များအား ဖမ်းဆီးချုပ်နှောင်စဉ် ရိုက်နှက် ကန်ကျောက် အစရှိသည့် ညှင်းပန်းမှုများကို ဆောင်ရွက်ခြင်းမရှိစေရန် အတွက် အလေးအနက်ထား၍ ထိန်းသိမ်းစောင့်ရှောက်ရေး လိုအပ်သလို စီမံညွှန်ကြား ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြု တိုက်တွန်း ထားရှိ ပါသည်။

(ဂ)     ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ ပြစ်ဒဏ် ပြင်ဆင်ခွင့် အခွင့်အရေးကို ကလေးသူငယ်ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝေးလံ သောဒေသရှိ တရားရုံးများနှင့် သက်ဆိုင်သော ပြင်ဆင်ခွင့်အတွက် သက်သေ ဆင့်ခေါ်ရန် လိုအပ်ပါက ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းများရှိ ကလေး သူငယ်များအတွက် ကော့မှူးမြို့နယ် တရားရုံးသို့လည်းကောင်း၊ မန္တလေး လူငယ် သင်တန်းကျောင်းရှိ ကလေးသူငယ်များအတွက် မန္တလေးမြို့ရှိ ကလေးသူငယ် တရားရုံးသို့လည်းကောင်း အမှုတွဲများ လွှဲပြောင်းပေးပို့ ဆောင်ရွက်သည့် စနစ် ကျင့်သုံးနိုင်ရေးအတွက် တရားစီရင်ရေးစနစ်အတွင်းမှ လိုအပ်သလို စီမံညွှန်ကြား ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အကြံပြုတိုက်တွန်း ထားရှိပါသည်။

(ဃ)    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၈ နှင့် ကလေး သူငယ် ဥပဒေပုဒ်မ ၂၀ တို့အရ ကလေးသူငယ်တိုင်းသည် ပညာသင်ကြားခွင့် ရှိသည့်အတွက် တရားရုံးတွင် ရင်ဆိုင်နေရသော ကလေးသူငယ်များ အနေဖြင့် ပညာ သင်ကြားခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသည့် ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သင့်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန သို့ အကြံပြုတိုက်တွန်းချက် ပေးပို့ထားရှိပါသည်။

(င)     သင်တန်းသားများအား လူမှုဆက်ဆံရေးနည်းလမ်းများ၊ စာရိတ္တတိုးတက် ကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်ပေးခြင်း၊ အခြေခံပညာနှင့် အသက်မွေး ပညာရပ်များကို ပြင်ပ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက် မပြတ် သင်ကြားပေးနိုင်ရေးနှင့် ကလေးသူငယ်အခွင့်အရေး မဆုံးရှုံးရစေရေး ဆောင်ရွက်ရာတွင် အခွင့်အရေး အခြေပြုနည်းလမ်း Right Based အနှစ်သာရများဖြင့် ဆောင်ရွက်သင့်ကြောင်း သုံးသပ် အကြံပြုချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန သို့ အကြံပြု ပေးပို့ ထားရှိ ပါသည်။

၄။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ကော်မရှင်ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ် အခွင်အရေး အကောင်အထည်ဖော်ဆောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကိုလည်း အထောက်အကူပြု ဆောင်ရွက်လျက်ရှိပါသည်။ ထိန်းသိမ်းစောင့်ရှောက်ထားသော သင်တန်းသား များ အနေဖြင့် လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ရောက်ရှိသည့်အခါ စာရိတ္တကောင်းမွန်ပြီး မိသားစုနှင့် လူမှုအသိုင်းအဝန်းအတွက် အားကိုးအားထားရသော လူငယ်များအဖြစ် ရောက်ရှိနိုင် ရေး အတွက် ကလေးသူငယ်အခွင့်အရေး အပြည့်အဝရရှိ ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း ဖော်ပြအပ်ပါသည်။

29996185_1730180227049813_1033359253_o 32294544_1771463632921472_1289704083996803072_n 32218668_1771464056254763_4775110039436263424_n 32239734_1771463759588126_3097705974958391296_n 30122432_1730180263716476_362556537_o