မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ်(၄/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ၅-၃-၂၀၁၉ ရက်နေ့တွင် (၄) မိုင်ကုန်ထုတ်စခန်းနှင့် တောင်ငူအကျဉ်းထောင်၊ ၆-၃-၂၀၁၉ ရက်နေ့တွင် တောင်ငူအကျဉ်းထောင်၊ ၇-၃-၂၀၁၉ ရက်နေ့တွင် ရမည်းသင်းအကျဉ်းထောင်နှင့် ၈-၃-၂၀၁၉ ရက်နေ့တွင် နေပြည်တော် အချုပ်ထောင် တို့အား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီ အောက်ပါအကြံပြုချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      (၄) မိုင်ကုန်ထုတ်စခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းသားတစ်ဦးမှာ ပြင်ပမှာကတည်းက ဆိုင်ကယ်မှောက်၍ ဘယ်ဒူး အောက်ဒဏ်ရာ ရရှိ ထားသဖြင့် အလုပ်ကြမ်း မလုပ်နိုင်သောကြောင့် အကျဉ်းထောင်သို့ ပြန်လိုကြောင်း သတင်းပို့ တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။

( ခ )   အိပ်ဆောင်များရှိ ရေဗူး၊ ရေခွက်များ သန့်ရှင်းမှု မရှိကြောင်း တွေ့ရှိရသဖြင့် သန့်ရှင်း ရေး ဆောင်ရွက်ပေးသင့်ပါသည်။

( ဂ )   အကျဉ်းသား အချို့မှ ၎င်းတို့၏ လွတ်ရန်ကျန်ရက်များကို သိရှိလိုကြောင်း သတင်းပို့ တင်ပြ ကြသဖြင့် တာဝန်ခံအရာရှိမှ လိုအပ်သလို ဆောင်ရွက်သင့်ပါသည်။

(ဃ)    အကျဉ်းသားအမှတ်တစ်ဦးမှာ ချောင်းဆိုးသွေးပါရောဂါ ခံစားနေရသဖြင့် ဆေးရုံပြသကုသ ပေးသင့်ပါသည်။ လိုအပ်ပါက အကျဉ်းထောင် ဆေးရုံ တင်ပို့နိုင်ရေး ဆောင်ရွက် ပေးသင့် ပါသည်။

(င)     စခန်းသည် ကော်မရှင်က ယခင်တစ်ခေါက် လာရောက်စစ်ဆေးစဉ်ကထက် ပိုမို တိုးတက် ကောင်းမွန်လာသည်ကို စစ်ဆေးချက်များအရလည်းကောင်း၊ အကျဉ်းသား ထွက်ဆိုချက်များ အရ လည်းကောင်းတွေ့ရှိရသဖြင့် ယခုအခြေအနေကို ထိန်းသိမ်း ထားသင့်ပါသည်။

(စ)     အကျဉ်းသား အဝတ်စိုများကို ညဘက်တွင် လှန်းနိုင်ရေး လုံခြုံရေးအခြေအနေအရ သင့်တော်သော နေရာတစ်ခုသတ်မှတ်ပေးသင့်ပါသည်။

(ဆ)    အကျဉ်းသားတစ်ဦးမှာ မျက်လုံးအားနည်း သည့်ရောဂါ ခံစားနေရသဖြင့် သောက်ဆေးသောက် သော်လည်း မသက်သာသောကြောင့် နီးစပ်ရာ တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုကြောင်း သတင်းပို့ တင်ပြသဖြင့် ပြောင်းရွှေ့ပေးသင့်ပါသည်။

(ဇ)     ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံသော အကျဉ်းသား/အချုပ်သားများကို ကော်မရှင် ဥပဒေ ပုဒ်မ ၃၈ အရ လက်တုံ့ပြန်မှုမခံရစေရေး တာဝန်ရှိသူများမှ ကြပ်မတ်ရန် လိုအပ်မည်ဟု အကြံပြုအပ်ပါသည်။

၃။      တောင်ငူအကျဉ်းထောင်နှင့် ပတ်သက်သည် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင်တွင် ရိုးတွင်းချဉ်ဆီရောဂါများ ဖြစ်ပွားနေသော အကျဉ်းသားအချို့ ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့ဆန္ဒအရ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ပင့်ဖိတ်၍ ကုသ စောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

( ခ )   အကျဉ်းထောင်တွင် ယားနာ၊ ပွေးပေါက်နေသူများရှိနေကြောင်း သိရှိရသဖြင့်ဆေးဝါးများ ဖြည့်ဆည်းခြင်း၊ စနစ်တကျ ကုသပေးခြင်းများကို ဆောင်ရွက်ပေးသင့်ပါသည်။

( ဂ )   ယခုအကျဉ်းထောင် တာဝန်ခံအရာရှိလက်ထက်တွင် စားသောက်ရေး၊ နေထိုင်ရေး အားလုံး အဆင်ပြေခြင်းကြောင့် တာဝန်ခံအရာရှိအား အခြားအကျဉ်းထောင်သို့ ပြောင်းရွှေ့မပေးစေလို ကြောင်း သတင်းပို့တင်ပြကြသဖြင့် ယခုအခြေအနေကို ထိန်းသိမ်း ထားသင့်ပါသည်။

(ဃ)    ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံသော အကျဉ်းသား/အချုပ်သားများကို ကော်မရှင် ဥပဒေ ပုဒ်မ ၃၈ အရ လက်တုံ့ပြန်မှုမခံရစေရေး တာဝန်ရှိသူများမှ ကြပ်မတ်ရန် လိုအပ်မည်ဟု အကြံပြုအပ်ပါသည်။

၄။      ရမည်းသင်းအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အသက် ၁၈ နှစ်မှ ၂၀ နှစ်ထိ အကျဉ်းသား ၃၅ ဦး၊ အကျဉ်းသူ ၄ ဦးရှိသည်ကို တွေ့ရှိရသဖြင့် ၎င်းတို့ကို ဖြစ်နိုင်ပါက အခြားအကျဉ်းသား/အကျဉ်းသူများနှင့် သီးခြားထားရှိရေး ဆောင်ရွက်သင့်ပါသည်။

( ခ )   အကျဉ်းသားတစ်ဦးမှာ တရားရုံးစီရင်ချက်အမိန့်စာတွင် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့် ရှိကြောင်း ပါရှိသော်လည်း လက်ရှိတွင် ခံစားရမှု မရှိသေးကြောင်း သတင်းပို့ တင်ပြသဖြင့် လိုအပ်သလို စိစစ်၍ အသိပေးသင့်ပါသည်။

( ဂ )   အကျဉ်းသား/အကျဉ်းသူများ အကျဉ်းထောင်သို့ စတင်ရောက်ရှိစဉ်တွင်သာ ကိုယ်အလေးချိန် ချိန်ခြင်း၊ ကျန်းမာရေး စစ်ဆေးမှတ်တမ်းတင်ခြင်းများ ပြုလုပ်သကဲ့သို့ ၃ လ တစ်ကြိမ်ဖြစ်စေ၊ ၆ လတစ်ကြိမ်ဖြစ်စေ ပြန်လည်စစ်ဆေး၍ ကျန်းမာရေးမှတ်တမ်း ထားရှိသင့်ပါသည်။

(ဃ)    ကျန်းမာရေး မကောင်း၍ ဆေးခန်းလာပြသူများ၏ ရောဂါအခြေအနေအပေါ် သုံးသပ်၍ တာဝန်ကျ ဆရာဝန် သို့မဟုတ် ကျန်းမာရေးမှူးမှ အကျဉ်းသား/အကျဉ်းသူများ၏ အခြေ အနေကို သက်ဆိုင်ရာ ဦးစီးမှူးရုံးမှတဆင့် ဦးစီးဌာနသို့ တင်ပြနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

(င)     အကျဉ်းသားများ ဆန္ဒအရ အကျဉ်းထောင် စာကြည့်တိုက်တွင် စာအုပ်စာပေများ ထပ်မံ ဖြည့်ဆည်းသင့်ပါသည်။

(စ)     ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံသော အကျဉ်းသား/အချုပ်သားများကို ကော်မရှင် ဥပဒေ ပုဒ်မ ၃၈ အရ လက်တုံ့ပြန်မှုမခံရစေရေး တာဝန်ရှိသူများမှ ကြပ်မတ်ရန် လိုအပ်မည်ဟု အကြံပြုအပ်ပါသည်။

၅။      နေပြည်တော်အချုပ်ထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အိပ်ဆောင်များသို့ စတင်ရောက်ရှိလာသည့် အချုပ်သားများကို အိပ်ဆောင်ရှိ အခြား အချုပ်သား များမှ အုပ်စုဖွဲ့ ရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိကြောင်း တင်ပြကြသဖြင့် တာဝန်ရှိ သူများမှ ထိန်းသိမ်းကြပ်မတ်သင့်ပါသည်။

( ခ )   တရားရုံးအပြန် အချုပ်သားများထံမှ ရောဂါနှင့်ပတ်သက်သော ဆေးဝါးများကို ကျန်းမာ ရေးမှူးမှ စစ်ဆေးပြီး သိမ်းဆည်းထားကာ ပိုင်ရှင်အချုပ်သားထံ ပြန်လည်ပေးအပ် ချိန်တွင် စနစ်တကျ မပေးအပ်သဖြင့် စနစ်တကျ မှတ်တမ်းရေးသွင်း၍ ဆောင်ရွက် သင့်ပါသည်။

( ဂ )   အချုပ်ထောင်စာကြည့်တိုက်တွင် စာအုပ်စာပေ စုံလင်စွာ မရှိသည့်အပြင် စနစ်တကျ မထားရှိသဖြင့် တာဝန်ခံအရာရှိမှ ကြပ်မတ် အကောင်အထည်ဖော်သင့်ပါသည်။

(ဃ)    အိပ်ဆောင်များသို့ ၂၀ လီတာဆံ့ ရေသန့်ဗူးကြီးများ ဖြန့်ဝေရာတွင် လုံလောက်မှု မရှိသဖြင့် လောက်ငှနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(င)     ထမင်း၊ ဟင်းဝေငှသည့် မီးဖိုကြီး တာဝန်ကျအကျဉ်းသားသည် ဝေငှရာတွင်  မျက်နှာ လိုက်၍ လုပ်ဆောင်နေကြောင်း သတင်းပို့တင်ပြကြသဖြင့် လဲလှယ်ပေးသင့်ပါသည်။

(စ)     အချုပ်သစ်များကို ဝန်ထမ်းများသို့ပေးရန်ဟုဆိုကာ အကျဉ်းသားခေါင်းဆောင်များမှ တစ်ဦး လျှင် ၅၀,၀၀၀ ကျပ်နှုန်း ကောက်ခံနေကြောင်း သတင်းပို့ တင်ပြသဖြင့် တာဝန်ခံ အရာရှိမှ ကြပ်မတ်သင့်ပါသည်။

(ဆ)    အချုပ်ထောင်ရှိ အချုပ်သားအများစုတွင် ဝဲ၊ ယားနာများ ပေါက်နေကြောင်း တွေ့ရှိရ သဖြင့် ဆေးဝါးများ ဖြည့်ဆည်းပေးသင့်ပါသည်။

(ဇ)     အချုပ်ထောင် ဆေးခန်းစတိုတွင် ဆေးဝါးစုံလင်စွာ မတွေ့ရှိရဘဲ အနည်းငယ်သာ တွေ့ရှိရ သဖြင့် ဆေးဝါးများ ဖြည့်ဆည်းသင့်ပါသည်။

(ဈ)     အချုပ်ထောင်တွင် လုပ်ငန်းလိုအပ်ချက်အရ ဖွဲ့စည်းပုံထက်ကျော်လွန်၍ ဝန်ထမ်းများ တာဝန်ချ ထားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်၍ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်း သင့်ပါသည်။

(ည)    ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံသော အကျဉ်းသား/အချုပ်သားများကို ကော်မရှင် ဥပဒေ ပုဒ်မ ၃၈ အရ လက်တုံ့ပြန်မှုမခံရစေရေး တာဝန်ရှိသူများမှ ကြပ်မတ်ရန် လိုအပ်မည်ဟု အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မတ်လ        ရက်