မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၂၆ /ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်၊ အတွင်းရေးမှူး (ခေတ္တညွှန်ကြားရေးမှူးချုပ်) ဦးဘုန်းကြွယ်တို့ ဦးဆောင်သော ကွင်းဆင်းစုံစမ်း စစ်ဆေးရေးအဖွဲ့သည် ၂၃-၇-၂၀၁၈ မှ ၂၄-၇-၂၀၁၈ အထိ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ညောင်တစ်ပင်ကျေးရွာနေ ကိုဇော်မင်းထွန်းအား ငါးဖမ်းပိုက်ပျောက်ဆုံးမှုအတွက် ဒေးဒရဲမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးစဉ် သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး အစ်မဖြစ်သူ၏တိုင်တန်းချက် အရ ဒေးဒရဲမြို့သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

၂။      ကော်မရှင်ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် တိုင်တန်းသူ (သေဆုံးသူ၏အစ်မ)၊ သေဆုံး သူ၏ဇနီးနှင့် မြို့နယ်ဆရာဝန်ကြီးအပါအဝင် အခြားသက်သေများ၊ ဒေးဒရဲ မြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း ၁၆ ဦးကို စစ်ဆေးခဲ့ပြီး၊ ကော်မရှင်စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များ ပါဝင်သော အစီရင်ခံစာကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ အကြောင်းကြားခဲ့ပါသည်။

၃။      သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် ကော်မရှင်၏ အကြံပြုချက်များတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာတရားခံကို ရဲစခန်း၌ဖမ်းဆီးချုပ်နှောင် စစ်ကြောမေးမြန်းချိန်တွင် သေဆုံးသွား သဖြင့် အဓိကစစ်ဆေးခဲ့သူ ဒုရဲအုပ်ကျော်ဌေးလွင်နှင့် ကိုယ်တိုင်ပါဝင်ပတ်သက်သူ ရဲတပ်ဖွဲ့ဝင်များကို ထိရောက်စွာအရေးယူရန်၊ ရဲစခန်းတွင် အဓိကတာဝန်ရှိသောမြို့မစခန်းမှူးသည် အရက်ကို စွဲလမ်း စွာ သောက်သုံးသူတစ်ဦးဖြစ်ပြီး လက်ရှိအခြေအနေတွင် ကွပ်ကဲမှုတာဝန်ပေးအပ်ရန် မသင့်လျော် သဖြင့်လည်းကောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍တာဝန်ရှိသဖြင့်လည်းကောင်း၊ အမြန်ဆုံးထိရောက်စွာ အရေးယူရန်၊  ကျန်ရဲတပ်ဖွဲ့ဝင်အားလုံး စိတ်ဓါတ်ပျက်ပြားခြင်းမရှိစေရေးအတွက် စုပေါင်းအရေး ယူခြင်းကို သတိပြုဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ရဲစခန်းတွင် တရားခံသေဆုံး/ဒါဏ် ရာရမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်အနေဖြင့် ဖြစ်စဉ်များ ကို ပြန်လည်သုံးသပ်ပြီး ပြည်သူယုံကြည်ကိုးစားမှုပိုမိုရရှိစေရေးအတွက် ရဲလုပ်ငန်းစဉ်နှင့်အညီ စနစ် တကျဆောင်ရွက်စေရေးအတွက် ကွပ်ကဲကြပ်မတ်မှုအဆင့်ဆင့်ကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း စသည့် အကြံပြုချက်များ ဖော်ပြပါရှိပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ    ၃၁   ရက်