ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်စိုက်ပျိုးမွေးမြူရေးစခန်း၊ မှော်ဘီ၊ ထောက်ကြန့် နှင့် မင်္ဂလာဒုံမြို့နယ်များရှိ အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်( ၁၃ /၂၀၁၆)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် (၂) ဦးသည် ၁၄ – ၉ -၂၀၁၆ ရက် နေ့တွင်‌ တိုက်ကြီးမြို့နယ်၊ အိုင်ကလောင် စိုက်ပျိုးမွေးမြူရေးစခန်းအားလည်းကောင်း၊ ၁၆- ၉ -၂၀၁၆ နေ့တွင် မှော်ဘီရဲစခန်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ လူမှုကူညီ စောင့်ရှောက်ရေး ပရဟိတဂေဟာ၊ မှော်ဘီတရားရုံးအချုပ်ခန်း၊ ထောက်ကြန့်နှင့် မင်္ဂလာဒုံမြို့များရှိ ရဲအချုပ်ခန်းများအားလည်းကောင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပထမဦးစွာ သက်ဆိုင်ရာ ဝန်ထမ်း များအား လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း(UDHR)၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေနှင့် လက်ကမ်း စာစောင် များ ဖြန့်ဝေခြင်းများ ပြုလုပ် ခဲ့ပြီး အကျဉ်းသား (၁၃) ဦး၊ အချုပ်သား (၃၇) ဦး၊ အချုပ်သူ (၃) ဦး တို့နှင့် လည်းတွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များအရ အကြံပြုတိုက်တွန်းချက်များ

၂။     အိုင်ကလောင်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း။ အိပ်ဆောင်များတွင် ကြမ်းခင်းများ မညီမညာဖြစ်နေခြင်း၊ အခင်းကော်ဇောများ စုတ်ပြဲပျက်စီးနေခြင်း၊ ထမင်းချက် စားဖိုဆောင်မှာ ဘေးအကာအရံမရှိခြင်း၊ ရေချိုးကန်များတွင် အမိုးများမရှိခြင်း၊ နေ့အိမ်သာများ ညစ်ပတ်ပြီး အနံ့ဆိုးများထွက်နေခြင်း တို့အတွက် ပြုပြင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ လွတ်ရက် နှင့် လျှော့ရက်များကို ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးရန်၊ ကျန်းမာရေးဝန်ထမ်း (၁) ဦးသာ ရှိသဖြင့် ဖွဲ့စည်းပုံ နှင့်အညီ ခန့်အပ်ပေးရန်၊ မျက်စိနာသည့်အကျဉ်းသားများကို ထိရောက်စွာ ကုသ ပေးရန်၊ စာကြည့်တိုက်တွင် သုတ၊ ရသစာပေများ ပြည့်စုံစွာထားရှိပေးပြီး စာဖတ်ချိန် သတ်မှတ်ပေးရန်။

၃။     မှော်ဘီမြို့မ ရဲစခန်းအချုပ်ခန်း။ အမျိုးသားအချုပ်ခန်းရှိ ရေလောင်းအိမ်သာ၌ မစင်များ ပြည့်လျှံပြီး အနံ့ဆိုးများထွက်နေခြင်း၊ အမျိုးသမီးအချုပ်ခန်း အိမ်သာမှာလည်း ညစ်ပတ်နေခြင်း၊ အချုပ်ခန်းအတွင်း ရေများစိုစွတ်နေခြင်း၊ ကြမ်းခင်းများ မညီမညာဖြစ်နေခြင်း၊ အချုပ်ခန်းများ အတွင်း အလင်းရောင်နှင့် လေဝင်/ထွက် နည်းပြီး အောက် သိုးသိုး နံနေခြင်း၊ အမှိုက်ပုံး မရှိခြင်း များ ကို ပြုပြင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်။

၄။     မှော်ဘီမြို့နယ်တရားရုံးအချုပ်ခန်း။ အချုပ်သားများ ဆီးသွားခြင်းကို တွေ့မြင်နေရသဖြင့် အမျိုးသမီးအချုပ်ခန်းတွင် ခန်းဆီး” အရှင်” ပြုလုပ်ပေးရန်၊ အမျိုးသားအချုပ်ခန်းအတွင်း စားကြွင်း စားကျန်နှင့် အမှိုက်ထုပ်များ ရှိနေခြင်း၊ အချုပ်ခန်း ကြမ်းခင်းများ ညစ်ပတ်ပြီး၊ အနံ့အသက် မကောင်းခြင်း၊ အချုပ်သား အိမ်သာများ ညစ်ပတ်ပြီး အနံ့အသက်မကောင်းခြင်း၊ အချုပ်ခန်း ပတ်ဝန်းကျင်တွင် ရေဝပ်နေခြင်း၊ အမျိုးသားအချုပ်ခန်းရှိ ဆီးခွက်သည် ညစ်ပတ်ပြီး အနံ့အသက် မကောင်းခြင်းများကို ပြုပြင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်။

၅။     ဝါးနက်ချောင်းကျေးရွာ လူမှုကူညီစောင့်ရှောက်ရေးပရဟိတဂေဟာ။ အထိုင်အထအားပြု နိုင်ရန် အိမ်သာအတွင်း လက်ကိုင်တန်း ထားပေးရန်၊ နေရပ်သို့ပြန်လိုသည့်အဘိုး/အဘွားများကို နေရပ်သို့ပြန်နိုင်ရေးတွက် ဆွေမျိုးများနှင့် ဆက်သွယ်စီစဉ်ပေးရန်။

၆။     ထောက်ကြန့် ရဲစခန်း အချုပ်ခန်း။ အချုပ်ခန်းအတွင်းရှိ ပန်ကာပျက်နေသဖြင့် ပြုပြင်ပေးရန်။

၇။     မင်္ဂလာဒုံ ရဲစခန်း အချုပ်ခန်း။ အမျိုးသားအချုပ်ခန်းအိမ်သာ ညစ်ပတ်နေခြင်း၊ အချုပ်ခန်း အတွင်း လေဝင်/ထွက်မကောင်းခြင်း၊ အချုပ်ခန်းအတွင်း အလင်းရောင် ကောင်းမွန်စွာ မရရှိခြင်း များအတွက် ပြုပြင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်