မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၉/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက် နေ့မှ ၂၆ ရက်နေ့ထိ ရုံးဝန်ထမ်း ၂ ဦးနှင့်အတူ ပူတာအိုအကျဉ်းထောင်အား ကော်မရှင်ဥပဒေ ပြဋ္ဌာန်း ချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ အကြံပြုခဲ့ပါသည်။

၂။      ပူတာအိုအကျဉ်းထောင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    စာကြည့်တိုက်တွင် ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများ ယခုထက်ပိုမို ဖြည့်ဆည်းသင့်ပြီး အကျဉ်းသားများ စာဖတ်နိုင်ရေး အလေးထား ဆောင်ရွက်သင့် ပါသည်။

(ခ)     ဆေးခန်းလိုက် အကျဉ်းသား/အကျဉ်းသူများ အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများမှ စိစစ်ကြပ်မတ်သင့်ပါသည်။

(ဂ)     အသက်မွေးဝမ်းကြောင်းပညာ သင်တန်းများကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်း၍ လိုအပ် သလို ဖွင့်လှစ်သင်ကြားပေးသင့်ပါသည်။

(ဃ)    အကျဉ်းသား၊ အချုပ်သား ၁၆၀ ဦးမှာ မူးယစ်ဆေးဝါးအမှုဖြင့် ကျခံနေရသူများ ဖြစ်ပြီး ၇၀.၄၈% ရှိသဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော ဟောပြောပွဲများ ပြုလုပ်ပေးသင့်ပါသည်။

(င)     အကျဉ်းသူများနှင့်အတူ ရှိနေသော ကလေးငယ် ၃ ဦးကို ဖြည့်စွက်အာဟာရများ ကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(စ)     တိုက်ခန်းရှိ အကျဉ်းသား ၃ ဦးအား ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ရန်  အချိန်တစ်ခု စီစဉ်ပေးသင့်ပါသည်။

(ဆ)    အိပ်ဆောင်များနှင့် စားဖိုကြီးတွင် ယင်ကောင်များ ပေါများနေသဖြင့် လျော့နည်းစေရေး ဆေးဖြန်းခြင်း အပါအဝင် လိုအပ်သည်များ ဆောင်ရွက်သင့်ပါသည်။

(ဇ)     ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလေးထား ဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မတ်လ  ၂၉  ရက်