မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် သံတွဲမြို့ များရှိအကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်ချက် အမှတ်စဉ် (၉/၂၀၁၇/ ကာကွယ်)

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၈-၃-၂၀၁၇ ရက်နေ့မှ ၃၁-၃-၂၀၁၇ ရက်နေ့ထိကော်မရှင်ရုံးဝန်ထမ်း ၂ ဦးနှင့်အတူ ကျောက်ဖြူမြို့နှင့် သံတွဲမြို့များရှိ အကျဉ်း ထောင်၊ ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      ကျောက်ဖြူအကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အိပ်ဆောင်များရှိ လျှပ်စစ်မီးချောင်းမရှိသည့်နေရာများတွင် ဖြည့်တင်းတပ်ဆင် ထားသင့်ပါသည်။

(ခ)     အိပ်ဆောင်များရှိစုတ်ပြဲနေသော ဖယောင်းပုဆိုးအချို့အားအသစ် လဲလှယ်သင့် ပါသည်။

(ဂ)     ညမိလ္လာများတွင် သုံးရေရရှိရေးအတွက်ရေပိုက်များသွယ်တန်းပေးသင့်ပါသည်။

(ဃ)    ဘူးသီးတောင် အကျဉ်းထောင်မှ ပြောင်းရွှေ့လာပြီးမိသားစုနှင့် အဆက်အသွယ် မရရှိသည့် အကျဉ်းသားများအား အဆက်အသွယ်ရရှိရေး စီစဉ်ဆောင်ရွက်ပေးသင့် ပါသည်။

(င)     လက်ထောက်ဆရာဝန် လိုအပ်နေသဖြင့်အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံသင့်ပါသည်။

(စ)     ဖွဲ့စည်းပုံအရဝန်ထမ်းအင်အား ၁၀၉ ဦးဖြစ်သော်လည်းလက်ရှိတွင် ၈၀ ဦးသာရှိ သဖြင့် လိုအပ်ဝန်ထမ်းများကိုလည်းဖြည့်ဆည်းပေးသင့်ပါသည်။

(ဆ)    စာကြည့်တိုက်တွင် ဗဟုသုတစာစောင်များ နည်းပါးသည်ကိုတွေ့ရှိရသဖြင့် ထပ်မံ ဖြည့်ဆည်း သင့်ပါသည်။

၃။      သံတွဲအကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်နှင့် အထူးကုများအားအပတ်စဉ်၊ လစဉ်ဖိတ်ကြား၍ စစ်ဆေးကုသနိုင်ရေးဆောင်ရွက်ပေးသင့်ပါသည်။

(ခ)     နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်များဖတ်ရှုနိုင်ရေးဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     အမျိုးသမီးဆောင်ရှိ ၂ နှစ်အရွယ် ကလေးငယ်အားဖြည့်စွက်အစာ ကျွေးမွေးနိုင် ရေးဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    မိသားစုနှင့် အဆက်အသွယ်မရရှိသေးသည့် အကျဉ်းသားများအားအဆက်အသွယ် ရရှိရေးတာဝန်ခံအရာရှိမှ ဆောင်ရွက်ပေးသင့်ပါသည်။

(င)     အကျဉ်းသားအမှတ် သတ/၁၄/၀၀၂၀၀/က သက်ဝင်း(ခ) ငပြူးတွင် ဖြစ်ပွားနေ သောဂရင်ဂျီနာရောဂါအားကုသနိုင်ရေးဆောင်ရွက်ပေးသင့်ပါသည်။

(စ)     အကျဉ်းထောင်ဖွဲ့စည်းပုံအရဝန်ထမ်းအင်အား ၁၀၉ ဦးဖြစ်သော်လည်းလက်ရှိတွင် ၅၃ ဦးသာရှိသဖြင့် ဝန်ထမ်းလိုအပ်ချက်အားဖြည့်ဆည်းပေးသင့်ပါသည်။

(ဆ)    မျက်စိအပါအဝင် ကျန်းမာရေးမကောင်းသည့် အကျဉ်းသား/သူများအား မျက်တောင် တုလုပ်ငန်းအစားအခြားတာဝန်ပြောင်းလဲပေးစေရေးဆောင်ရွက်ပေးသင့်ပါသည်။

(ဇ)     မျက်တောင်တုလုပ်ငန်းအပြင် အခြားအသက်မွေးသင်တန်းများဖြစ်သည့် စက်ပြင် သင်တန်း၊ အပ်ချုပ်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်းစသည်တို့ကိုလည်း အလှည့်ကျ ဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက် ပေးသင့်ပါသည်။

(ဈ)     အကျဉ်းသားအမှတ် သတ/၁၅/၀၀၀၀၁/က ကျော်မိုးမှာ TB ဆေးသောက်နေသည် မှာ ၃ လခန့်ရှိသော်လည်းမသက်သာကြောင်းသတင်းပို့သဖြင့် ပြန်လည်ဆေးစစ် ပေးသင့်ပါသည်။

၄။      ကျောက်ဖြူနှင့် သံတွဲမြို့များရှိ အချုပ်ခန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ ပါသည်-

(က)   မဒေးကျွန်းနယ်မြေရဲစခန်း၊အချုပ်ခန်း။ အချုပ်ခန်းအတွင်းရှိအိမ်သာအကာများနှင့် သစ်သားကြမ်းခင်းများမှာပျက်စီးနေသဖြင့် ပြုပြင်သင့်ပြီးဝင်ပေါက်တံခါးများမှာ ၂ ပေခွဲပတ်လည်သာရှိသေးသဖြင့် ပြုပြင်သင့်ပါသည်။

(ခ)    ကျောက်ဖြူမြို့မရဲစခန်း၊အချုပ်ခန်း။ အမျိုးသမီးအချုပ်ခန်း၌ အိမ်သာမရှိသဖြင့် ဆောက်လုပ်သင့်ပါသည်။

(ဂ)     ကျောက်ဖြူမြို့နယ် တရားရုံး၊ အချုပ်ခန်း

(၁)   အချုပ်ခန်းများ၌ ကွပ်ပျစ်များထားရှိသင့်ပါသည်။

(၂)   ကျားအချုပ်ခန်းနှင့် မအချုပ်ခန်းသည် အနီးကပ်မြင်တွေ့နေရသဖြင့် အမျိုးသမီး များ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကို မထိခိုက်စေရန်အတွက် အကာအရံများ ပြုလုပ်ပေးသင့်ပါသည်။

(၃)   အချုပ်ခန်းဝရန်တာ လျှောက်လမ်းကွန်ကရစ်အခင်းသည် ပေါက်ပြဲပျက်စီး နေသဖြင့် ပြုပြင်သင့်ပါသည်။

(၄)   အချုပ်ခန်းအိမ်သာသည် အချုပ်သားများအပြင် တရားရုံးသို့ လာရောက်သူများပါ အသုံးပြုနိုင်စေရန်အတွက် ခြံစည်းရိုးအပြင်သို့ ရောက်ရှိနေသဖြင့် ခြံစည်းရိုးအား အိမ်သာကိုပါဝင်အောင် တိုးချဲ့ခတ်ခြင်းသို့မဟုတ် ခြံစည်းရိုး အတွင်းအချုပ်သားများအတွက် အိမ်သာ သီးသန့် တည်ဆောက်သင့်ပါသည်။

(၅)   အိမ်သာများ၌ သုံးရေရရှိရေးဆောင်ရွက်ပေးသင့်ပါသည်။

(၆)   အချုပ်ခန်းဝင်ပေါက်တံခါးသည် ၂ ပေခွဲပတ်လည်သာရှိသဖြင့် ၅ ပေခွဲအမြင့် ပြင်ဆင်သင့်ပါသည်။

(ဃ)    သံတွဲမြို့နယ် တရားရုံး၊ အချုပ်ခန်း။ မအချုပ်ခန်းဝင်ပေါက်တံခါးမှာ ၂ ပေခွဲ မပြင် ဆင်ရသေးသဖြင့် ၅ ပေခွဲအမြင့်ပြင်ဆင် သင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ ဧပြီလ ၁၀ ရက်