မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် ( ၇/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည် တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက် နေ့မှ ၁၆ ရက်နေ့ထိ ရုံးဝန်ထမ်း ၃ ဦးနှင့်အတူ ကသာ၊ ဗန်းမော် အကျဉ်းထောင်များ၊ ရဲစခန်း အချုပ်ခန်းများအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနသို့ ပေးပို့အကြောင်းကြားခဲ့ပါသည်။

၂။      ကသာအကျဉ်းထောင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ဆေးယဉ်ပါး TB နှင့် HIV ရောဂါသည် အကျဉ်းသားတစ်ဦးကို ဆေးရုံရှိသည့် အကျဉ်းထောင် တစ်ခုခုသို့ ပြောင်းရွှေ့ကုသနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ခ)     အိပ်ဆောင်များတွင် ပြက္ခဒိန်များ တပ်ဆင်ထားပေးသင့်ပါသည်။

(ဂ)     ယားနာရောဂါ ဖြစ်ပွားနေသော တိုက်ခန်းမှ အကျဉ်းသား ၃ ဦးမှ အခြား အကျဉ်း သားများသို့ ကူးစက်မှု မရှိစေရေး စနစ်တကျ ကုသမှုပေး၍ လိုအပ်သော ဆေးဝါး များကို  ဖြည့်ဆည်းထားသင့်ပါသည်။

(ဃ)    အကျဉ်းသားနှင့် မိလ္လာအချိုးမှာ မျှတမှု မရှိသေးသောကြောင့် တိုးချဲ့ဆောက်လုပ်နိုင် ရေး တင်ပြဆောင်ရွက်သင့်ပါသည်။

၃။      ဗန်းမော်အကျဉ်းထောင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အကျဉ်းထောင်စာကြည့်တိုက်တွင် ဗဟုသုတ ရရှိစေပြီး စိတ်ကို တိုးတက်ပြောင်းလဲ စေမည့် စာအုပ် စာပေများ ထပ်မံဖြည့်ဆည်းသင့်ပါသည်။

(ခ)     အကျဉ်းထောင်၌ စိတ်ဓာတ်ကြံ့ခိုင် ကောင်းမွန်စေသည့် စိတ်လေ့ကျင့်ရေးသင်တန်း များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဂ)     အကျဉ်းသား အိပ်ဆောင်များတွင် ပြက္ခဒိန်များ ချိတ်ဆွဲပေးထားသင့်ပါသည်။

(ဃ)    အကျဉ်းသားများအားစာဖတ်စေခြင်း၊  စာမဖတ်တတ်သူ၊ စာမဖတ်လိုသူများအတွက် ဖတ်တတ်သူ အကျဉ်းသားများက ဖတ်ရှုပြစေခြင်း၊ ဝန်ထမ်းများက ဖတ်ရှု ရှင်းလင်း ပြခြင်း၊ အချင်းချင်း အတွေ့အကြုံများအား ပြန်လည်ဝေမျှ ဟောပြောသည့် စနစ် ပြုလုပ်စေခြင်းတို့ဖြင့် အကျဉ်းသားများ၏ စိတ်နူးညံ့စေရေး တိုးတက် ပြောင်းလဲစေ ရေးများ ဆောင်ရွက်သင့်ပါသည်။

                                                                မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မတ်လ  ၂၂ ရက်