မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၆/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၃ရက်နေ့ထိ ရုံးဝန်ထမ်း ၃ ဦးနှင့်အတူ မော်လမြိုင်၊ ဘားအံ အကျဉ်းထောင်များ၊ ရဲစခန်းအချုပ်ခန်းများအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့အကြံပြုခဲ့ပါသည်။

၂။      မော်လမြိုင်အကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    မီးဖိုကြီး အောက်ခင်းကြမ်းပြင် ကြွေခင်းအချို့မှာ ပျက်စီးနေသဖြင့် ပြုပြင်သင့် ပါသည်။

(ခ)     ဆေးခန်းလိုက် အကျဉ်းသား/အကျဉ်းသူများ အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းကြောင်း သတင်းပို့ တင်ပြကြသဖြင့် တာဝန်ရှိသူများမှ စိစစ်သင့်ပါသည်။

(ဂ)     မျက်စိရောဂါ ဖြစ်နေသည့် အကျဉ်းသူတစ်ဦးကို ကုသနိုင်ရေး ဆောင်ရွက်ပေးသင့် ပါသည်။

(ဃ)    အကျဉ်းသားများတွင် ဖြစ်ပွားနေသော ယားနာများ ပျောက်ကင်းရေး လိမ်းဆေး၊ သောက်ဆေးများ ဖြည့်ဆည်းပေးသင့်ပါသည်။

(င)     Geology မေဂျာ ဒုတိယနှစ် တက်ရောက်နေစဉ် ပြစ်ဒဏ် ကျခံခဲ့ရသော အကျဉ်း သားတစ်ဦးအား တက္ကသိုလ်ပညာ ဆက်လက် သင်ကြားခွင့်ရရှိရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသင့်ပါသည်။

(စ)     ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလေးထား ဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

၃။      ဘားအံအကျဉ်းထောင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    တူးဖော်ထားသော စက်ရေတွင်း ရေထွက်နည်းနေသဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ထပ်မံ ညှိနှိုင်း၍ နွေရာသီတွင် သုံးရေ အဆင်ပြေစေရေး ဆောင်ရွက်သင့်ပါသည်။

(ခ)     စက်ရေတွင်း အဆင်မပြေပါက မြစ်မှရေတင်၍ ရေလှောင်ကန်များ တည်ဆောက် ပေးပြီး ရေလုံလောက်စေရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     အကျဉ်းသား တစ်ဦးသည် ခါးရိုးကွဲဒဏ်ရာဖြင့် ဘားအံဆေးရုံကြီး၌ ကုသနေစဉ် ဖမ်းဆီးခြင်းခံရသဖြင့် ဆေးဆက်လက်ကုသမှု ခံယူခွင့်ရရှိရေးအတွက် ၎င်း၏ ဆေးကုသမှု မှတ်တမ်းကို ဘားအံပြည်သူ့ ဆေးရုံကြီးမှ တာဝန် ရှိသူများနှင့် ညှိနှိုင်း တောင်းခံ၍ ဆောင်ရွက်သင့်ပါသည်။

(ဂ)     ထိုင်းနိုင်ငံသား အကျဉ်းသားတစ်ဦးမှ ထိုင်းနိုင်ငံ သံရုံးနှင့် ဆက်သွယ်လိုသဖြင့် သက်ဆိုင်ရာနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    အကျဉ်းသား ကြပ်တည်းပြီး ရေရှားပါးမှုကြောင့် အကျဉ်းသားအများစုတွင် ယားနာ နှင့် အနာစိမ်းများ ပေါက်နေကြောင်း သိရှိရသဖြင့် ဆေးဝါးများ ဖြည့်ဆည်းပေးသင့် ပါသည်။

(င)     ယခင်တာဝန်ခံအရာရှိထက်ယခုတာဝန်ခံအရာရှိကအကျဉ်းသားများစားသောက်ရေး ကောင်းမွန်စေရန်  ဦးစားပေးလုပ်ဆောင်ကြောင်း အကျဉ်းသားများထံမှ သိရှိရသဖြင့် ယခုအခြေအနေကို ထိန်းသိမ်းထားသင့်ပါသည်။

(စ)     ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလေးထား ဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

၄။      မာလာဖူးစခန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    လုပ်ငန်းခွင်တွင် နေအလွန်ပူသဖြင့် အကျဉ်းသား လုပ်အားရှင်များ နားနေရန် အတွက် အမိုးပါ နားနေဆောင် တစ်ဆောင် ဆောက်လုပ်ပေးသင့်ပါသည်။

(ခ)     စခန်းဆေးခန်းတွင် သက်တမ်းလွန်ဆေးဝါးများ မထားရှိစေရေး တာဝန်ရှိသူများမှ ကာလအလိုက် စစ်ဆေးသင့်ပါသည်။

၅။      လက္ခဏစခန်းနှင့် ပတ်သက်၍အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အိပ်ဆောင်များမှာ ဆွေးမြေ့နေပြီး ခိုင်းခံ့မှု မရှိသည့်အပြင် အောက်ခင်းကြမ်းများမှာ ပျက်စီးနေသဖြင့် အသစ် ဆောက်လုပ်ခွင့် ရရှိရေး တင်ပြဆောင်ရွက်သင့်ပါသည်။

(ခ)     ဆေးခန်းတွင် နေ့စဉ်သုံးကုသရန်ဆေးဝါးများပြည့်စုံရေးဖြည့်ဆည်းထားသင့်ပါသည်။

(ဂ)     စာကြည့်တိုက်တွင် ဗဟုသုတရစေပြီး စိတ်ကို ပြောင်းလဲစေမည့် စာအုပ်စာပေများ ထပ်မံဖြည့်ဆည်းထားသင့်ပါသည်။

                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မတ်လ  ၆  ရက်