ဆောင်ရွက်ချက်အမှတ်စဉ် (၂၉/၂၀၁၆/ကာကွယ်) (အင်းဝအပ်ချုပ်ဆိုင်)

၁။      ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ လမ်း (၄၀)၊ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်ဖော်မိန်းကလေး ၂ ယောက်မှာ နေ့စဉ်နှိပ်စက် ခံနေရကြောင်း သတင်းထောက်တစ်ဦးမှ ၂၂-၆-၂၀၁၆ နေ့တွင် တိုင်ကြားခဲ့သဖြင့် ၂၉-၆-၂၀၁၆ နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၇၁/၂၀၁၆) ထိုင်ပြီး စိစစ်ဖော်ထုတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ် ဖွဲ့မှူးရုံးသို့ အကြောင်းကြားခဲ့ပါသည်။

၂။      ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးက အိမ်ဖော်မိန်းကလေး ၂ ဦးသည် လွန်ခဲ့ သော ၂ နှစ်ခန့်ကတည်းက အင်းဝအပ်ချုပ်ဆိုင်တွင် အလုပ် လုပ်ခဲ့ကြောင်း၊ မိဘများနှင့်အ တူ ပြန်လည်နေထိုင်လိုသော်လည်း အိမ်ရှင်များကို ကြောက်ရွံ့နေကြောင်း၊ မိဘများကလည်း ပြန်လည်ခေါ်ဆောင်လိုကြောင်း၊ လုပ်အားခငွေ အနည်းငယ်သာပေး၍ ခိုင်းစေခဲ့ပြီး နောက် ပိုင်းတွင် လုပ်အားခ မပေးတော့ဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ကျေနပ်မှုမရှိပါက မူလ သတင်းပေး တိုင်ကြားသူမှလည်းကောင်း၊ မိဘများမှလည်းကောင်း အမှုဖွင့်လှစ်သင့်ပါကြောင်း ၁၅-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။ ၎င်းစာကို ၂၂-၈-၂၀၁၆ နေ့တွင် လက်ခံ ရရှိခဲ့ပါ သည်။

၃။      ထို့ပြင်ကျောက်တံတားမြို့နယ်၊ ရဲတပ်ဖွဲ့မှူးသည် ကော်မရှင်ရုံးသို့ ၂၉-၈-၂၀၁၆ နေ့ တွင် လာရောက်၍ ဖြစ်စဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။

၄။      ထို့ကြောင့် အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာနှင့် ဒေါ်သီရိလတ်တို့အား ကော်မရှင် ရုံးသို့ ၁၅-၉-၂၀၁၆ နေ့တွင် လာရောက်တွေ့ဆုံဖြေရှင်းရန် ၃၀-၈-၂၀၁၆ နေ့တွင် အကြောင်း ကြားခဲ့ပါသည်။ ၈-၉-၂၀၁၆ နေ့တွင် အင်းဝအပ်ချုပ်ဆိုင်မှ ဦးတင်မင်းလတ်၊ ဦးရာဇာထွန်း နှင့် ဒေါ်စုမွန်လတ်တို့သည် ကော်မရှင်ရုံးသို့ လာရောက်ပြီး အိမ်ဖော်မိန်းကလေးများကို မိဘ အုပ်ထိန်းသူများထံသို့ ၅-၉-၂၀၁၆ နေ့တွင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မိခင် ကိုယ်တိုင် လာရောက်ခေါ်ဆောင်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ အကြောင်း ကြားခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပါသည်။

၅။      သို့ရာတွင် ထိခိုက်နစ်နာမှုများအတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံညှိနှိုင်း ဖြေရှင်းနိုင်ရန် အတွက် မူလချိန်းဆိုထားသည့် ၁၅-၉-၂၀၁၆ နေ့တွင် ကာယကံရှင်များကိုယ်တိုင် ကော်မရှင် ရုံးသို့ လာရောက်ရန် ထပ်မံဆင့်ဆိုခဲ့ပါသည်။

၆။      ၁၅-၉-၂၀၁၆ နေ့ နံနက်တွင် အိမ်ဖော်မိန်းကလေး မစန်းကေခိုင်၏မိခင်ဒေါ်ညိုညိုဝင်း နှင့် အိမ်ဖော်မိန်းကလေး မသဇင်၏အဒေါ် ဒေါ်အုန်းငွေတို့အပါအဝင် နှစ်ဦးနှစ်ဘက် သက် ဆိုင်ရာပုဂ္ဂိုလ်များသည် ကော်မရှင်ရုံး၌ တွေ့ဆုံပြီး ကော်မရှင်အဖွဲ့ဝင်များ၏ရှေ့မှောက်တွင် ညှိနှိုင်းခဲ့ကြရာ မစန်းကေခိုင်အတွက် နစ်နာကြေးသိန်း ၄၀ ကျပ်နှင့် မသဇင်အတွက် နစ်နာ ကြေး ၁၀ သိန်းကျပ်တို့ကို ပေးအပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး နစ်နာကြေးများအား ကျောက် တံတားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၎င်းနေ့ ညနေ ၆ နာရီအချိန်တွင် ပေး အပ်ခဲ့ပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်