ဆောင်ရွက်ချက်အမှတ်စဉ်(၂၈/၂၀၁၆/ကာကွယ်) (ခိုတောင်ကျွန်းလူသတ်မှု)

၁။      ၁၅-၉-၂၀၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း၌ ဗြိတိသျှနိုင်ငံသားနှစ်ဦးဖြစ် သော Mr. David Miller နှင့် Ms. Hannah Witheridge တို့ကို သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသားအလုပ်သမား နှစ်ဦးဖြစ်သော မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ အမှု စစ်ဆေးရာတွင် နှိပ်စက်ညှဉ်းပန်းပြီး အတင်း အကြပ် ဝန်ခံခိုင်းကြောင်း ကြားသိရသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် က မြန်မာနိုင်ငံသားနှစ်ဦး အမှုကျူးလွန်သည်ဟုဆိုပါကလည်း တရားမျှတစွာ စီရင်နိုင်ရေး၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသော မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက် ခြင်း မပြုရေး၊ တရားစီရင်ရာတွင် ကြန့်ကြာခြင်း မရှိစေရေး၊ မိသားစုနှင့် တွေ့ဆုံခွင့်ပြုရေး တို့ကို စီစဉ်ဆောင်ရွက်ပေးပါရန် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ ၂၁-၁၀-၂၀၁၄ ရက်နေ့တွင် မေတ္တာရပ်ခံခဲ့ပါသည်။

၂။      ထို့နောက် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ကို လူသတ်မှုအပါအဝင် ပြစ်မှု ၇ ခုဖြင့် ထိုင်းနိုင်ငံ၊ ကော့စမွီတရားရုံးက ၂၄-၁၂-၂၀၁၅ နေ့တွင် သေဒဏ် ချမှတ်ခဲ့ခြင်း၊ အမှု တည်ဆောက်ရာတွင် သက်သေအထောက်အထားများ ပြည့်စုံခိုင်မာမှု မရှိခြင်း၊ မှုခင်းဆေး သိပ္ပံပညာအရ အခိုင်အမာ မပြနိုင်ခြင်း၊ မျက်မြင်သက်သေမရှိခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံပြည်သူများက ဆန္ဒပြလျှက်ရှိကြောင်း၊ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ၎င်းတို့နှစ်ဦး လွတ်မြောက်ရေးအတွက် သဘောထား ထုတ်ပြန်လျှက်ရှိကြောင်း၊ အယူခံဝင်သည့်ကာလအတွင်း ၎င်းတို့နှစ်ဦးအတွက် ရသင့်ရထိုက် သည့်အခွင့်အရေးများ ခံစားခွင့်ရရှိရေး၊ ထိုင်းနိုင်ငံတရားရုံးက တရားမျှတစွာ အဆုံးအဖြတ် ပေးရေး၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို ခွဲခြားဆက်ဆံမှု မရှိစေဘဲ ခံစားခွင့်ရရှိရေး နှင့် ၎င်းတို့၏အသက်ရှင်သန်ပိုင်ခွင့် (Right to life) ရရှိခံစား နိုင်ရေးတို့အတွက် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကူညီဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၂၈-၁၂-၂၀၁၅ နေ့တွင် ထပ်မံအကြောင်းကြားခဲ့ပါ သည်။

၃။      ၂၅-၃-၂၀၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ပေးပို့စာကို လက်ခံရရှိပါကြောင်း၊ မောင်ဇော် လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ အယူခံဝင်ရောက်စဉ်ကာလအတွင်း မည်သည့်ခွဲခြားမှုမျှ မရှိ စေဘဲ ဥပဒေအရ တူညီသောအကာအကွယ်ရခဲ့ပြီး တရားမျှတမှုနှင့် အခွင့်အရေးများ ပေး ထားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏သဘောထားကို အသိ အမှတ်ပြုပါကြောင်း၊ ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ယင်းအမှုကိစ္စနှင့်စပ် လျဉ်း၍ တရားရုံး၏ဆုံးဖြတ်မှုကို ဝင်ရောက်စွက်ဖက်ရန် မရှိပါကြောင်း၊ တရားရုံးတွင် ၎င်း တို့ကို စစ်ဆေးစဉ်ကတည်းက ဥပဒေအရ အကူအညီပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံ ရှေ့နေ များကောင်စီနှင့် ညှိနှိုင်းခဲ့ကြောင်း၊ တရားရုံး၏ဆုံဖြတ်ချက်အပေါ် အယူခံဝင်ရောက်နေဆဲ ဖြစ်ကြောင်း၊ ထိုင်းကော်မရှင်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များနှင့်အညီ သင့်လျော်သော အကူညီ များကို ပေးအပ်မည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်