မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် ( ၂၇ / ကာကွယ် / ၂၀၁၇)

၁။      ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းနေ နစ်နာသူက ၎င်း၏ ခင်ပွန်းသည် ၁၈-၄-၂၀၁၇ ရက်နေ့၌ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၆ ရပ်ကွက်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံခဲ့ရစဉ် ကိုယ်ပိုင်ဖြစ်သော ရွှေထည်ပစ္စည်းများကို ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဖြုတ်ယူ သိမ်းဆည်းသွားခဲ့သော်လည်း၊ တရားရုံးတွင် ယင်းရွှေထည်သက်သေခံပစ္စည်းများ တင်ပြခြင်း မရှိကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ပေးပါရန် ကော်မရှင်သို့ တိုင်တန်းစာ ပေးပို့လာပါသည်။

၂။      ယင်းကိစ္စနှင့် စပ်လျဉ်း၍ ၈-၉-၂၀၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် သာကေတမြို့နယ်၊ မြို့မရဲစခန်းသို့ ကွင်းဆင်း စုံစမ်းစစ်ဆေးခြင်း၊ ယင်းနေ့ ညနေပိုင်းတွင် တိုင်တန်းစာ ပေးပို့သည့် နစ်နာသူအား ကော်မရှင်ရုံး၌  ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့ခြင်းများ ပြုလုပ်ခဲ့ရာ အောက်ပါအချက်များကို တွေ့ရှိရပါသည်-

(က)    သက်သေခံ ရွှေထည်ပစ္စည်းများကို တရားရုံးသို့ အမှုစစ်အရာရှိက တင်ပို့ခဲ့‌သော် လည်း တရားရုံး ဘိလစ်စာရေးက ဘဏ်သေတ္တာဖွင့်ရက်မှ လက်ခံနိုင်မည်ဟု ပြောကြားချက်အရ မြို့မရဲစခန်း၏ သက်သေခံပစ္စည်းအခန်းတွင် ဂတ်စာရေးက ပြန်လည်သိမ်းဆည်းထားသည်ကို တွေ့ရှိရပါသည်။

(ခ)     အမှုစစ်အရာရှိက ယင်းအခြေအနေကို ယခင်စခန်းမှူးထံ နှုတ်ဖြင့် တင်ပြခဲ့သည်ဟု သိရှိရပါသည်။

(ဂ)     စစ်ဆေးသောနေ့တွင် အမှုစစ်အရာရှိက ခရိုင်တရားသူကြီးထံ သက်သေခံပစ္စည်း ရွှေထည်များကို အပ်နှံနိုင်ရေး ထပ်မံတင်ပြခဲ့ရာ ခရိုင်တရားသူကြီးက လာရောက် အပ်နှံနိုင်ရေး အမိန့်ချမှတ်ခဲ့သည်ဟု သိရှိရပါသည်။

၃။      စိစစ်တွေ့ရှိချက်များအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနတို့သို့ အောက်ပါအတိုင်း ပေးပို့အကြံပြုခဲ့ပါသည်-

(က)    တရားစွဲတင်ပြီးနောက် သက်သေခံ ရွှေထည်ပစ္စည်းများအား မြို့မရဲစခန်း၏ သက်သေခံ ပစ္စည်းအခန်းတွင် ပြန်လည် သိမ်းဆည်းထားခြင်းအတွက် တာဝန်ရှိသူ များအား လိုအပ်သလို အရေး ယူဆောင်ရွက်သင့်ပါသည်။

(ခ)     မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အမှုများ တရားစွဲတင်ဆောင်ရွက်ရာတွင် မိမိရဲလုပ်ငန်း များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရမည့်အပြင် ဆက်စပ်ဌာန အဖွဲ့အစည်း များဖြစ်သည့် ဥပဒေနှင့် တရားရုံးတို့၏ လုပ်ထုံးလုပ်နည်းများကိုပါ သိရှိနားလည် ခြင်းဖြင့် မလိုလားအပ်သည့် ဖြစ်စဉ်များကို ရှောင်ရှားနိုင်ရေးအတွက် သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်စေသင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ  ၂၀    ရက်