ဆောင်ရွက်ချက်အမှတ်စဉ် ( ၂၇ / ၂၀၁၆/ ကာကွယ် ) ( မအေးအေးမွှေး)

၁။      ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မောင်းတီးကျေးရွာနေ မအေးအေးမွှေးမှ ၎င်း သည် ၂၀၁၅ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ သုဒဿနလမ်း၊ အမှတ်- ၂၀၁ ရှိ ဒေါ်နီလာမြင့်အိမ်တွင် အိမ်ဖော် လုပ်ကိုင်ခဲ့ကြောင်း၊ တစ်လခန့် ကြာသောအခါ အိမ်ရှင်မှ အကြောင်းအမျိုးမျိုးရှာ၍ ရိုက်နှက်ကြောင်း၊ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၇၊ ၁၈ ၊ ၁၉ ရက်နေ့များတွင် ဖန်ခွက်ဖြင့် ပစ်ပေါက်ခြင်း၊ တုတ်ဖြင့် ရိုက်နှက်ခြင်းတို့ကြောင့် ညိုမဲ သော ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ရရှိသောဒဏ်ရာမှာ ပြင်းထန်သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

၂။      ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရကျော်နှင့် အဖွဲ့သည် အခင်းဖြစ်ပွားမှုအား    ၂-၁၀-၂၀၁၅ ရက်နေ့တွင် သွားရောက် စုံစမ်းခဲ့ရာ မှန်ကန်သဖြင့် ၁၄-၁၀-၂၀၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနသို့ အရေးယူဆောင်ရွက်ပေး ပါရန် အကြောင်းကြားခဲ့ပါသည်။

၃။      ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး ဒေါ်နီလာမြင့်အား ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၉၄၊ ၃၂၃၊ ၅၀၆ ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ကြောင်း၊ တရားရုံးတွင်ရုံးချိန်း ၃ ချိန်း စစ်ဆေးပြီးဖြစ်ကြောင်း ၁၉-၁-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မအေးအေးမွှေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိရေး ဆောင်ရွက်ခဲ့ရာတွင်ရန်ကုန်မြို့၌ နေထိုင်ခြင်းမရှိတော့ဘဲ ၎င်း၏ မိဘများရှိရာ မောင်းတီးကျေးရွာသို့ ပြောင်းရွှေ့သွား ကြောင်း ၁၆-၅-၂၀၁၆ နေ့တွင်  ပြန်ကြားခဲ့ပါသည်။

၄။      ကော်မရှင်၏ စုံစမ်းချက်အရ အမှုဖွင့်လှစ်ခဲ့သူ တရားလို ဒေါ်နော်ဂဲဖော( မအေးအေးမွှေး၏ မိခင်) အား ဆင့်ခေါ်သော် လည်းတရားရုံးသို့လာရောက်မှုမရှိကြောင်း၊ တရားလိုအား မစစ်ဆေးရ သေးသည့်အတွက် တရားခံကိုမစစ်ဆေးနိုင်သေးကြောင်း၊ တရားလိုပြသက်သေ ၉ ဦးအားစစ်ဆေး မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ   ၁၉ ရက်