ဆောင်ရွက်ချက်အမှတ်စဉ် ( ၂၆ / ၂၀၁၆/ ကာကွယ် ) ( မသန်းသန်းအိ)

၁။      အင်တာနက်သတင်းအရ အိမ်အကူ မိန်းကလေးငယ် မသန်းသန်းအိအား ညှဉ်းပန်းနှိပ်စက် ခံရမှုနှင့် ပတ်သက်၍ ၁၀-၈-၂၀၁၅ ရက်နေ့တွင် အခင်းဖြစ်ပွားရာ နေရာများသို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်နှင့် အဖွဲ့သည် ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ပါသည်။

၂။      ကွင်းဆင်းစစ်ဆေးချက်အရ မှန်ကန်သဖြင့် အမှုအားခိုင်မာစွာတည်ဆောက်ပေးရန် ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လည်းကောင်း၊ မသန်းသန်းအိ၏ အသက်အထောက်အထားအတွက် နိုင်ငံသားစိစစ်ရေး ကတ်ရရှိရေးကို ကူညီ ဆောင်ရွက်ပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနသို့လည်းကောင်း၊ အမျိုး သမီးငယ်၏ နစ်နာဆုံးရှုံးမှုအတွက် ထိုက်သင့်သည့် ကူညီစောင့်ရှောက်မှုများပေးရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် အမျိုးသမီး ရေးရာအဖွဲ့သို့လည်းကောင်း အကြောင်းကြားခဲ့ပါသည်။

၃။      ၁၅-၉-၂၀၁၅ နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးက ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ တရားခံဒေါ်အေးဝင်းအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၀၇ ဖြင့်လည်းကောင်း၊ တရားခံ မျိုးဇော်ထက်၊ ခင်သန္တာဦး၊ အေးကျော်ဝင်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၂၅ ဖြင့်လည်းကောင်း၊ မြောက်ဒဂုံ မြို့နယ်တရားရုံး၌ တရားစွဲဆိုထားကြောင်း၊ ၂၉-၉-၂၀၁၅ နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမှုပြီးချိန်တွင် မသန်းသန်းအိဆန္ဒရှိပါက  အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းတွင် လက်ခံစောင့်ရှောက်မည်ဖြစ်ကြောင်း၊ ၁၉-၁၁-၂၀၁၅ နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မသန်းသန်းအိအား အဒေါ် ဖြစ်သူ ဒေါ်ခင်မြင့်၏ အိမ်ထောင်စု လူဦးရေစာရင်းတွင်ဖြည့်သွင်းပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား အား ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

၄။      ကော်မရှင်၏စုံစမ်းချက်အရ ဒေါ်အေးဝင်းအား အင်းစိန်ထောင်တွင် ချုပ်နှောင်ထားပြီး၊ မြောက်ဒဂုံမြို့နယ်တရားရုံးတွင် သက်သေအားလုံးကို စစ်ဆေးပြီးဖြစ်ကြောင်း၊ ပြန်ခေါ်သက်သေများ စစ်ဆေးပြီးပါက အပြီးသတ်အမိန့်ချမှတ် မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်