ဆောင်ရွက်ချက်အမှတ်စဉ် (၂၄ / ၂၀၁၆/ ကာကွယ်) (အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချမှု)

၁။      မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်နေ ဒေါ်ဟေမာန်စိုးမှ  ဦးကျော်ကျော်ဝင်းဆိုသူ နှင့် တရားဝင်လက်ထပ်ခဲ့ပြီး လှိုင်သာယာသို့ လိုက်ပါနေထိုင်ခဲ့ကြောင်း၊ ၂၅-၃-၂၀၁၅ ရက်နေ့ တွင် ခင်ပွန်းနှင့်၎င်း၏အစ်မတို့မှအရပ်လက်သည်ဖြင့် ကိုယ်ဝန် ကို အဓမ္မဖျက်ချခဲ့ကြောင်း၊ လှိုင်သာယာ ရဲစခန်းသို့ တိုင်ကြားခဲ့ရာတွင် အမှုဖွင့်ပေးခဲ့ခြင်းမရှိကြောင်း၊ ထို့နောက်မှ  လှိုင်သာယာမြို့နယ် တရားရုံးသို့ လွှဲပေးခဲ့ကြောင်း၊ ဖော်ပြထားသည့် ၁၇-၇-၂၀၁၅ ရက်စွဲပါ တိုင်ကြားစာကို ကော်မရှင်မှ  လက်ခံရရှိခဲ့ပါသည်။

၂။      ကော်မရှင်က အဆိုပါကိစ္စအား စိစစ်ဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၂၅-၁၁-၂၀၁၅ ရက်နေ့တွင်  အကြောင်းကြားခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနက လှိုင်သာယာမြို့နယ် တရားရုံးမှ ၎င်းအမှုကို လက်ခံပြီး ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၀၂ အရ လှိုင်သာယာ ရဲစ ခန်းသို့စစ်ဆေးရန် ၁၅-၇-၂၀၁၅ ရက်နေ့ တွင် ချမှတ်ပေးခဲ့သော်လည်း ၂၈-၁-၂၀၁၆ ရက်နေ့တွင်မှ တရားရုံးသို့ ပြန်လည်တင်ပြနိုင်ခဲ့သဖြင့် ကြီးကြပ်မှုအားနည်းခဲ့သည့် ရဲစခန်းမှူးနှင့် အမှုစစ်အရာရှိ တို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ တရားခံဖြစ်သူ အရပ်လက်သည် ဒေါ်ပုအား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၁၅ ဖြင့်လည်း ကောင်း၊ တရားခံပြေး ဦးကျော်ကျော်ဝင်း (ပါ)  ၄ ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၁၅/ ၃၄ ဖြင့် လည်းကောင်း တရားစွဲထားကြောင်း ၆-၄-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၃။      ကော်မရှင်၏ စုံစမ်းချက်အရ ရုံးချိန်းပေါင်း ၁၄ ချိန်းရှိပြီး ဖြစ်ကြောင်းနှင့် တရားခံပြေး ဦးကျော်ကျော်ဝင်းကို  ဖမ်းဆီးနိုင်ခဲ့ပြီး အာမခံပေးထားကြောင်း သိရှိရပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်