၁။ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကုန်ထုတ်စခန်းတွင် အကျဉ်းကျနေသော အကျဉ်းသား တစ်ဦးသည် ကျောက်ထုတ်လုပ်ငန်းခွင်အတွင်း ကျောက်ပိပြီး အောက်ပိုင်း အရိုးနှင့် အသားများ ကျေသည့်ဒဏ်ရာများရရှိ နာကျင် ကိုက်ခဲနေပါသဖြင့် သက်ဆိုင်ရာ ဆေးရုံကြီးများတွင် ဆေးဝါးကုသမှု ပြသခွင့်ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် ၂-၈-၂၀၁၇ ရက်နေ့က တိုင်တန်း ချက် ပေးပို့လာရာ အခင်းဖြစ်ပွားရာသို့ ၁၆-၈-၂၀၁၇ ရက်နေ့မှ ၁၈-၈-၂၀၁၇ ရက်နေ့အထိ ကော်မရှင်မှ သွားရောက်ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပြီး အောက်ပါတို့ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုပေးခဲ့ပါသည် −
(က) အလုပ်စခန်းတာဝန်ခံသည် ဒဏ်ရာရရှိသည့် အကျဉ်းသားများ ဆေးကုသရေးနှင့် ပတ်သက်၍ စခန်းရှိ ဆေးမှူး၏တင်ပြ အကြံပြုချက်၊ တိုက်နယ်ဆေးရုံ ဆရာဝန်၊ ဆရာမများ၏ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပြင် ဒဏ်ရာ ရရှိမှုအား သက်ဆိုင်ရာ အထက်အဆင့်သို့ တင်ပြခြင်းမပြုဘဲ ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးခြင်း မပြုသည့်အတွက် ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပါသည်။
( ခ) ယခုကဲ့သို့ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ စခန်းရှိ ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံ ဆရာဝန်၊ ဆရာများ၏တင်ပြအကြံပြုချက်၊ ညွှန်ကြားချက်များကို အကျဉ်းထောင် စီမံအုပ်ချုပ်နေ သည့် တာဝန်ခံအရာရှိများက အလေးထား လိုက်နာဆောင်ရွက်ခြင်းဖြင့် မလိုလား အပ်သောဖြစ်စဉ်များ ဖြစ်ပွားမှုကို ကြိုတင်ထိန်းသိမ်း ကာကွယ်နိုင်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။
( ဂ) ဒဏ်ရာရရှိခဲ့သော အကျဉ်းသားများ၏ ဘဝရှေ့ရေး ရပ်တည်နိုင်ရေးအတွက် လုံလောက် သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ထိရောက်စွာ ဆောင်ရွက်ပေးသင့်ပြီး ကျန် အကျဉ်းသားများ၏ စိတ်ဓာတ် မြှင့်တင်ရေးကိုလည်း ဆောင်ရွက်ပေးသင့်ပါသည်။
(ဃ) လူအားဖြင့် ဆောင်ရွက်ရသော ကျောက်ထုတ်လုပ်ငန်းမှာ အန္တရာယ်ကြီးမားသော လုပ်ငန်းခွင်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက် ရာတွင် လုပ်အားနှင့်မျှတသော ကုန်ထုတ်လုပ်မှုကိုသာ ဆောင်ရွက်သင့်ပြီး လုပ်ငန်းခွင် လုံခြုံရေးကို ပထမ ဦးစားပေးအဖြစ် ကြပ်မတ်ဆောင်ရွက်သင့်ပါသည်။
၂။ အထက်ပါ အကြံပြုချက်များအရ ဆောင်ရွက်ထားရှိမှုကို ပြန်ကြားပေးပါရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေတ္တာရပ်ခံထားပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်