၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဦးစိန်သန်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ မိုးညှင်းဗဟိုအကျဉ်းထောင်အား ၁၈-၁၁-၂၀၁၉ ရက်နေ့တွင် လည်းကောင်း၊ မြစ်ကြီးနား အကျဉ်းထောင်ကို ၁၉-၁၁-၂၀၁၉ ရက်နေ့နှင့် ၂၀-၁၁-၂၀၁၉ ရက်နေ့များတွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြုချက်များ ပေးပို့ခဲ့သည်။
၂။ မိုးညှင်းဗဟိုအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များမှာ-
(က) ကျန်းမာရေးဦးစီးဌာနမှ တွဲဖက်ပေးထားသော ကျန်းမာရေးဝန်ထမ်းများမှာ အကျဉ်း သားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အားနည်းကြောင်း သိရှိရသဖြင့် တာဝန်ခံအရာရှိမှ အထူးကြပ်မတ်သင့်ပါသည်။
(ခ) အကျဉ်းထောင်ရှိ သုံးရေနှင့် သောက်ရေမှာ သန့်ရှင်းမှု အားနည်းပြီး လုံလောက်မှု မရှိကြောင်း စစ်ဆေး တွေ့ရှိရသည့်အပြင် အကျဉ်းသား/ အကျဉ်းသူများမှလည်း လုံလောက်မှု မရှိကြောင်း တင်ပြကြသဖြင့် လိုအပ်သလို ဆောင်ရွက်သင့်ပါသည်။
(ဂ) အကျဉ်းသားတစ်ဦးမှာ အကျဉ်းမကျမှီက ရရှိခဲ့သော ဒူးဒဏ်ရာကို ကုသလိုကြောင်း တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။
(ဃ) ကျောက်ကပ်ရောဂါရှိသည့် အကျဉ်းသူတစ်ဦးမှာ သက်သာမှု မရှိသဖြင့် ကုသနိုင်ရေး အတွက် လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါသည်။
(င) မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းသော အကျဉ်းသားများအပေါ် အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းများအပါအဝင် လက်တုံ့ပြန်မှု မပြုစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ အလေးထားဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။
၃။ မြစ်ကြီးနားအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-
(က) တရုတ်နိုင်ငံသားအကျဉ်းသားတစ်ဦးက တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ၎င်း၏မိသားစု နှင့် အဆက်အသွယ်ရလိုကြောင်း တင်ပြသဖြင့် သက်ဆိုင်ရာသံရုံးနှင့် ညှိနှိုင်း ဆောင် ရွက်ပေးသင့်ပါသည်။
(ခ) မြစ်ကြီးနားအကျဉ်းထောင်ကို ၂၀၁၉ ခုနှစ်အတွင်း ၂ ကြိမ် ကြည့်ရှုစစ်ဆေးခဲ့ရာ စစ်ဆေးချိန်တိုင်းတွင် အကျဉ်းသား/အကျဉ်းသူများကို မေးမြန်းစုံစမ်းချက်အရ စား သောက်နေထိုင်ရေး ကောင်းမွန်ကြောင်း တင်ပြကြပြီး အစားအသောက်များ စစ်ဆေး ရာတွင်လည်း သင့်တင့်ကောင်းမွန်သဖြင့် ယခုအခြေအနေကို ဆက်လက် ထိန်းသိမ်း ထားသင့်ပါသည်။
(ဂ) မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းသော အကျဉ်းသားများအပေါ် အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းများ အပါအဝင် လက်တုံ့ပြန်မှု မပြုစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ အလေးထားဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်