ဆောင်ရွက်ချက်အမှတ်စဉ် (၂၁/၂၀၁၆/ကာကွယ်) (ပုံစံ (၇) ရရှိပြီးမြေ ဆုံးရှုံးမှု)

၁။      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကုလားမကျေးရွာနေ ဦးဇော်မန်း (ပါ) ၅ ဦး မှ “နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိ ထားသော ၈.၈၂ ဧကကို ၉-၁၂-၂၀၁၄ ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က သိမ်းဆည်းခဲ့သဖြင့် ပြန်လည်ရရှိလိုကြောင်း” ၂၄-၄-၂၀၁၆ နေ့စွဲပါတိုင်တန်းချက်ကို ကော်မရှင် မှ ၂၉-၄-၂၀၁၆ နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၂။      ကော်မရှင်သည် ၂-၅-၂၀၁၆ နေ့တွင် အစည်းအဝေး ထိုင်၍ စိစစ်ဆောင်ရွက်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၆-၅-၂၀၁၆ ​နေ့တွင် အကြောင်းကြားခဲ့ပြီး ၈၈ ရက် ကျော်လွန်သည့်တိုင် ပြန်ကြားခဲ့ခြင်းမရှိသဖြင့် ၃-၈-၂၀၁၆ နေ့တွင် ပထမအကြိမ်နှိုးဆော်ခဲ့ ပါသည်။

၃။      စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က “ဦးဇော်မန်း (ပါ) ၅ ဦး၏မြေ ၈.၈၂ ဧက သည် ကိုင်းမြေရင့်များဖြစ်ပြီး မြေနုကျွန်းနှင့် ဆက်စပ်နေသည့်မြေများဖြစ်ကြောင်း၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၁၅) အရ ကုလားမကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ တောင်းခံထားသော ငွေကို ပြန်လည် ပေးအပ်စေပြီး မှတ်တမ်းတင်သတိပေးရန်နှင့် ပထမအကြိမ် စစ်ဆေးစဉ်က မြေနုနှင့် မြေရင့် လွဲမှားစွာစစ် ဆေးခဲ့သော ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်မြေစာရင်းဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ အား သတိပေးခဲ့ပြီးဖြစ်ကြောင်း၊ ပုံစံ (၇) ရရှိထားသည့်မြေကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦး စိန်မြင့်မှ မြေနုထင်မှတ်၍ တန်းစီဇယားဖြင့် မြေနုကျွန်း ခွဲဝေရာတွင် ထည့်သွင်းခဲ့သဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး ဆောင်ရွက်ပြီးဖြစ်ကြောင်း” စသည်ဖြင့် ၁၅-၈-၂၀၁၆ ရက်စွဲ ပါ ပြန်ကြားစာကို ကော်မရှင်မှ ၁၆-၈-၂၀၁၆ နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၄။      တိုင်ကြားသူများထံသို့ ၂၉-၈-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။

ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်