၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဦးစိန်သန်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ သံတွဲအကျဉ်းထောင်နှင့်သံတွဲမြို့ရှိ တရားရုံးအချုပ်ခန်း၊ ဆေးရုံအချုပ်ခန်း၊ ရဲစခန်းအချုပ်ခန်း တို့အား ၃၀-၁၀-၂၀၁၉ ရက်နေ့တွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ အကြံပြုချက်များ ပေးပို့ခဲ့သည်။
၂။ သံတွဲအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-
(က) အကျဉ်းသား/အချုပ်သားများ၏ထက်ဝက်အင်အားမှာ မူလတန်းပညာအရည်အချင်း သာရှိသဖြင့် ဘွဲ့ရအကျဉ်းသား/အကျဉ်းသူများကို စည်းရုံး၍ စိတ်ဝင်စားသူ အကျဉ်း သား/အကျဉ်းသူများကို အတန်းပညာများသင်ကြားနိုင်ရေး ဆောင်ရွက်သင့်ပါသည်။
(ခ) အမျိုးသား အိပ်ဆောင်များတွင် အဝတ်လှန်းတန်းများ ပြုလုပ်ပေးသင့်ပါသည်။
(ဂ) အိပ်ဆောင်များတွင် ကြမ်းပိုးကိုက်ကြောင်း တင်ပြကြသဖြင့် ကြမ်းပိုးသတ်ဆေး ဖြန်းပေးသင့်ပါသည်။ ဖယောင်းပုဆိုးများ အမြဲတမ်း ခင်းပေးသင့်ပါသည်။
(ဃ) အကျဉ်းထောင် စာကြည့်တိုက်စနစ်မှာ ပီပြင်မှုမရှိသည်ကို တွေ့ရသဖြင့် စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး တာဝန်ခံအရာရှိမှ ဦးဆောင်၍ ဆောင်ရွက်သင့် ပါသည်။
(င) အကျဉ်းသား အများစုတွင် ချိုးရေကြောင့် ဖြစ်ပေါ်လာသော ဝဲ၊ ယားနာများ ဖြစ်ပွားမှု များသဖြင့် ဆေးဝါးများ ဖြည့်ဆည်းသင့်ပါသည်။
(စ) တာဝန်ကျ ကျန်းမာရေးမှူးများမှ အကျဉ်းသားများကို အချိန်နှင့်တပြေးညီ ကျန်းမာ ရေး စောင့်ရှောက်မှု ပေးနိုင်ရေး တာဝန်ခံအရာရှိမှ ကြပ်မတ်ဆောင်ရွက်သင့်ပါသည်။
(ဆ) အိပ်ဆောင်များတွင် လက်ရှိ ချိုးရေကန်များ၏ အလျားမှာ အကျဉ်းသားအင်အားနှင့် မျှတ မှု မရှိသဖြင့် တိုးချဲ့ဆောက်လုပ်ခွင့်ရရှိရေး တင်ပြသင့်ပါသည်။
(ဇ) နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များကို ဖတ်ရှုခွင့် ရရှိရေး စီစဉ်ပေးသင့်ပါသည်။
(ဈ) ထောင်ဝင်စာအခန်းမှာ အလွန်ကျဉ်းမြောင်းပြီး အမိုးအလွန်နိမ့်ပါသည်။ ၅ ဦးခန့်သာ တွေ့နိုင်ပြီး ညနေဖက်တွင် နေပူပါသည်။ အကျဉ်းသားနှင့် ဧည့်တွေ့လာသူများ အဆင် ပြေမှု မရှိကြောင်း တွေ့ရှိရသဖြင့် တိုးချဲ့ဆောက်လုပ်သင့်ပါသည်။
(ည) အိပ်ဆောင်များရှိ ထပ်ခိုး နေရာများတွင် မိုးပက်ကြောင်း တွေ့ရှိရသဖြင့် ကဲလားများ တပ်ဆင်၍ မိုးမပက်စေရေး ဆောင်ရွက်ပေးသင့်ပါသည်။
(ဋ) ဒေသနှင့် ကိုက်ညီပြီး ပြင်ပလောကတွင် အမှန်တကယ် အသုံးပြုမည့် အသက်မွေး ဝမ်းကြောင်း သင်တန်းများ (ဥပမာ- ခရုပုတီးလုပ်ငန်း၊ ခရု ကမာတို့ဖြင့် အရုပ် လုပ်ငန်း၊ ပင်လယ်ထွက်ပစ္စည်းများဖြင့် လူသုံးကုန် လက်ဆောင်ပစ္စည်းမျိုးစုံလုပ်ငန်း၊ အုန်းသီးခွံဖြင့် အရုပ်လုပ်ငန်း စသည်ဖြင့်) ကို နည်းလမ်းရှာ၍ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သင့်ပါသည်။
(ဌ) စားဖိုကြီးမှာ သန့်ရှင်းမှု အားနည်းသဖြင့် သန့်ရှင်းရေးကို အဓိကထား၍ ဆောင်ရွက် စေသင့်ပါသည်။
(ဍ) အလှူရှင်များမှ အိပ်ဆောင်များတွင် ပန်ကာများ တပ်ဆင်ပေးလိုကြောင်း သတင်းပို့ တင်ပြကြသဖြင့် ခွင့်ပြုပေးသင့်ပါသည်။
(ဎ) မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအပေါ် အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းများအပါအဝင် လက်တုံ့ပြန်ခြင်းများ မပြုစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃၈ နှင့်အညီ အလေး ထား ဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်