မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် ( ၁၇ / ကာကွယ်/ ၂၀၁၇)

၁။      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဟင်္သာတအကျဉ်းထောင်အတွင်း၌ လွတ်လပ်စွာ ဘုရားဝတ်ပြုခွင့်မရခြင်း၊ အကျဉ်းသားရိက္ခာများ လုံလောက်စွာမပေးခြင်း၊ ဖိနပ်ချွတ်သည့်နေရာ နှင့် မိလ္လာခွက်ကိုခေါင်းရင်းပေး၍အိပ်နေရခြင်း၊ ဘုရားစေတီကို ခြေရင်းတွင်ထားနေရခြင်းနှင့် အကျဉ်းထောင်ဝန်ထမ်းအချို့မှ ငွေကြေး ကောက်ခံမှုများရှိနေခြင်းများကို အကျဉ်းသားမိခင်ဖြစ်သူ တစ်ဦးမှ ၃၀-၆-၂၀၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သို့ တိုင်တန်းချက်ပေးပို့လာပါသည်။

၂။      ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဟင်္သာတအကျဉ်းထောင်သို့   ၁၇-၇-၂၀၁၇ ရက်နေ့နှင့် ၁၈-၇-၂၀၁၇ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ ကော်မရှင်၏ အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင်၏ စီမံခန့်ခွဲမှုစနစ်တကျကောင်းမွန် စေရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ မျက်ခြေမပြတ်ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သင့်ကြောင်း၊

(ခ)     အကျဉ်းထောင်တာဝန်ခံနှင့် အကျဉ်းသားများ၏ နှစ်ဦးနှစ်ဖက် မျှတသည့် ဆက်ဆံ ရေး၊ စီမံခန့်ခွဲအုပ်ချုပ်ရေးများ ဖြစ်ပေါ်စေရေးအတွက် ဝန်ထမ်းအဆင့်အတန်း အားလုံး၏ မှန်ကန်မျှတသော ပူးပေါင်းဆောင်ရွက်မှုရရှိစေရေး၊ တာဝန်ရှိသူမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်သင့်ကြောင်း၊

(ဂ)     အစ္စလာမ်ဘာသာဝင် အကျဉ်းသားများအတွက် ၎င်းတို့၏ ဓလေ့ထုံးစံနှင့်အညီ ဝတ်ပြုဆုတောင်းနိုင်ရေး အကျဉ်းထောင်အတွင်း သင့်လျော်သည့်နေရာအား စည်းကမ်း တကျ စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း၊

(ဃ)    တာဝန်ရှိသူများက အကျဉ်းသားများ၏ရပိုင်ခွင့်များနှင့် စပ်လျဉ်းသည့် ကိစ္စများကို ပွင့်လင်းမြင်သာစွာဖြင့် ချပြဆောင်ရွက်စေသင့်ကြောင်း၊

(င)     အကျဉ်းထောင်လက်စွဲနှင့်အညီ ထောင်တွင်းပြစ်ဒဏ်ချမှတ် အပြစ်ပေးရာတွင် လူ့ အခွင့်အရေးအရ ထိခိုက်နစ်နာစေမှုမရှိစေရေးအတွက် လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ  ပုဒ်မ ၃၈ ပါအတိုင်း တိုင်တန်းသူများ နှင့် သက်ဆိုင်သူများ လက်တုံ့ပြန်မှုမခံရစေရေးအတွက် လည်းကောင်း သေချာစေ မည့် ဆောင်ရွက်ချက်များကို သတိပြုဆောင်ရွက်သင့်ကြောင်း။

၃။      အထက်ပါ အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

                                                                                                                                                                                    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ  ၂၅ ရက်