ဆောင်ရွက်ချက်အမှတ်စဉ် (၁၆/၂၀၁၆/ကာကွယ်) (စိတ္တကုန်းဘုရားလမ်းရေမြောင်း)

၁။      ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စိတ္တကုန်းဘုရားလမ်းရှိ အများပြည်သူပိုင်ရေမြောင်းကို ပိတ် ပြီး ခြံဝင်းခတ်လိုက်သဖြင့် ရေမြောင်းထဲမှ ညစ်ညမ်းသောရေများသည် လမ်းပေါ်သို့ ရောက် ရှိလာကာ ရေအိုင်ကြီးဖြစ်ပေါ်လာပြီး စွန့်ပစ်ပစ္စည်းများကြောင့် အများပြည်သူ ကျန်းမာရေး နှင့် လမ်းသွားလမ်းလာများ ထိခိုက်နေရပါကြောင်း၊ ၎င်းရပ်ကွက်နေ ဦးသန်းဦး (ပါ) ၃၀ ဦးမှ ၂၃-၉-၂၀၁၅ နေ့တွင် ကော်မရှင်အပါအဝင် လိပ်စာ ၁၀ ခုသို့ တိုင်ကြားခဲ့ပါသည်။

၂။      ကော်မရှင်သည် ၁၉-၁-၂၀၁၆ နေ့တွင် အစည်းအဝေးထိုင်ပြီး စိစစ်ဆောင်ရွက်ပေးရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂၂-၁-၂၀၁၆ နေ့တွင် အကြောင်းကြား ခဲ့ပါသည်။

၃။      ရက်ပေါင်း ၃၀ ကျော်လွန်သည့်တိုင် ပြန်ကြားခဲ့ခြင်းမရှိသဖြင့် ၆-၄-၂၀၁၆ နေ့တွင် ပထမအကြိမ်နှိုးဆော်ခြင်း၊ ၁၉-၈-၂၀၁၆ နေ့တွင် ဒုတိယ အကြိမ်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရက ၎င်းရေမြောင်းမှာ ပိတ်ဆို့နေခြင်း၊ လူနေအိမ်များ ကျူးကျော်နေထိုင်မှုကြောင့် ကျဉ်းမြောင်းနေခြင်းတို့ကြောင့် ရေစီးရေလာ အဟန့်အတား ဖြစ်သည့်အပြင် ယင်းရေမြောင်းမှတစ်ဆင့် မူလက ရေစီးဆင်းရာလမ်းကြောင်းမဟုတ်သည့် မြေကွက်လပ်ကို ဖြတ်သန်း၍ ပြန့်ကျဲစီးဆင်းခြင်း၊ ယင်းမြေကွက်လပ်မှာလည်း ခြံခတ်မြေဖို့ ထားခြင်းတို့ကြောင့် အဓိကရေထွက်ပေါက်အား ပိတ်ဆို့ခြင်းဖြစ်ပါသဖြင့် လက်ရှိတွင် ဦး ချိန်လမ်းဘေးရှိ မြောင်းမကြီးအတွင်းသို့ စီးဝင်သော ဝဲ/ယာ​မြောင်း ၂ ခုအား ရေများစီးဆင်း နိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာန များမှ ပူးပေါင်း၍ အပိုင်းလိုက် စတင်တူးဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း ၁၄-၃-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့သော်လည်း ထိုစာကို ၃၁-၈-၂၀၁၆ နေ့တွင် ရရှိခဲ့ပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်