မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရှမ်းပြည်နယ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်မြို့များရှိ အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်း၊ ဆေးရုံအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးမှုနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်ချက် အမှတ်စဉ် (၁၃/ ကာကွယ်/ ၂၀၁၇)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၉ရက် နေ့မှ ၂၂ရက်နေ့အထိ ကော်မရှင်ရုံးဝန်ထမ်း၃ဦးနှင့်အတူ ရှမ်းပြည်နယ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် မြို့များရှိ အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်း၊ ဆေးရုံအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      ကျိုင်းတုံအကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အကျဉ်းသူအဆောင်တွင်အကျဉ်းသားအဆောင်များနည်းတူပန်ကာများ တပ်ဆင် ပေးသင့်ပါသည်။

(ခ)     အကျဉ်းသားအင်အားမှာဝင်ဆံ့မှုထက် ကျော်လွန်နေသဖြင့်အကျဉ်းသား အိပ်ဆောင် များ တိုးချဲ့ဆောက်လုပ်သင့်သော်လည်း မြေနေရာလုံလောက်မှု မရှိသဖြင့် အကျဉ်း ထောင်မြေနေရာသစ် ရှာဖွေသင့်ပါသည်။

(ဂ)     အချို့အကျဉ်းသားအိပ်ဆောင်များတွင် ခင်းထားသော သစ်သားကြမ်းခင်းများမှာ မညီမညာဖြစ်နေသည့်အတွက်အသစ်လဲလှယ်ပေးသင့်ပါသည်။

(ဃ)    အချို့အကျဉ်းသားအိပ်ဆောင်များတွင် ပေါက်ပြဲနေသော ဖယောင်းပုဆိုးများအား အသစ်လဲလှယ်သင့်ပါသည်။

(င)     အကျဉ်းသားအင်အားမှာ ၁၈၅၅ ဦးရှိသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံအရ လိုအပ်လျှက် ရှိသော ကျန်းမာရေးမှူး ၃ ဦးအား ဖြည့်စွက်ခန့်ထားနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်် ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

(စ)     ထောင်ဝင်စာတွေ့ဆုံသည့် တိုးချဲ့ဆောင်အဆောက်အဦအမိုးအား သင့်တော်သလို မြှင့်ပေးပြီး ပန်ကာတပ်ဆင်သင့်ပါသည်။

(ဆ)    နိုင်ငံခြားသားအကျဉ်းသားတရုတ်နိုင်ငံသားကျား ၉ ဦး၊ ထိုင်းနိုင်ငံသားကျား ၂၂ ဦး၊ မ ၂ ဦးနှင့် ဗီယက်နမ်နိုင်ငံသားကျား ၇ ဦး၊ စုစုပေါင်း ၄၀ ဦး ရှိရာ ၎င်းတို့ အတွက် သက်ဆိုင်ရာသံရုံးနှင့် ဆက်သွယ်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ အကြောင်းကြားပေးသင့်ပါသည်။

(ဇ)     မိုးတွင်းကာလတွင် အကျဉ်းသား၊ အကျဉ်းသူများ၏ လျှော်ဖွပ်ပြီးသော အဝတ်များ လှန်းနိုင်ရေးအတွက် အဝတ်လှန်းစင်များ စနစ်တကျထားရှိသင့်ပါသည်။

(စျ)     မသန်စွမ်း အကျဉ်းသားများအတွက်  သီးခြားမိလ္လာ စီစဉ်ပေးခြင်း အပါအဝင် အခြား မသန်စွမ်းသူများ အခွင့်အရေးနှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက်များ စီစဉ်ပေးသင့် ပါသည်။

၃။      မိုင်းဆတ်အကျဉ်းထောင်နှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အကျဉ်းသားအင်အားမှာ ဝင်ဆံ့မှုထက်ကျော်လွန်နေသဖြင့် အကျဉ်းထောင် တိုးချဲ့မည့် မြေဧရိယာမှာ လုံလောက်သောကြောင့် အကျဉ်းသား အိပ်ဆောင်များ တိုးချဲ့ ဆောက်လုပ်သင့်ပါသည်။

(ခ)     ဝန်ထမ်းဖွဲ့စည်းပုံအရ လိုအပ်လျှက်ရှိသော ကျန်းမာရေးမှူး ၂ ဦးနှင့် သူနာပြု ၁ ဦး အား ဖြည့်စွက်ခန့်ထားနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်် ညှိနှိုင်း ဆောင်ရွက်သင့်ပါသည်။

(ဂ)     အကျဉ်းသား၊ အကျဉ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြင်ပမှ ဆရာဝန်များ မိုင်းဆတ်အကျဉ်းထောင်သို့ ပင့်ဖိတ်ကုသမှု ဆောင်ရွက်စေသင့် ပါသည်။

၄။      ကျိုင်းတုံအကျဉ်းထောင်နှင့် မိုင်းဆတ်အကျဉ်းထောင်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အကျဉ်းထောင်အတွင်းသို့ ထောင်ဝင်စာတွေ့ဆုံရာမှပေးပို့လာသည့် ပစ္စည်းများနှင့် တရားရုံးမှအကျဉ်းထောင်သို့ ပြန်ဝင်လာသည့် အကျဉ်းသား/သူ၊ အချုပ်သား/ သူ များနှင့် ပါလာသောပစ္စည်းများတွင် ကန့်သတ်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိမရှိစစ်ဆေးရာတွင် လူ့ဂုဏ်သိက္ခာ ထိခိုက်မှုရှိစေနိုင်သည့် ရှာဖွေမှုများ မဖြစ်စေ ရေးအတွက် Metal Detectorနှင့်အနံ့ခံခွေးများအသုံးပြု၍ စစ်ဆေးဆောင်ရွက်စေ သင့်ပါသည်။

(ခ)     လူမျိုးဘာသာမခွဲခြားဘဲ အကျဉ်းသား၊ အကျဉ်းသူများအား စိတ်နှလုံးတည်ငြိမ် အေးချမ်းပြီးဒေါသမောဟများကင်းစင်စေရန်၊ အကျဉ်းထောင်အတွင်း ဆူပူမှုများ လျော့နည်းကျဆင်းစေရန်နှင့် ကျန်းမာရေး ကောင်းမွန်မှုရှိစေရန်အတွက် ယောဂ ကျင့်စဉ် ကဲ့သို့သော စိတ်လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ပမှ ကျွမ်းကျင်သူများဖိတ်ကြား၍ဆောင်ရွက်သင့်ပါသည်။

 (ဂ)    Sky Net ရုပ်သံမှ ထုတ်လွှင့်သော အစီအစဉ်များတွင် ကြမ်းတမ်းသော စိတ်များ ဖြစ်ပေါ်စေနိုင်သည့် ရုပ်ရှင်များကိုမပြသစေဘဲ ပညာပေးဇာတ်လမ်းများနှင့် ဗဟုသုတ ရရှိစေမည့် အစီအစဉ်များသာ ပြသရန်အတွက် ထိန်းချုပ်ဆောင်ရွက်သင့်ပါသည်။

(ဃ)    သက်ကြီးအကျဉ်းသားများကို လုံလောက်စွာရေချိုးနိုင်ရေးအတွက် အခြားသူများ နှင့် ရောနှောမချိုးစေဘဲ သီးသန့်ရေချိုးစေသင့်ပါသည်။

၅။      ကျိုင်းတုံမြို့ပေါ်ရှိအချုပ်ခန်းများနှင့် ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    ကျိုင်းတုံဆေးရုံအချုပ်ခန်း။ အချုပ်သား၊ အချုပ်သူများ ထားရှိ ဆေးကုသခြင်း မတွေ့ရှိသဖြင့် ထူးခြားအကြံပြုရန် မရှိပါ။

(ခ)    ကျိုင်းတုံမြို့မရဲစခန်းအချုပ်ခန်း။ ထူးခြားအကြံပြုရန်မရှိပါ။

၆။      မိုင်းဆတ်မြို့ပေါ်ရှိ အချုပ်ခန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်−

            (က)    မိုင်းဆတ်မြို့မရဲစခန်းအချုပ်ခန်း။ အကြံပြုရန်မရှိပါ။

            (ခ)     မိုင်းတွမ်းနယ်မြေရဲစခန်းအချုပ်ခန်း။ အကြံပြုရန်မရှိပါ။

၇။      တာချီလိတ်မြို့မရဲအချုပ်ထောင်နှင့်ပတ်သက်၍ အချုပ်သားများအခန်းတွင် သတ်မှတ်ထား သည့် လူဦးရေထက် ကျော်လွန်ထားရှိသည်ကို တွေ့ရှိရသည့် အတွက် ၎င်းတို့အား အမြန်ဆုံးတရားစွဲ တင်ပို့နိုင်ရေး သက်ဆိုင်ရာ တရားစွဲ အဖွဲ့ အစည်းများ၊ တရားစီရင်ရေး အဖွဲ့အစည်းများမှ တာဝန် ရှိသူများနှင့် ညှိုနှိုင်းဆောင်ရွက်သင့်ပါသည်။

၈။      ကျိုင်းတုံ၊ မိုင်းဆတ်နှင့်တာချီလိတ်မြို့များရှိ တရားရုံးအချုပ်ခန်းများနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-

(က)   ကျိုင်းတုံခရိုင်တရားရုံးအချုပ်ခန်း

  • အချုပ်ခန်းဝင်ပေါက်အား ၆ပေအမြင့်ပြင်ဆင်သင့်ပါသည်။
  • ကျားအချုပ်ခန်းသန့်ရှင်းရေးဆောင်ရွက်သင့်ပါသည်။
  • အချုပ်ခန်းအတွင်းအလင်းရောင်နှင့် လေကောင်းလေသန့် ကောင်းမွန်စွာ ရရှိ နိုင်ရေးအတွက် ခေတ်နှင့်အညီ (မိုင်းဆတ်တရားရုံးအချုပ်ခန်းကဲ့သို့) အချုပ် ခန်းသစ် အဆောက်အဦ တစ်လုံးတည်ဆောက်သင့်ပါသည်။
  • အချုပ်သား၊အချုပ်သူများအတွက်ရေသန့်ရရှိရေးစီမံဆောင်ရွက်သင့်ပါသည်။

(ခ)     မိုင်းဆတ်ခရိုင်တရားရုံးအချုပ်ခန်း။ အချုပ်ခန်းဝင်ပေါက်သည် ၆ပေ အမြင့် ပြင်ဆင် သင့်ပါသည်။

(ဂ)    တာချီလိတ်ခရိုင်တရားရုံးအချုပ်ခန်း။

  • ကျားအချုပ်ခန်းသန့်ရှင်းရေးဆောင်ရွက်သင့်ပါသည်။
  • အချုပ်ခန်းအတွင်း အလင်းရောင်နှင့်လေကောင်းလေသန့်ကောင်းမွန်စွာ ရရှိနိုင် ရေး အတွက်ခေတ်နှင့်အညီ (မိုင်းဆတ် တရားရုံးအချုပ်ခန်းကဲ့သို့) ကျယ်ဝန်း သည့် အဆောက်အတစ်လုံးတည်ဆောက်သင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ   ၂၉   ရက်