ဆောင်ရွက်ချက်အမှတ်စဉ် (၁၃ /ကာကွယ်/၂၀၁၈)

၁။      ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာနေ မသင်္ကာတရားခံ ၂ ဦး အား ပိုးလောင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့က ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကွင်းဆင်းစုံစမ်း စစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာ ဧရာဝတီတိုင်းဒေသကြီးသို့ ၂၉‑၃‑၂၀၁၈ ရက်နေ့မှ ၁‑၄‑၂၀၁၈ ရက်နေ့အထိ ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ပြီး ကော်မရှင်၏ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      ကော်မရှင်၏ အကြံပြုချက်များတွင် လူ့အခွင့်အရေး ဖောက်ဖျက်ခဲ့သည် ရဲတပ်ဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်းနှင့်အမှုနှင့်ပတ်သက်သည့် တရားခံကို ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ အမြန်ဆုံးဖော်ထုတ်ပြီး သက်သေခိုင်လုံစွာဖြင့် တရားစွဲတင်နိုင်ရေး တွန်းအား ပေး ဆောင်ရွက်သင့်ကြောင်းပါရှိသည့်အပြင် အထက်အကြီးအကဲများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ ပျက်ကွက်ခြင်းများကြောင့် ညှဉ်းပန်းနှိပ်စက် စစ်ဆေးခြင်း ကဲ့သို့ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရှိနေရသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် ပြည်သူ၏ ယုံကြည်လေးစား အားထားမှုပိုမိုရရှိစေရေး၊ တပ်ဖွဲ့၏ ဂုဏ်သိက္ခာ တိုးတက်မြင့်မားစေရေး၊ စိတ်ဓါတ်စည်းကမ်း ကောင်းမွန်စေရေး၊ တပ်ဖွဲ့အတွင်း စည်းလုံးညီညွတ်ရေးတို့အတွက် တပ်ဖွဲ့ဌာန အကြီးအကဲများက ပြန်လည်စိစစ် သုံးသပ်ဆောင်ရွက် သင့်ကြောင်းစသည့် အကြံပြချက်များ ပါဝင်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ  ၅  ရက်