မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၁၀/ကာကွယ်/၂၀၁၇)

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ (၂) ရပ်ကွက်နေ အသက် (၁၈) နှစ်မပြည့်သေးသော မင်းမြတ်လွင် (ခ) အာနိုးကို ဒေါ်ခင်စန်းဌေးဆိုသူက ၎င်း၏ နေအိမ်မှ ရွှေထည်နှင့် ငွေများ ပျောက်ဆုံးသည့် ကိစ္စတွင် ပါဝင်သည်ဟု စွပ်စွဲပြီး ရဲစခန်းအချုပ်၌ တစ်လကျော်ကြာသည်အထိ ဖမ်းဆီးချုပ်နှောင်၍ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက် စစ်ဆေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်ရုံး နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီသို့ ဖခင်ဖြစ်သူ ဦးခိုင်ချစ်လွင်က တိုင်ကြားလာခြင်းကို ပြည်သူ့လွှတ်တော်ရုံးမှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ​လိုအပ်သလို ဆောင်ရွက်နိုင်ရန်နှင့် ပြီးစီးမှုအခြေအနေ ပြန်ကြားပေးရန် ပေးပို့လာသဖြင့်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်သော ကွင်းဆင်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ရုံးဝန်ထမ်း (၃) ဦးလိုက်ပါ၍ ၁၁-၆-၂၀၁၇ ရက်နေ့မှ ၁၄-၆-၂၀၁၇ ရက်နေ့ထိ အခင်းဖြစ်ပွားရာ သဲကုန်းမြို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂။      ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအရ အောက်ပါအကြံပြုချက်များကို ပြည်သူ့လွှတ်တော် ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်-

(က)    ပစ္စည်းခိုးယူသည်ဟု စွပ်စွဲချက်ဖြင့် မောင်မင်းမြတ်လွင် (ခ) အာနိုးအား သဲကုန်း မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ပြီး သက်သေခံ ရွှေထည်နှင့် ငွေများ သိမ်းဆည်း ရမိခြင်းမရှိဘဲ နှိပ်စက်ညှဉ်းပန်း၍ ဇွတ်အတင်း ဝန်ခံစေခြင်းဖြင့် သဲကုန်းမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ် (အချုပ်ကာလ ၁ နှစ် ၉ လနှင့် ထောင်တွင်း၌ ၃ လ) ကျခံခဲ့ရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ထိုက်သင့်သလို အရေးယူသင့်ကြောင်း၊

(ခ)     နောင်တွင် အလားတူ သံသယရှိသူတစ်ဦးအား အထောက်အထား ခိုင်လုံမှုမရှိဘဲ ဖမ်းဆီးချုပ်နှောင်၍ နှိပ်စက်ညှဉ်းပန်းပြီး ဇွတ်အတင်း ဝန်ခံစေ၍ တရားစွဲတင်ပို့ ခြင်း၊ တရားရုံးမှလည်း ပြစ်ဒဏ်ချမှတ် ကျခံစေသည့်ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွား စေရေးအတွက် သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများနှင့် တရားစီရင်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ညှိနှိုင်း၍ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ ချမှတ်ရေးဆွဲ ဆောင်ရွက်သင့်ကြောင်း၊

(ဂ)     ထို့ပြင် အလားတူ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား ဖမ်းဆီးချုပ်နှာင်၍ ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံစေခြင်းများ မပြုလုပ်ဘဲ သက်သေ အထောက် အထားများကို မှန်ကန်ခိုင်မာစွာ စနစ်တကျ ရှာဖွေဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ဝန်ခံစေသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး ရဲတပ်ဖွဲ့ဝင်များအား သင်ကြားပေးသင့်ကြောင်း၊

(ဃ)    မောင်မင်းမြတ်လွင်၏ ဖခင်ဖြစ်သူ ဦးခိုင်ချစ်လွင် (ခ) ချစ်လွင်အား ဖြစ်စဉ် ဖြစ်ပွား ပြီး တစ်နှစ်ကျော် နှစ်နှစ်နီးပါးကြာမှ နောက်တိုးတရားခံအဖြစ် ဖမ်းဆီးချုပ်နှောင်၍ တရားရုံးတင် စစ်ဆေးသော်လည်း နောက်ဆုံးတွင် ခိုင်မာသော အထောက်အထား မရှိခြင်းကြောင့် အချုပ်ကာလကို ထောင်အတွင်း၌ ၄ လ ချုပ်နှောင်ခံခဲ့ရပြီး အမှုမှ အပြီးအပြတ် လွှတ်လိုက်ခြင်းသည် လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိခိုက် ကျဆင်းစေသဖြင့် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းများနှင့် တရားစီရင်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ညှိနှိုင်း၍ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ ချမှတ်ရေးဆွဲ ဆောင်ရွက်သင့်ကြောင်း၊

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ  ၃ ရက်