မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်( ၃၁ / ကာကွယ်/ ၂၀၁၇)

၁။      မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်သာစည်စိုက်ပျိုးမွေးမြူရေးနှင့်အသက် မွေးမှုအတတ်သင်စခန်းတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားတစ်ဦးကို အကျဉ်းထောင် ဝန်ထမ်းတစ်ဦး ကအနိုင်ကျင့်ရိုက်နှက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများပြုလုပ်ခဲ့သောကြောင့် အောက် နှုတ်ခမ်းကွဲပြဲပြီး အောက်ရှေ့သွား တစ်ချောင်းပဲ့ထွက်ခဲ့သည့်အတွက် နစ်နာသူ၏ ဖခင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ ၁၂-၉-၂၀၁၇ ရက်နေ့က တိုင်တန်းချက် ပေးပို့လာပါသည်။

၂။      အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကော်မရှင်ကွင်းဆင်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ် ပွားရာ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ကိုးပင်သာစည် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းနှင့် သရက်အကျဉ်းထောင်သို့ ၂၂-၁၀-၂၀၁၇ရက်နေ့မှ ၂၅-၁၀-၂၀၁၇ ရက်နေ့အထိ သွားရောက် ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပြီးစစ်ဆေးတွေ့ရှိချက်များအရ ကော်မရှင်၏ အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

 (က)   အကျဉ်းထောင်များနှင့် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများ တွင်အကျဉ်းသားများ၏ စည်းကမ်းကိုထိန်းသိမ်းဆောင်ရွက်ရာတွင် အကျဉ်းထောင် လက်စွဲဥပဒေ နှင့်အညီအရေးယူ အပြစ်ပေးဆောင်ရွက်သင့်ပါသည်။

(ခ)     ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ မကွေးတိုင်းဦးစီးမှူး၏ထောက်ခံတင်ပြ ချက်အတိုင်း ဆောင်ရွက်နိုင်ရန် အကြံပြုပါသည်။

(ဂ)     အကျဉ်းသားများနှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ် ဖြစ်ပွားပါက သက်ဆိုင်ရာ တာဝန်ခံများက အထက်အဆင့်ဆင့်သို့ အချိန်နှင့် တပြေးညီ တင်ပြဆောင်ရွက်နိုင်ရေး ကြပ်မတ် ဆောင်ရွက်သင့်ပါသည်။

၃။      ဖြစ်စဉ်တွင် အကျဉ်းသားအား ရိုက်နှက်ညှဉ်းပန်းခဲ့သူ အကျဉ်းဝန်ထမ်းအား ဌာနဆိုင်ရာ အရေးယူမှုများပြုလုပ်နေပြီ ဖြစ်သဖြင့် နောင်အလားတူမဖြစ်စေ​ရေးအတွက် အထက်ပါ အကြံပြုချက် များကို လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ပါရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ၁ ရက်