မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၃၀/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်များတွင် ညောင်ရွှေအကျဉ်းထောင်၊ ​တောင်ကြီး အချုပ်ထောင်၊ စိုက်/မွေးစခန်းများနှင့် ရဲစခန်းအချုပ်ခန်းများအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်ပါအကြံပြု ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      ညောင်ရွှေအကျဉ်းထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များ-

(က)    နှစ်ကြီးအဆောင်တွင် ညမိလ္လာ ၂ လုံးသာ ရှိသဖြင့် လူအင်အားနှင့် မိလ္လာ မမျှတမှုကြောင့် လိုအပ်သလို ထပ်မံတည်ဆောက်ပေးသင့်ပါသည်။

( ခ )   အကျဉ်းသား တစ်ဦး၏ မိခင်ဖြစ်သူမှာ လွိုင်ကော်မြို့တွင် နေထိုင်ပြီး အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ လာရောက် တွေ့ဆုံနိုင်မှု မရှိခြင်းကြောင့် မိခင်နှင့်နီးရာ လွိုင်ကော် အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုကြောင်း တင်ပြသဖြင့် လိုအပ်သလို ဆောင်ရွက်သင့်ပါ သည်။

( ဂ )   အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် မည့်သည့် ရောဂါဖြစ်ဖြစ် ဆေးတစ်မျိုးတည်းကိုသာပေးကြောင်း သိရှိရသဖြင့် ရောဂါနှင့် ဆေးဝါး မှန်ကန်မှုရှိစေ ရေး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူများမှ ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    ထောင်တွင်းအယူခံ တက်လိုသည့် အကျဉ်းသားတစ်ဦးကို တာဝန်ရှိသူများမှ လိုအပ် သလို ကူညီဆောင်ရွက်ပေးသင့်ပါသည်။

( င )   နှစ်ကြီးအကျဉ်းသားများမှ အသက်မွေးဝမ်းကြောင်းပညာ သင်ကြားလိုသဖြင့် ဆောင်ရွက် ပေးသင့်ပါသည်။

( စ )   နံနက်အိပ်ရာထချိန်တွင် အကျဉ်းသား/အကျဉ်းသူများကို မျက်နှာသစ်ခွင့်ပေးနိုင်ရန်တာဝန် ရှိသူများမှ ခွင့်ပြုပေးသင့်ပါသည်။

၃။      ထီးခမ်းစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များ-

(က)    စခန်းစာကြည့်တိုက်တွင် စာအုပ်စာပေများ ထပ်မံဖြည့်ဆည်းသင့်သည့်အပြင် စနစ်တကျ ထားရှိရေး၊ ဖတ်ရှုရန်နေရာများ ပြင်ဆင်ရေးတို့ကို ဆောင်ရွက်သင့်ပါသည်။

( ခ )   စခန်းအိပ်ဆောင်များရှိ သောက်ရေသန့်ဘူးများမှာ သန့်ရှင်းမှုမရှိကြောင်း တွေ့ရှိရသဖြင့် သန့်ရှင်းရေး ဆောင်ရွက်စေသင့်ပါသည်။

( ဂ )   စခန်းအတွင်း ဝင်ရောက်သည်နှင့် ရေဆိုးများ ဝပ်နေပြီး အနံ့အသက် မကောင်းသဖြင့် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်သင့်ပါသည်။

(ဃ)    အိပ်ဆောင်များတွင် ခင်းထားသော ဖယောင်းပုဆိုးများမှ ကောင်းမွန်မှု မရှိသဖြင့် လဲလှယ်ပေးသင့်ပါသည်။

 ၄။      တောင်လေးလုံးစိုက်/မွေးစခန်းနှင့် ပတ်သက်သည့် အကြံပြုချက်များ-

(က)    မီးဖိုကြီးရှိ အစားအသောက်များနှင့် ရေကန်များတွင် ယင်ကောင်များတွေ့ရသဖြင့် မများ စေရေး ဆောင်ရွက်သင့်ပါသည်။

( ခ )   ဆေးခန်းတွင် မိုးယိုကြောင်း သိရှိရသဖြင့် ပြုပြင်ဆောင်ရွက်သင့်ပါသည်။

၅။      အချုပ်ထောင်နှင့် ပတ်သက်သည့် အကြံပြုချက်များ-

(က)    HIV ​ရောဂါသည် အချုပ်သား ၁၀ ဦးကို ART ​ဆေးရရှိစေရေး သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

( ခ )   အမျိုးသမီးဆောင် ရေချိုးရန် နေရာသည် တောင်ကြီးဆေးတက္ကသိုလ် လူပျိုဆောင်၏ အောက်ဘက်တွင် တည်ရှိသဖြင့် မြင်ကွင်းကွယ်စေရန် အမိုး၊ အကာများ ဆောက်လုပ် ပေးသင့်ပါသည်။

( ဂ )   အိပ်ဆောင်များတွင် အဝတ်ရေစိုများ လှန်းပါက သမံတလင်းပေါ် နေလှန်းနေရကြောင်း တွေ့ရသဖြင့် အဝတ်လှန်းတန်းများ ပြုလုပ်ပေးသင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ  ၁၁  ရက်