မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၃၀/ကာကွယ်/၂၀၁၇)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ရမည်းသင်းနှင့် တောင်ငူမြို့များရှိ အကျဉ်းထောင်များ၊ ကျောက် ထုတ်စခန်းများ၊ နေပြည်တော်အချုပ်ထောင်၊ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ၂၃-၁၀-၂၀၁၇ ရက်နေ့ မှ ၂၆-၁၀-၂၀၁၇ ရက်နေ့ထိ ကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များအပေါ် လိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      ရမည်းသင်းအကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    အကျဉ်းသားအများစုတွင် ပွေး၊ ဝဲ၊ ယားနာများ ဖြစ်ပွားနေသဖြင့် ပျောက်ကင်းရန် သင့်လျော်သည့် ဆေးဝါးဖြင့်ကုသခြင်း၊ တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးစေခြင်းများ ဆောင်ရွက်စေသင့်ပါသည်။

(ခ)     အိပ်ဆောင်များတွင် ကြမ်းပိုးကိုက်သည်ဟု သိရှိရသဖြင့် ကြမ်းပိုးသတ်ဆေးများ ဖြန်းပေးသင့်ပါသည်။

(ဂ)     အကျဉ်းသား အကျဆောင်အောက်ထပ်၌ မိုးပက်သဖြင့် အဖီချခြင်း၊ ယာယီ အကာပြု လုပ်ခြင်းများ ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    တိုက်အမှတ် (၁) ရှိ ရေမြောင်းသည် ရေအိုင်နေပြီး ခြင်၊ ယင်၊ ပိုးလောက်လန်းများ ခိုအောင်းမှုမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်သောကြောင့် ရေခိုအောင်းမှု မရှိစေရေး ဆောင်ရွက်သင့်ပြီး၊ ရေမြောင်းဖုံးများ ပြုလုပ်ပေးသင့်ပါသည်။

(င)     အကျဉ်းထောင်ဆေးခန်းတွင် နေ့စဉ်ကုသနေရသည့် ရောဂါများနှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးများ ဖြည့်ဆည်းထားပေးသင့်ပါသည်။

(စ)     အကျဆောင်သည် ဝင်ဆံ့လူဦးရေထက် ကျော်လွန်၍ ထားရှိရသောကြောင့် မိလ္လာ လုံလောက်မှု မရှိသဖြင့် ထပ်မံဆောက်လုပ်ပေးသင့်ပါသည်။

(ဆ)    တက္ကသိုလ်ဝင် စာမေးပွဲ ဆက်လက်ဖြေကြားလိုသည့် အကျဉ်းသားတစ်ဦးအား ပညာဆက်လက် သင်ယူနိုင်ရေး ဆောင်ရွက် ပေးသင့်ပါသည်။

(ဇ)     နေရာ ကြပ်တည်းမှု ရှိသဖြင့် သမံတလင်းပေါ် အိပ်စက်ရသူများအတွက် ကွပ်ပျစ်များ ပြုလုပ်ပေးသင့်ပါသည်။

၃။      တောင်ငူအကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ဖယောင်းပုဆိုး ကောင်းမွန်မှု မရှိသော အချုပ်ဆောင်များတွင် အသစ် လဲလှယ်ပေး သင့် ပါသည်။

(ခ)     ကျန်းမာရေးချို့တဲ့သူများအား နေ့စဉ် သီးသန့် လမ်းလျှောက်ချိန်ပေးသင့်ပါသည်။

(ဂ)     အချုပ်ဆောင်တွင် မိုးယိုနေသဖြင့် ပြုပြင်သင့်ပါသည်။

(ဃ)    အိပ်ဆောင်များတွင် ကြမ်းပိုးသတ်ဆေး ဖြန်းပေးသည်ဟု သိရသော်လည်း ကြမ်းပိုး ကိုက်နေကြောင်း သိရှိရသဖြင့် ကြမ်းပိုးသတ်ဆေးများ ထပ်မံ ဖြန်းပေးသင့်ပါသည်။

(င)     အသက်မွေးဝမ်းကြောင်းပညာ သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးသင့်ပါသည်။

(စ)     တင်ပဆုံရိုးကျွံနေသည့် အကျဉ်းသားတစ်ဦးကို ဆေးရုံ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက် ပေးသင့်ပါသည်။

(ဆ)    အကျဉ်းသားအများစုတွင် ပွေး၊ ဝဲ၊ ယားနာများ ဖြစ်ပွားနေကြောင်း တွေ့ရသဖြင့် သင့်လျော်သည့် ဆေးဝါးဖြင့်ကုသခြင်း၊ တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးစေခြင်းများ ဆောင်ရွက်စေသင့်ပါသည်။

(ဇ)     နောက်ကျောတွင် ဘုကြီးထွက်နေသည့် အကျဉ်းသားတစ်ဦးကို လိုအပ်သလို စစ်ဆေး ပြီး ဆေးကုသပေးသင့်ပါသည်။

၄။      (၄) မိုင် ကုန်ထုတ်စခန်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    သောက်ရေသိုလှောင်ကန်သည် အလင်းရောင် ဝင်ရောက်မှု အားနည်းသဖြင့် အမိုးကို ပြုပြင် တည်ဆောက်သင့်ပါသည်။

(ခ)     ညမိလ္လာသာရှိပြီး နေ့မိလ္လာ မရှိခြင်းကြောင့် နေ့မိလ္လာများ တိုးချဲ့ဆောက်လုပ်ပေးသင့် ပါသည်။

(ဂ)     အူကျရောဂါဖြစ်နေသော အကျဉ်းသားတစ်ဦးကို ကုသနိုင်ရေး ဆောင်ရွက် ပေးသင့် ပါသည်။

(ဃ)    အခါကြီး ရက်ကြီးများတွင် ဗုဒ္ဓဘာသာဝင်များအား ဥပုသ်ဆောက်တည်ခွင့်နှင့် ဝိပဿနာ တရားစခန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးသင့်ပါသည်။

(င)     အောက်ပိုင်းချိနဲ့ရောဂါဖြစ်ပွားနေသော အကျဉ်းသားကိုဆေးရုံတက်ရောက် ကုသနိုင် ရေး ဆောင်ရွက်သင့်ပါသည်။

(စ)     စခန်းအတွင်း ခြင်ဆေးဖျန်းနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဆ)    အကျဉ်းသား ဦးရေ ၃၃၆ ဦးရှိသော်လည်း မိသားစု ညအိပ်ဧည့်တွေ့ဆောင်မှာ ၄ ခန်းသာ ရှိသဖြင့် လိုအပ်သလို တိုးချဲ့ဆောက်လုပ်ပေးသင့်ပါသည်။

၅။      ကင်းသာ (၁) ကုန်ထုတ်စခန်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    အိပ်ဆောင်များတွင် ပန်ကာများ တပ်ဆင်ပေးနိုင်ရေးအတွက် ခွင့်ပြုရန်ပုံငွေ မရှိပါက စေတနာရှင်များ၏အလှူငွေဖြင့် တပ်ဆင်ပေးသင့်ပါသည်။

(ခ)     စာကြည့်တိုက်တွင် ဗဟုသုတရစေပြီး စိတ်ကိုတိုးတက်ပြောင်းလဲစေမည့် စာအုပ် စာပေများ ဖြည့်ဆည်းပေးသင့်ပါသည်။

(ဂ)     မိသားစုညအိပ် ဧည့်တွေ့ဆောင် ကွပ်ပျစ်မှာ ၆ လက်မခန့်သာ အမြင့်ရှိသဖြင့် မြွေများ၊ ကင်းများ ခိုအောင်းခြင်းကြောင့် ၂ ပေခန့်အမြင့် ပြင်ဆင်ပြုလုပ်ပေးသင့်ပါသည်။

၆။      ကင်းသာ(၂) ကုန်ထုတ်စခန်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ခြင်ကိုက်နှုန်းများသဖြင့် ခြင်ဆေးဖြန်းသင့်ပါသည်။

(ခ)     စာကြည့်တိုက်၌ ဗဟုသုတရစေပြီး စိတ်ကိုတိုးတက်ပြောင်းလဲစေမည့် စာအုပ်စာပေ များ ဖြည့်ဆည်းပေးသင့်ပါသည်။

(ဂ)     အကျဉ်းသားအများစုတွင် ကျောက်ပွေးများပေါက်နေကြောင်း တွေ့ရှိရသဖြင့် ပျောက် ကင်းနိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဃ)    အိပ်ဆောင်များတွင် ကြမ်ပိုးကိုက်ကြောင်းသိရှိရသဖြင့် ပိုးသတ်ဆေးများ ဖြန်းပေး သင့်ပါသည်။

(င)     အစားအစာများအား ယင်လုံဇကာများ တပ်ဆင်၍ ထားရှိသင့်ပါသည်။

(စ)     မိသားစုညအိပ်ဧည့်တွေ့ဆောင် ကွပ်ပျစ်မှာ ၆ လက်မခန့်သာ အမြင့်ရှိသဖြင့် မြွေများ၊ ကင်းများ ခိုအောင်းခြင်းကြောင့် ၂ ပေခန့်အမြင့် ပြင်ဆင်ပြုလုပ် ပေးသင့်ပါသည်။

၇။      ရမည်းသင်းမြို့မ ရဲစခန်းအချုပ်ခန်းသည်  ကျားအချုပ်ခန်း အိမ်သာ တွဲလျက် ရှိသော်လည်း မအချုပ်ခန်းသည် အိမ်သာတွဲလျက်မရှိသဖြင့် အိမ်သာ သီးသန့် ဆောက်လုပ်သင့်ပါသည်။

                                                                   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ   ၁  ရက်